မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အုံ ဖွံ့ဖြိုးတိုးတက်မှုမှာ အိမ်နီးချင်းနိုင်ငံများထက်ပင် နိမ့်ကျနေဆဲဖြစ်ပြီး လာမည့် အစိုးရသစ် လက်ထက်တွင် ယင်းစိန်ခေါ်မှုအား ဖြေရှင်းရန်မှာ အဓိကကျသည့် အချက်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် အိမ်ခြံမြေအွန်လိုင်း ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် House.com.mm သတင်းထုတ်ပြန်ချက်အရ သိရသည်။“အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ နောက်ခံကျောရိုး တစ်ခုဘဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အခြားသော ဖွံ့ဖြိုးမှု လှေကားထစ်များကို တက်လှမ်းနိုင်ဖို့လည်း သူက အဓိက ကျနေပါတယ်။ နောက်တက်လာတဲ့ အစိုးရသစ် အနေနဲ့လည်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုများကို ဦးစားပေး ဆောင်ရွက်ဖို့ အရမ်းကို အရေးကြီးပါတယ်။ အခြေခံ အဆောက်အအုံဆိုတဲ့ နေရာမှာ လမ်းတံတား အဆောက်အအုံများအပြင် လျှပ်စစ်ဓာတ်အား၊ စွမ်းအင်ထုတ် စနစ်တွေ၊ သယ်ယူပို့ဆောင်ရေးတွေနဲ့ ဈေးနှုန်း သင့်တင့်မျှတပြီး ကွာလတီကောင်းတဲ့ အိမ်ရာတွေ ပါဝင်နေပါတယ်။ ဒီကဏ္ဍတွေကိုသာ မြှင့်တင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် နိုင်ငံ့ဖွံ့ဖြိုးမှုကိုပါ မြှင့်တင်ရုံ သာမက မြန်မာနိုင်ငံဟာ အအောင်မြင်ဆုံး နိုင်ငံတစ်ခုအထိ ဖြစ်သွားနိုင်ပါတယ်” ဟု House.com.mm ၏ မန်နေဂျင်း ဒါရိုက်တာ Balaji Ramaswami က ပြောကြားသည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက “The Richest” ဝက်ဘ်ဆိုက်တွင် ကမ္ဘာ့အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု အနိမ့်ပါးဆုံး ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့ကြောင်း၊ “Statista” က ထုတ်ပြန်ခဲ့သော ကမ္ဘာ့အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု အကောင်းဆုံးနိုင်ငံ ၁၀၀ တွင် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်တို့အပြင် လာအို ပီဒီအာ နိုင်ငံပင် ပါဝင်ခဲ့သော်လည်း မြန်မာနိုင်ငံ အနေနှင့် ပါဝင်နိုင်ခြင်း မရှိသေးကြောင်း သိရဖြစ်သည်။“နိုင်ငံရဲ့အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုများ အပေါ်မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တာဟာ နိုင်ငံ့အနာဂတ် ဖွံ့ဖြိုးမှုကို ရင်းနှီးမြှုပ်နှံသလိုပါပဲ။ ယခုတက်လာမယ့် အစိုးရအနေနဲ့လည်း ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေကိုလည်း အာရုံစိုက်ရမှာ ဖြစ်ပေမယ့်လည်း နိုင်ငံ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုကတော့ အလွန်ကို အရေးကြီးပါတယ်။ သို့သော်လည်းပဲ ဒီအပိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဆိုတာကလည်း အရမ်းကို ကြေးကြီးလွန်းပါတယ်။ BBC က ခန့်မှန်းချက်အရ ဆိုရင်လည်း နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံ ၄၀၀၀၀ ကုန်ကျမှာလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။“အိုင်တီ အခြေခံ အဆောက်အအုံတွေဟာ စီးပွားရေးလုပ်ငန်း အများစုအတွက် ပင်မကျောရိုး ဖြစ်လာပြီး စီးပွားရေး လုပ်ငန်းတစ်ခု စတင်ဖို့ အခွင့်အလမ်းသစ်တွေကိုလည်း နည်းလမ်းပေါင်းစုံကနေ အထောက်ကူ ပေးနေပါတယ်” ဟု Myint& Associates Con-struction Company ၏ မန်နေဂျင်း ဒါရိုက်တာ ဦးစည်သူမိုးမြင့်က ပြောကြားသည်။မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့်Japan International Cooperation Agency (JICA)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ကမ္ဘာ့ဘဏ်တို့က ကူညီပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမှာ အိမ်နီးချင်း နိုင်ငံများထက်ပင် နိမ့်ကျနေဆဲဖြစ်ပြီး လာမည့် အစိုးရသစ် လက်ထက်တွင် ယင်းစိန်ခေါ်မှုအား ဖြေရှင်းရန်မှာ အဓိကကျသည့် အချက်တစ်ခု ဖြစ်ဟုဆို










