(၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အကြိုရှေ့ပြေး အစည်းအဝေးများ အနေဖြင့် အာဆီယံ အကြီးတန်း အရာရှိများနှင့် အာဆီယံ အမြဲတမ်း ကိုယ်စားလှယ်များကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ Kuala Lumpur Convention Centre (KLCC) တွင် စတင်ပြုလုပ်ခဲ့သည်။ထိုအစည်းအဝေးများသည် နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည့် အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၌ ဆွေးနွေးကြမည့် အကြောင်းအရာများကို အကြို ညှိနှိုင်းခြင်း ဖြစ်သည်။မလေးရှားနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ၂၀၁၅ ခုနှစ်အတွက် တာဝန်ယူခဲ့ပြီး တစ်နှစ်တာအတွက် နောက်ဆုံး ထိပ်သီးအစည်းအဝေးအဖြစ် ယခု အစည်းအဝေးများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ယခုပြုလုပ်မည့် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတွင် အာဆီယံ အသိုက်အမြုံ၏ စုပေါင်းဘုံဈေးကွက်ကို ဆွေးနွေးရန်ရှိပြီး ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (TPPA) ဆောင်ရွက်မှုများနှင့် ချိတ်ဆက်နိုင်ရန် ကြိုးပမ်းကြမည် ဖြစ်သည်။ ထို့ပြင် ဒီဇင်ဘာ ၃၁ ရက်တွင် စတင်မည့် အာဆီယံ အသိုက်အမြုံ (ASEAN Community) ထူထောင်ခြင်း ကွာလာလမ်ပူ ကြေညာချက်ကို ယခု ကာလအတွင်း လက်မှတ်ရေးထိုးမည်ဖြစ်ပြီး အာဆီယံ၏ ၂၀၂၅ ခုနှစ် မျှော်မှန်းချက် သဘောတူညီချက် မူကြမ်းကိုလည်း လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း သိရသည်။အစည်းအဝေး အစီအစဉ်များကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အသိုက်အဝန်း အစည်းအဝေး၊ အာဆီယံ စီးပွားရေး အဆင်မြင့် အရာရှိများ၏ အကြိုအစည်းအဝေးများကို ပြုလုပ်မည် ဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်တွင် အဆိုပါ အစည်းအဝေးများ၏ နောက်ဆက်တွဲ အစည်းအဝေးများ ပြုလုပ်မည် ဖြစ်သည်။နိုဝင်ဘာ ၂၁ ရက်၌ (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး စတင်မည်ဖြစ်ကာ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများဖြစ်သော အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား အစရှိသည့် နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်မည့် အစည်းအဝေးများ ပြုလုပ်ရန်ရှိကြောင်း သိရသည်။နိုဝင်ဘာ ၂၂ ရက်တွင်မူ (၁၀) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေး၊ အာဆီယံနှင့် ဂျပန်၊ တောင်ကိုရီးယား၊ ကုလသမဂ္ဂတို့၏ ထိပ်သီး အစည်းအဝေးများ ဆက်လက် ပြုလုပ်မည်ဖြစ်ကာ အဆိုပါနေ့ ညနေပိုင်းတွင် (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ပိတ်သိမ်းမည်ဖြစ်သည်။(၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ အာဆီယံ ထိပ်သီး ခေါင်းဆောင်များအပြင် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၊ တောင်ကိုရီးယား သမ္မတ ပက်ဂွန်ဟီး၊ သြစတြေးလျ ဝန်ကြီးချုပ် မယ်ကွန်တန်ဘူ၊ ရုရှား ဝန်ကြီးချုပ် မက်ဗီဒက်၊ တရုတ် ဝန်ကြီးချုပ် လီခယ်ကျင်း၊ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးတို့လည်း တက်ရောက်ကြမည် ဖြစ်သည်။(၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် သဘောတူညီချက် ၁၈ ခု လက်မှတ်ထိုးရန် မျှော်မှန်းထားကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာနီဖာအာမင်က နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။မလေးရှား နိုင်ငံခြားရေးဝန်ကြီး၏ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၈ ရက် ညနေ ၃ နာရီက KLCC အဆောက်အအုံတွင် ပြုလုပ်ခဲ့ပြီး ထိုသတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။လက်မှတ် ရေးထိုးကြမည့် သဘောတူညီချက်များတွင် ကွာလာလမ်ပူ ကြေညာချက်နှင့် ဆက်နွှယ်နေသော လူမှုရေးရာ၊ သဘာ၀ ပတ်ဝန်းကျင်၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ ပါဝင်ပြီး အာဆီယံ-အမေရိကန်၊ အာဆီယံ+၃ ၊ အရှေ့အာရှဒေသဆိုင်ရာ မျှော်မှန်းချက်ကို နောက်ဆက်တွဲ လုပ်ဆောင်မှု အစီရင်ခံစာနှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး ပူးတွဲ ထုတ်ပြန်ချက်များလည်း ပါဝင်ကြောင်း သိရသည်။
(၂၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး အကြိုရှေ့ပြေး အစည်းအဝေးများ စတင်၊ အာဆီယံထိပ်သီး အစည်းအဝေးတွင် သဘောတူညီချက် ၁၈ ခု လက်မှတ် ရေးထိုးရန် မျှော်မှန်းထားကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား















