ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး ဆန္ဒထုတ်ဖော်မှုကြောင့် ထိန်းသိမ်းခံနေရသည့် ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများအား လက်ရှိသက်တမ်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတထံ နိုင်ငံရေးပါတီများ တောင်းဆို

ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး ဆန္ဒထုတ်ဖော်မှုကြောင့် ထိန်းသိမ်းခံနေရသည့် ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများအား လက်ရှိသက်တမ်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတထံ နိုင်ငံရေးပါတီများ တောင်းဆို
Published 16 November 2015

ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး အတွက် ဆန္ဒထုတ်ဖော်မှုကြောင့် ထိန်းသိမ်းခံနေရသည့် ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများအား လက်ရှိသမ္မတ သက်တမ်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်မြို့၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံစဉ် သမ္မတထံသို့ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြောင်း သိရသည်။
လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) ဗဟိုကော်မတီ အဖွဲ့ဝင်တစ်ဦးက “ကျွန်မတို့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ကိုယ်စား သမ္မတကြီးကို တောင်းဆိုလိုပါတယ်။ ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး အတွက် ဆန္ဒထုတ်ဖော်ရင်း အထိန်းသိမ်းခံနေရတဲ့ ကျောင်းသားများနဲ့ နိုင်ငံရေး အကျဉ်းသားများကို သမ္မတကြီး၏ သက်တမ်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရန် လေးစားစွာ တောင်းခံအပ်ပါတယ်” ဟု ပြောကြားသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း “ကျွန်တော်တို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အနေနဲ့ သမ္မတကြီးကို အနူးအညွတ် မေတ္တာရပ်ခံလိုတာ ဖြစ်ပါတယ်။ အဲဒါကတော့ ခုနနိုင်ငံရေး ပါတီတစ်ခုက ခေါင်းဆောင်တစ်ဦး ပြောသွားသလိုပဲ အမျိုးသား ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ သမ္မတကြီးအနေနဲ့ မေတ္တာရှေ့ထားပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုလိုပါတယ်။ အခုဆိုရင် ဒီရက်ပိုင်း တစ်ရက်နှစ်ရက် အတွင်းမှာ အချို့ကျောင်းသား လူငယ်တွေဟာ အစာငတ်ခံ ဆန္ဒပြတာတွေ လုပ်နေကြတယ်။ အချို့ဆိုရင် ရန်ကုန်ဆေးရုံကြီးမှာလည်းပဲ ရောက်နေတယ်လို့ မီဒီယာတွေမှာ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်းပဲ သမ္မတကြီးအနေနဲ့ တတ်နိုင်သမျှ သမ္မတကြီးရဲ့ လုပ်ပိုင်ခွင့်နဲ့ သမ္မတကြီးရဲ့ သက်တမ်းအတွင်းမှာ ဖြေရှင်းပေးဖို့ အနူးအညွတ် မေတ္တာရပ်ခံကြောင်း ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။
နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၏ တင်ပြမှုများနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတအနေဖြင့်  အသေးစိတ် ပြန်လည် ဖြေကြားပေးခဲ့ခြင်း မရှိဘဲ ဥပဒေနှင့်အညီ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနိုင် သည်များကို ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။
ထိန်းသိမ်းခံနေရသည့် ကျောင်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး တောင်းဆိုမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “ဒါကတော့ သမ္မတကြီး သူပြန်စဉ်းစားမှာပေါ့။ ဒါပေမဲ့ တရားရုံးမှာ ရှိနေသေးရင်တော့ သမ္မတကြီးက ဝင်လို့မရဘူးလေ။ သူတို့တောင်းဆိုတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တို့ဆိုတာ တရားရုံးကိစ္စပြီးမှ လုပ်လို့ရတာကိုး” ဟု မီဒီယာများကို ပြန်လည်ဖြေကြားသည်။
ထိုသို့ အထိန်းသိမ်းခံ ကျောင်းသားများအနက် ကျောင်းသားအချို့သည် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် တောင်းဆိုသည့် လှုပ်ရှားမှုတစ်ခုအဖြစ် အစာငတ်ခံ ဆန္ဒပြခဲ့ရာ အချို့မှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။
အစာငတ်ခံ ကျောင်းသားများ၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ဂုဏ်ယူကြောင်း၊ သို့သော် အပြောင်းအလဲ ကာလတွင် မလိုလားအပ်သော ပြဿနာများ  ပေါ်ပေါက်လာမည်စိုး၍ အစာငတ်ခံ ဆန္ဒပြမှုနေမှုကို ရပ်တန့်ပေးရန် မေတ္တာရပ်ခံကြောင်း ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားကို NLD ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ကျောင်းသားများထံသို့ နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံပြောကြား သွားကြောင်း သိရသည်။

Most Read

Most Recent