သုံးရက်အတွင်း ဗဟိုဘဏ် သတ်မှတ် ငွေလဲနှုန်း တိုးမြှင့်သတ်မှတ်ခဲ့ပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၄ ကျပ် ဝန်းကျင်အထိ ရှိလာကြောင်း နိုင်ငံခြား ငွေကြေးလဲလှယ် ရောင်းဝယ်ရေး ဈေးကွက် အသိုင်းအဝိုင်းထံမှ စုံစမ်း သိရသည်။ဗဟိုဘဏ် သတ်မှတ် ငွေလဲနှုန်းသည် နိုဝင်ဘာ တတိယပတ် ၁၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၈၈ ကျပ်မှ ၁၇ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၈၉ ကျပ်သို့ လည်းကောင်း နိုဝင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၁ ကျပ်သို့ သုံးရက်ဆက်တိုက် တိုးမြှင့် သတ်မှတ်ခဲ့သည်။နိုဝင်ဘာ တတိယပတ် ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ တိုးမြှင့်သတ်မှတ်ခြင်းနှင့်အတူ လိုက်ပါ မြင့်တက်လာခဲ့ပြီး ၁၆ ရက် ဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၈၄ ကျပ် ဝန်းကျင်၊ ၁၇ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၈၈ ကျပ် ဝန်းကျင်မှ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၄ ကျပ် ဝန်းကျင်သို့ သုံးရက်အတွင်း ကျပ် ၁၀ ဝန်းကျင်အထိ မြင့်တက်လာခဲ့ကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ စုံစမ်း သိရသည်။နိုဝင်ဘာ ၁၈ ရက်တွင် နိုင်ငံခြား ငွေကြေး လေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၁၂၉၁ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ နှစ်သန်းကို ဝယ်ယူပြီး ပြင်ပ ဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၄ ကျပ်ဝန်းကျင် ရှိသည်။နိုဝင်ဘာ ၁၈ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၉၁ ကျပ် သတ်မှတ်ထားပြီး ပြင်ပ ငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၉၄ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၂၉၀ ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပ ဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၉၁၀ ဝန်းကျင်၊ ဝယ်ဈေး ၉၀၅ ကျပ် ဝန်းကျင်နှင့် ယူရို လဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၃၈၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၃၇၀ ဝန်းကျင်တွင် ရှိနေသည်။ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများ၌ နိုဝင်ဘာ ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၉၉ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၈၉ ကျပ် ဝန်းကျင် ရှိခဲ့သည်။တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကား ရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။
သုံးရက်အတွင်း ဗဟိုဘဏ် ငွေလဲနှုန်း တိုးမြှင့်သတ်မှတ်ခဲ့ပြီးနောက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၂၉၄ ကျပ်ဝန်းကျင်ရှိလာ










