မာန်အောင် မဲဆန္ဒနယ်တွင် အရွေးခံသော်လည်း ရှုံးနိမ့်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ပြီး ရခိုင်ပြည်သူ အကျိုးအတွက် ဆက်လက်ဆောင်ရွက်ရန် ရခိုင်ပြည်သူ တစ်ရပ်လုံး လိုလားဟုဆို

မာန်အောင် မဲဆန္ဒနယ်တွင် အရွေးခံသော်လည်း ရှုံးနိမ့်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ပြီး ရခိုင်ပြည်သူ အကျိုးအတွက် ဆက်လက်ဆောင်ရွက်ရန် ရခိုင်ပြည်သူ တစ်ရပ်လုံး လိုလားဟုဆို
Published 17 November 2015
သားရွှေဦး (ကစ္ဆပ)

မာန်အောင် မဲဆန္ဒနယ်တွင် အရွေးခံသော်လည်း ရှုံးနိမ့်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ပြီး ရခိုင်ပြည်သူ အကျိုးအတွက် ဆက်လက်ဆောင်ရွက်ရန် ရခိုင်ပြည်သူ တစ်ရပ်လုံးက လိုလားနေကြသည်ဟု သိရသည်။စစ်တွေမြို့ မြို့မိမြို့ဖ ဦးသန်းထွန်းက “ဒေါက်တာအေးမောင် ရွေးကောက်ပွဲမှာ ရှုံးသွားတာနဲ့ ပတ်သက်လို့တော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ သူဟာ လက်ရှိ အချိန်မှာ ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌတစ်ဦး ဖြစ်တယ်။ ပြီးရင် သူအခု ရှုံးသွားပေမယ့် ပါတီဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ယူပြီး လွှတ်တော် အသီးသီးမှာ ရောက်နေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ထိန်းကျောင်းရင်း ပါတီကို ယခင်ထက် စည်းလုံးညီညွတ်မှုရှိအောင် ဆောင်ရွက်မယ့် အချိန်တွေ သူ့မှာ ရရှိနေပြီ ဖြစ်ပါတယ်။ အဆိုးထဲက အကောင်းဆိုသလို သူဟာ ရခိုင်ပြည်သူတွေအတွက် ပါတီဥက္ကဋ္ဌ တာဝန်ကို ဆက်ယူစေချင်ပါတယ်” ဟု ပြောကြားသည်။ဒေါက်တာအေးမောင်အား လူထုထောက်ခံပွဲတစ်ခု ကျင်းပပြုလုပ်နိုင်ရေးအတွက် နိုဝင်ဘာ ၁၅ ရက်က စစ်တွေမြို့ အောင်မြေကုန်းကျောင်းတွင် ပြုလုပ်သည့် အစည်းအဝေး၌ ဒေါက်တာအေးမောင်အား ရခိုင်အမျိုးသားပါတီတွင် ဥက္ကဋ္ဌတာဝန်ကို ဆက်လက်ထမ်းဆောင်ရန် တောင်းဆိုမှု ပြုလုပ်ရန် တက်ရောက်လာသည့် လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူ ၆၀၀ ခန့် ဆန္ဒပြုခဲ့ကြသည်။ဒေါက်တာအေးမောင်အား လူထုထောက်ခံပွဲ ကျင်းပရေး ကော်မတီ ပြန်ကြားရေး တာဝန်ခံ ဦးအောင်ငြိမ်းလင်းက “ရခိုင်အမျိုးသားရေး တစ်ခုလုံးအတွက် ဒေါက်တာအေးမောင်ကို နိုင်ငံရေး အခင်းအကျင်းထဲမှာ ရှေ့တန်းက ရပ်တည်ပြီးတော့ ပိုမိုပြီး စွမ်းစွမ်းတမံ ဆောင်ရွက်စေလိုတယ်။ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ရခိုင်တစ်မျိုးသားလုံး အနေနဲ့၊ လူထုတစ်ရပ်လုံး အနေနဲ့ ဒေါက်တာအေးaမာင်ကို ပါတီဥက္ကဋ္ဌတာဝန် ဆက်လက်ထမ်းဆောင် စေလိုတယ်။ ရခိုင်နိုင်ငံရေး မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရေးအတွက် ရှေ့ကို ဆက်လက်ပြီး တာဝန်တွေ ထမ်းဆောင်စေလိုတယ်ဆိုတဲ့ ပြည်သူလုထု ဆန္ဒနဲ့ ထောက်ခံပွဲလုပ်ဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ထို့ပြင် ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ် ဥက္ကဋ္ဌ အဖွဲ့မှ နိုဝင်ဘာ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ကြေညာချက်တွင် ရခိုင်အမျိုးသား ပါတီ၏ အနိုင်ရရှိမှု စာရင်းအပြည့်အစုံကို ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်မှု မပြုသေးစေကာမူ ရခိုင်အမျိုးသား ပါတီသည် လွှတ်တော်သုံးရပ်၏ နေရာအသီးသီး၌ လွှတ်တော်ကိုယ်စားလှယ် အများစု အနိုင်ရရှိကြောင်း၊ မာန်အောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် (လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) ၏  ရှုံးနိမ့်မှုများသည် သက်ဆိုင်ရာ မဲဆန္ဒရှင်များ၊ မဲဆန္ဒနယ်မြေများနှင့် လုံးဝသက်ဆိုင်မှု မရှိကြောင်း၊ ထောက်ခံမဲပေးသည့် မဲဆန္ဒရှင်များကိုလည်း အထူး ကျေးဇူးတင်ကြောင်းနှင့် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီ၏ လက်ရှိတာဝန်များကို ထမ်းဆောင်၍ အမျိုးသားရေး တာဝန်များကို ဆက်လက်ဆောင်ရွက်လျက် ရှိမည်သာဖြစ်ကြောင်း ပါရှိသည်။ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည့်အတွက် ပါတီဘက်က သဘောတူလျှင် ပါတီဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်ပေးဖို့ အသင့်ရှိကြောင်း မီဒီယာအား ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။ဒေါက်တာအေးမောင်သည် လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သူဖြစ်ကာ ရွေးကောက်ပွဲအပြီး ပြည်နယ်ဝန်ကြီးချုပ် နေရာအတွက် ပါတီမှ လျာထားသည့် ပုဂ္ဂိုလ်လည်းဖြစ်သည်။

Most Read

Most Recent