ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် လက်ရှိအစိုးရ နောက်ဆုံးကာလများအတွက် ပုံရိပ်ဆိုး ထင်ဟပ်စေနိုင်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။အစိုးရတပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (SSPP/SSA) တို့အကြား အောက်တိုဘာလဆန်းမှ လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့သည့်အပြင် ဒေသခံပြည်သူ တစ်သောင်းကျော် စစ်ဘေးဒုက္ခ ရောက်နေကြရသည်။ထို့ပြင် ကချင်ဒေသတွင် အစိုးရတပ်မတော် နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KIO/KIA တို့ အကြား ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အစိုးရတပ်မတော်နှင့် တအာင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ PSLF/TNLA တို့အကြားတွင်လည်း ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ပထမဆုံး နစ်နာတာက ပြည်သူပေါ့။ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်းဖြစ်နေတဲ့ ပြဿနာက နှစ်ပေါင်းငါးဆယ် ခြောက်ဆယ် ရှိပါပြီ။ ပြဿနာရဲ့ အရင်းအမြစ်ကို ကြည့်မယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲကို ပီပီပြင်ပြင် မလုပ်ဆောင်နိုင်ခဲ့လို့ပဲ။ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်ဖို့ဆိုရင် အခုပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရကလည်း အဆင်သင့်ရှိနေပြီ။ အချိန်တန်ရင် အာဏာလွှဲပြောင်းပြီးတော့ သူကိုယ်တိုင် နိုင်ငံကို ခေါင်းဆောင်ရတော့မှာ။ ဒီအနေအထားမှာ တပ်မတော်အနေ နဲ့ ထိုးစစ်ဆင်တဲ့ကိစ္စကို ဆက်လုပ်နေဦးမယ်ဆိုလို့ ရှိရင်တော့ အာဏာလွှဲပြောင်းရေးကိစ္စကို သူ့အနေနဲ့ လျစ်လျူရှုတဲ့ သဘောမျိုး သက်ရောက်နေတာပေါ့နော်။ ဒါကြောင့်မို့လို့ ပြဿ နာအရင်းအမြစ်ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကို သွားဖို့ဆိုလို့ရှိရင် လက်ရှိ တပ်မတော်အနေနဲ့ စစ်ရပ်စဲဖို့အတွက်ကို တစ်ဖက်သတ် ကြေညာသင့်ရင်လည်း ကြေညာရမှာပေါ့နော်။ အဲဒီလို လုပ်သင့်ပါတယ်” ဟု ပြောကြားသည်။ဆက်လက်၍ ဦးစိုင်းလိတ်က “အဲဒီလို စစ်ပြေငြိမ်းရေးကိစ္စကို တပ်မတော်ဘက်က မလုပ်ဘူးဆိုလို့ရှိရင် ရေရှည် တိုင်းပြည်ရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက်စေမှာပါ။ လက်ရှိအစိုးရရဲ့ နောက်ဆုံးကာလ နှစ်လ၊ သုံးလအတွင်းမှာလည်း ပုံရိပ်ဆိုးကို ထင်ဟပ်စေပါလိမ့်မယ်။ အဲဒါကြောင့်မို့လို့ တပ်မတော်အနေနဲ့ နောက်တက်မယ့် အစိုးရနဲ့ လက်တွဲညီညီ နိုင်ငံကို ကောင်းအောင် ပြုပြင်ဖို့ရည်ရွယ်ချက်ရှိတယ်ဆိုရင် လက်ရှိ တိုက်နေတဲ့ တိုက်ပွဲတွေကို ရပ်တန်းက အမြန်ဆုံးရပ်သင့်တယ်”ဟု ပြောကြားသည်။ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအပေါ် သဘောထားမှတ်ချက် ထုတ်ဖော်ပြောကြားပေးရန်လည်း ဦးစိုင်းလိတ်က တိုက်တွန်းခဲ့သည်။ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းရေး ဆောင်ရွက်ပေးရန် နှင့် စစ်ဘေးဒုက္ခသည်များအား ကူညီပေးရန် နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ မှ ခေါင်းဆောင်များတွေ့ဆုံပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ပါတီခေါင်းဆောင်များက နိုင်ငံတော်သမ္မတထံသို့ တင်ပြတောင်းဆိုခဲ့ကြသည်။
ရှမ်းနှင့် ကချင်ဒေသ တိုက်ပွဲများသည် လက်ရှိအစိုးရ နောက်ဆုံးကာလများအတွက် ပုံရိပ်ဆိုးထင်ဟပ်စေနိုင်သည်ဟု SNLD ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား















