၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် တပ်မတော်သား၂၅ ရာခိုင်နှုန်း ထွက်သွားရေး ဆန္ဒပြမှုဖြင့် တရားစွဲခံရသည့် တကသ ကျောင်းသားနှစ်ဦး၏ အမှုတွင် တရားလိုပြသက်သေအဖြစ် ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးအား စစ်ဆေး

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် တပ်မတော်သား၂၅ ရာခိုင်နှုန်း ထွက်သွားရေး ဆန္ဒပြမှုဖြင့် တရားစွဲခံရသည့် တကသ ကျောင်းသားနှစ်ဦး၏ အမှုတွင် တရားလိုပြသက်သေအဖြစ် ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးအား စစ်ဆေး
Published 18 November 2015
ဝေလင်းအောင်၊ နေမျိုးဝင်း

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြတောင်းဆိုမှုကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား နိုဝင်ဘာ ၁၇ ရက်တွင် ပန်းဘဲတန်းမြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့ရာ တရားလိုပြသက်သေအဖြစ် ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးအား စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၁ ရက်သို့ ရုံး ချိန်းချိန်းဆိုခဲ့ကြောင်း သိရသည်။
 
“အချင်းဖြစ်နေ့က စွပ်စွဲခံရသူတို့ကြောင့် လမ်းပေါ်ကဈေးသည်တွေ ဖယ်ပေးကုန်တယ်။ ပါကင်မှာ ရပ်ထားတဲ့ကားတွေ မောင်းထွက်ကုန်တယ်လို့ ရဲတပ်ဖွဲ့မှူးက ထွက်ဆိုတယ်။ အဲဒီလို ဖြစ်ပွားခဲ့မှုကို အတိအကျ သက်သေပြနိုင်သလားလို့ မေးတော့။သူ့မှာရှိတဲ့ ဓာတ်ပုံမှတ်တမ်းအချို့ကို တရားရုံးကို တင်ပြပေးပါမယ်လို့ ပြောတယ်။ ပြီးတော့ ပြည်သူတွေက သွေးထိုးလှုံ့ဆော်တာခံရတယ်လို့ ထွက်ဆိုတဲ့အတွက် သွေးထိုးလှုံ့ ဆော်ခံရတဲ့ တစ်ဦးတစ်ယောက်က တိတိကျကျ လာပြောတာမျိုး ရှိလားမေးတော့ မရှိပါဘူးလို့ ထွက်ဆိုတယ်။ ပြီးတော့ အချင်းဖြစ်နေ့နဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူတွေကို လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့က ရဲအရေးပိုင်တဲ့အမှုနှင့် တရားစွဲဆိုထားခြင်း မရှိဘူးဆိုတာ မှန်ပါသလားလို့ မေးတော့ မှန်ပါတယ်လို့ ရဲမှူးက ထွက်ဆိုပါတယ်။ စွပ်စွဲခံရသူ နှစ်ဦးလုပ်တဲ့ကိစ္စက အစိုးရလုပ်ငန်းကို ဘယ်လိုထိခိုက်မှုမျိုးရှိလဲ၊ အများပြည်သူကို ဘယ်လိုထိခိုက်စေတာရှိလဲမေးတော့ သူက သက်သေမပြနိုင်ဘူး။ တစ်နည်းအားဖြင့်ပြောရင် သူတို့က စိုးရိမ်စိတ် နဲ့ အုပ်ချုပ်ရေးအမြင်နဲ့ပြောတဲ့ အနေအထားမှာပဲရှိတယ်။ ခိုင်ခိုင်လုံလုံ အထောက်အထား မပြနိုင်သေးပါဘူး”ဟု ကိုဇေယျာလွင်၏ ရှေ့နေ ဦးကျော်ဟိုးက ပြောကြားခဲ့သည်။
 
ထို့အပြင် ကျောက်တံတားမြို့နယ် တရားသူကြီးက စွပ်စွဲခံရသူနှစ်ဦး၏ အမှုအား ပန်းဘဲတန်းမြို့နယ် တရားသူကြီးထံတွင်သာ တပေါင်းတည်းစစ်ဆေးရန် သင့်တော်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးသို့ လျှောက်ထားမှုအား ခရိုင်တရားသူကြီး အောက်တိုဘာ ၂၆ ရက်တွင် ပန်းဘဲတန်းတရားရုံး၌ တပေါင်းတည်း စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
 
“ကျောက်တံတားမြို့နယ် တရားသူကြီး ရဲ့ ပန်းဘဲတန်းတရားရုံးမှာ တပေါင်းတည်းစစ်ဖို့ ခရိုင်တရားရုံးကို လျှောက်ထားမှုကို ခရိုင် က အမိန့်ချလိုက်တာ လျှောက်ထားခံသူ ကိုဇေယျာလွင်တို့ နှစ်ဦးက မသိလိုက်ရဘူး။ အဲဒီအတွက် ကိုဇေယျာလွင်တို့ နှစ်ဦးက ခရိုင်တရားသူကြီးထံမှာ တင်ပြခွင့်မရခဲ့ဘူး။ ဒါဟာ ဥပဒေနဲ့ မညီဘူး”ဟု တရားလွှတ်တော် ရှေ့နေဦးကျော်ဟိုးက ဆက်လက် ပြောကြားခဲ့သည်။
 
(တကသ) ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ အပါအဝင် အဖွဲ့ဝင်ကျောင်းသားအချို့နှင့် ပြည်သူများပူးပေါင်း၍ ဇွန် ၃၀ ရက်က သိမ်ကြီးဈေးရှေ့မှ မြို့တော်ခန်းမရှေ့အထိ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ၂၅ ရာ ခိုင်နှုန်းထွက်သွားပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ရာ ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ကို ပုဒ်မ-၁၈၊ ပုဒ်မ-၅၀၅ (ခ) တို့ဖြင့် ပန်းဘဲတန်းမြို့နယ် တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့၌ တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုနန်းလင်းမှာ လွတ်မြောက်နေ၍ တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။
 

Most Read

Most Recent