လက်ရှိ ဘဏ္ဍာနှစ် နိုဝင်ဘာ ပထမပတ်အထိ ပြည်ပသို့ ဆန်တန်ချိန် ၅၆၀၄၆၀ တင်ပို့မှုမှ ဒေါ်လာ ၂၀၆ သန်း ရရှိထားပြီး ယခင်နှစ် ကာလတူ တင်ပို့မှုထက် တန်ချိန် ၁၆၇၀၀၀ ကျော် လျော့ကျကာ ရငွေလျော့နည်း

လက်ရှိ ဘဏ္ဍာနှစ် နိုဝင်ဘာ ပထမပတ်အထိ ပြည်ပသို့ ဆန်တန်ချိန် ၅၆၀၄၆၀ တင်ပို့မှုမှ ဒေါ်လာ ၂၀၆ သန်း ရရှိထားပြီး ယခင်နှစ် ကာလတူ တင်ပို့မှုထက် တန်ချိန် ၁၆၇၀၀၀ ကျော် လျော့ကျကာ ရငွေလျော့နည်း
Published 18 November 2015
ချမ်းမြေ့သူ

လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ ပထမပတ်အထိ ပြည်ပသို့ ဆန်တန်ချိန် ၅၆၀၄၆၀ တန် တင်ပို့မှုမှ ဒေါ်လာ ၂၀၆ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူ တင်ပို့မှုထက် တန်ချိန် ၁၆၇၀၀၀ ကျော် လျော့ကျနေပြီး ရငွေ လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ပထမပတ်အထိ ပြည်ပသို့ ဆန်တန်ချိန် စုစုပေါင်း ၅၆၀၄၆၀ တန် တင်ပို့မှုမှ ဒေါ်လာ ၂၀၆ သန်း ရရှိထားပြီး ယခင်နှစ် ကာလတူ တင်ပို့မှုမှာမူ တန်ချိန် ၇၂၇၈၉၀ တန် တင်ပို့မှုမှ ဒေါ်လာ ၂၇၅ သန်းကျော် ရရှိထားခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။သို့ဖြစ်၍ ယခင်နှစ် ကာလတူဖြင့် နှိုင်းယှဉ်ပါက တင်ပို့မှု လျော့ကျသည့် တန်ချိန် အတိအကျမှာ ၁၆၇၄၃၀ တန်ဖြစ်ပြီး ရငွေမှာ ဒေါ်လာ ၆၉ သန်း လျော့နည်း ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများအတွင်းက မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပြည်တွင်း၌ ဆန်ပြတ်လပ်မှု မရှိစေရန်နှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ်စေရန်အတွက် ပြည်ပသို့ဆန်တင်ပို့ခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ခြင်း၊ ပြန်လည်တင်ပို့ခွင့် ပြုချိန်တွင်လည်း တရုတ်ဘက်က ဈေးချဝယ်ယူချိန်ဖြစ်ကာ ပြည်တွင်း ဆန်ဈေး မြင့်နေသောကြောင့် နယ်စပ်မှတစ်ဆင့် ဆန်တင်ပို့မှု အေးခဲ့ခြင်းတို့နှင့် ရေနစ်မြုပ်မှု ရှိခဲ့သည့် စိုက်ဧကများလည်း ရှိသည့်အတွက် အထွက်နှုန်းနည်းကာ တင်ပို့မှု လျော့နည်းနိုင်ကြောင်း သိရသည်။မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များအား ပြည်ပသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းမှ တင်ပို့မှုအပြင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှလည်း တင်ပို့မှုရှိပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တင်ပို့မှု ပိုများကြောင်း သိရသည်။ပြည်ပသို့ ဆန်တင်ပို့မှု ပြုလုပ်ရာတွင် တရုတ်နိုင်ငံအပြင် ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ၊ အီတလီ၊ အင်ဒိုနီးရှား၊ စပိန်၊ ဘယ်လ်ဂျီယမ်၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ မလေးရှား၊ ကနေဒါ စသည့် နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။    ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၉၁၀၈၇ တင်ပို့မှုမှ ဒေါ်လာ ၃၀၈ သန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၃၄၂၆၅ တင်ပို့မှုမှ ဒေါ်လာ ၅၂၈ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၀၆၆၄၁၄ ခန့် တင်ပို့မှုမှ ဒေါ်လာ ၃၈၀ သန်းကျော်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၆၅၀၀၀ တန် တင်ပို့မှုမှ ရငွေ ဒေါ်လာ ၅၀၇ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပြီး ယခုနှစ်တွင် တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန် လျာထားသော်လည်း ဘဏ္ဍာနှစ်ဝက်ကျော်သည်အထိ ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန် လျော့နည်းနေကြောင်း သိရသည်။               

Most Read

Most Recent