မြန်မာနိုင်ငံတွင် ထိရောက်အောင်မြင်စွာ ရင်းနှီးမြှုပ်နှံမှုလုပ်ရန် မည်သည့်နိုင်ငံဖြစ်စေ အလိုအပ်ဆုံးကိစ္စမှာ ပြည်သူများ၏ ယုံကြည်မှုကိုရယူရန်ဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံတွင် ထိရောက်အောင်မြင်စွာ ရင်းနှီးမြှုပ်နှံမှုလုပ်ရန် မည်သည့်နိုင်ငံဖြစ်စေ အလိုအပ်ဆုံးကိစ္စမှာ ပြည်သူများ၏ ယုံကြည်မှုကိုရယူရန်ဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 19 November 2015
ဇာလီမြင့်ဦး

မြန်မာနိုင်ငံတွင် ထိရောက်အောင်မြင်စွာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မည်သည့်နိုင်ငံဖြစ်စေ အလိုအပ်ဆုံးကိစ္စမှာ ပြည်သူများ၏ ယုံကြည်မှုကို ရယူရန်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။နိုဝင်ဘာ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ဆင်ဟွာသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ အင်တာဗျူး၌ မြန်မာနိုင်ငံတွင် ထိရောက်အောင်မြင်စွာ ရင်းနှီးမြှုပ်နံှမှုလုပ်ရန် မည်သည့်နိုင်ငံဖြစ်စေ အလိုအပ်ဆုံးကိစ္စမှာ ပြည်သူများ၏ ယုံကြည်မှုကိုရယူရန်ဖြစ်ပြီး ပြည်သူများက ယင်းနိုင်ငံများနှင့် စီးပွားရေးအရ ဆက်ဆံရေးသည် မိမိတို့နိုင်ငံကို အကျိုးပြုပါလားဆိုသည်ကို သဘောပေါက်သွားပါက သဘောပေါက်သည့်အလျောက် တိုးတက်ပြီး ဆက်ဆံရေးများ ပိုမိုနွေးထွေးလာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်မှုရရှိနိုင်ပြီး မှန်ကန်စွာဖြင့် ပြည်သူလူထုဆန္ဒကို အကောင်အထည်ဖော်သည့်စနစ်အရ နိုင်ငံကို တိုးတက်အောင်လုပ်မည်ဆိုသည်ကို ပွင့်လင်းမြင်သာစွာဖြင့် ထင်ထင်သာသာပြနိုင်ပါက နိုင်ငံတကာမှလည်း ယုံကြည်မှုရှိလာပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က“ ကျွန်မတို့ကတော့ မြန်မာနိုင်ငံလွတ်လပ်ရေးရစဉ်ကတည်းက သုံးခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒက မှန်ကန်တယ်လို့ပဲ သဘောထားပါတယ်။ အဲဒီမူဝါဒအရ ကျွန်မတို့ အိမ်နီးချင်းတွေနဲ့လည်း ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ အဝေးက မိတ်ဆွေတွေ နဲ့လည်း ရင်းရင်းနှီးနှီးခင်ခင်မင်မင် ဆက်ဆံတယ်။ ဘယ်သူ့ကိုမှ ရန်သူလို သဘောမထားဘူး။ အားလုံးကို မိတ်ဆွေလို သဘောထားတယ်။ ဒီလိုကြောင့် မြန်မာနိုင်ငံဟာ အဲဒီအချိန်တုန်းက ကမ္ဘာမှာရှိတဲ့ နိုင်ငံအတော်များများရဲ့ စေတနာကို ရရှိခဲ့တယ်”ဟုလည်း ဖြေကြားသည်။ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပေါ် ထားရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မူဝါဒနှင့်ပတ်သက်၍ “တရုတ်ပြည်ဆိုတာ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တယ်ဆိုတာ အားလုံးက သိပြီးသားပါပဲ။ အိမ်နီးချင်းနိုင်ငံများရဲ့ ဆက်ဆံရေးဆိုတာဟာ အဝေးနိုင်ငံများရဲ့ ဆက်ဆံရေးထက် အများကြီး ပိုပြီးသိမ်မွေ့ပါတယ်။ သိမ်မွေ့တဲ့အလျောက် ကျွန်မတို့ဟာ ဒီဆက်ဆံရေးကို သိပ်ပြီးတော့ အလေးထားပြီးတော့ ကောင်းကောင်းမွန်မွန်၊ ထိထိရောက်ရောက်၊ တိတိကျကျ ဆက်ဆံသွားမှာပါ။ မိတ်ဖြစ်ဆွေဖြစ်ဆိုတာ ဟိုဘက်ဒီဘက် နှစ်ဖက်စလုံးက လိုလားလို့ရှိရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ကြောင်းလည်း ဖော်ပြထားသည်။လာမည့် အစိုးရသက်တမ်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေဖြင့် အဓိကဦးစားပေး လုပ်ဆောင်သွားမည့် အခန်းကဏ္ဍများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရန် အင်မတန်လိုအပ်နေသည့်နိုင်ငံဖြစ်ပြီး ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပြည်သူလူထုမှ ထောက်ခံသည်မှာ တကယ်ကို ပြုပြင်ပြောင်းလဲရေးကို လိုလား၍ဖြစ်ကြောင်း၊ စီးပွားရေးကဏ္ဍသည်လည်း စီးပွားရေးကဏ္ဍအရ၊ နိုင်ငံရေးကဏ္ဍသည်လည်း နိုင်ငံရေးကဏ္ဍအရ၊ လူမှုရေးကဏ္ဍသည်လည်း လူမှုရေးကဏ္ဍအရ အသီးသီးကို တစ်ပြိုင်တည်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။မိမိတို့အတွက် အင်မတန်မှ အရေးကြီးသည့် ငြိမ်းချမ်းရေးကိစ္စဆိုသည်ကိုလည်း တစ်ချိန်တည်း လုပ်သွားရမှာဖြစ်ကြောင်း၊ အစိုးရအဖွဲ့တစ်ခု လုပ်သည်ဆိုသည်မှာ တစ်ခုပြီးမှတစ်ခု လုပ်၍မရကြောင်းနှင့် လုပ်စရာရှိသည့်ကိစ္စများကို မျှပြီးလုပ်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟုလည်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ 

Most Read

Most Recent