အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီများ ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေးဆွဲရေး စတင်ဆွေးနွေးမှု ယခုလ နောက်ဆုံးပတ် စတင်နိုင်ရေး ဆောင်ရွက်နေ

အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီများ ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေးဆွဲရေး စတင်ဆွေးနွေးမှု ယခုလ နောက်ဆုံးပတ် စတင်နိုင်ရေး ဆောင်ရွက်နေ
Published 13 November 2015
အောင်ဇော်ထွန်း

အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ရေးဆွဲရေး စတင်ဆွေးနွေးမှုကို ယခုလ နောက်ဆုံးပတ်တွင် စတင်ပြုလုပ်နိုင်ရေး ဆောင်ရွက်နေကြောင်း အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့၏ အလုပ်အဖွဲ့ဖြစ်သော Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။
နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ဦးဆောင်ရမည့် တာဝန်ရှိသော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို  လက်ရှိတွင် အစိုးရကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်  ၁၆ ဦး ရွေးချယ်နိုင်ရေးကို နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့၌ ဆွေးနွေးခဲ့သော်လည်း ဆုံး ဖြတ်နိုင်ခြင်း မရှိ၍ UPDJC တွင် ပါဝင်မည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ရွေးချယ်မှုကို နိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဦးအောင်နိုင်ဦးက “သူတို့ကိုယ်တိုင် လာမယ့် ၂၁ ရက်မှာ တရားဝင် ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီရန်ကုန်တိုင်း အစိုးရရုံးမှာပါ။ တရားဝင် ရွေးချယ်ရေးလုပ်မှာပါ။ ဆိုတော့ UPDJC က အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်း သားတွေက ဖွဲ့ထားပြီးသား ဖြစ်နေတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကလည်း ၁၆ ယောက် ဖြစ်တဲ့အတွက် အစိုးရကလည်း  ၁၆ ယောက် နိုင်ငံရေးပါတီကလည်း ၁၆ ယောက်။ ၂၁ ရက်မှာ သူတို့ ကိုယ်စားလှယ် ရွေးလိုက်မယ်။ ရွေးပြီးလို့ရှိရင် ရွေးပြီးတဲ့ ၁၆ ယောက် သုံးပွင့်ဆိုင်ကနေ ပြီးတော့မှ မူဘောင်ကိစ္စကို ကျွန်တော်တို့ မူဘောင်လုပ်လာတာ နှစ်နှစ်ခွဲလောက်ရှိပြီ။ အဲဒါကို ကျွန်တော်တို့ မှန်းတာတော့ ၂၄ ရက်နေ့လောက် တရားဝင် သို့မဟုတ် အလွတ်သဘောပဲ ဖြစ်ဖြစ် ဒါကို စပြီး ဆွေးနွေးဖို့ ပြင်နေတာ”ဟု ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့ရာ NCA ပါ အချက်များကို အကောင်အထည် ဖော်ရမည့် လုပ်ငန်းစဉ်များအရ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို အပြီးရေး ဆွဲရမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရေးဆွဲနိုင်ရေးတွင် လတ်တလောတွင် အခက်အခဲများ ရှိနေကြောင်း၊ ထို့ပြင် NCA တွင် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များစွာ ကျန်ရှိနေသေးကြောင်း သိရသည်။
“လက်နက်ကိုင် အင်အားစု ၁၆ ဖွဲ့ရှိတယ်။ အစိုးရ သတ်မှတ်ထားတဲ့ အဲဒီ ၁၆ ဖွဲ့ အပေါ်မှာ မူတည်ပြီးတော့ ၁၆ ယောက်လုပ်ထားတာ။ ဒါကလည်း အသေမဟုတ်သေး ဘူး။ တကယ်လို့ အားလုံးက ညှိပြီးတော့မှ ထပ်ဖြည့်ချင်တယ်။ ထပ်လျှော့သင့်တယ် ဆိုရင်လည်း လုပ်လို့ရတယ်။ ဘာမှ အသေမဟုတ်ဘူး။ ဥပမာဆိုပါတော့ဗျာ၊ နောက်တစ်ဖွဲ့က လက်မှတ်ထိုးလာရင် သူတို့ထဲမှာ  ပြန်ညှိပြီးတော့ သူတို့ထဲမှာ အလျှော့အတင်း လုပ်ရမှာပေါ့။ လောလောဆယ်တော့ ဒီရှစ်ဖွဲ့ထဲက ကိုယ်စားလှယ်တွေပဲ” ဟု ဦးအောင် နိုင်ဦးက ပြောကြားသည်။
UPDJC တွင် နိုင်ငံရေးပါတီများဘက်မှ ကိုယ်စားလှယ် ၁၆ ဦးကို ရွေးချယ်ရာတွင် နိုင်ငံရေးပါတီ ၉၀ ကျော်ရှိနေ၍ ကိုယ်စားပြု  ရွေးချယ်ရမည့် နည်လမ်းများကို ဆွေးနွေးခဲ့သော်လည်း ရွေးချယ်ရာတွင် အခက်အခဲ များရှိနေကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးစိုင်းကျော်ညွန့်က “ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပင်မ အရင်းအမြစ် ပြဿနာက တန်းတူရေးပဲလေ။ တန်းတူရေးဆိုတော့ ကျွန်တော်တို့ SNLD က ရှစ်ယူနစ်ဆိုတဲ့ မူဝါဒအပေါ်မှာရှိတော့ အဓိက အရေးကြီးတာကတော့ လူမျိုး အစုအဖွဲ့ ရှစ်ဖွဲ့ပါဝင်မယ်။ ပြီးရင် ဒီလူမျိုးကြီး ရှစ်ဖွဲ့ထဲမှာလည်း တခြားလူဦးရေ နည်းတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ အဲဒီလို အဖွဲ့အစည်းတွေလည်း ပါဝင်စေသင့်တယ်။ ပြီးတော့ အရေးကြီးတာက ပါတီအရမ်းကြီးတဲ့ USDP လိုမျိုး။ သူက လက်ရှိအစိုးရပေါ့နော်။ ပြီးတော့ NLD လိုမျိုး။ ဒါက တစ်နိုင်ငံလုံးကို တကယ့်ကို လွှမ်းခြုံနိုင်တဲ့ အဖွဲ့အစည်းတွေက ဒီမှာ ပါဝင်သင့်တယ်။ ဘာကြောင့်လဲဆိုရင် UPDJC သည် သူကငြိမ်းချမ်းရေး ဖြစ်စဉ် နိုင်ငံရေးရော နှစ်ခုစလုံးကို သူက စောင့်ကြည့်ရမယ့် ကော်မတီလို ဖြစ်တယ်။ အဲဒီတော့ ပြဿနာ  တစ်စုံတစ်ရာ တက်ခဲ့ရင် ဘာမှ ကိုယ်စားပြုမှု မရှိဘူးဆိုရင် ဒီ ၁၆ မှာ ပါမယ်ဆိုရင် သိပ်တော့ မထူးဘူးလေ။ တကယ်တမ်းပါဝင်တဲ့ သူက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်စေ၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူ လူထုအပေါ်မှာဖြစ်စေ ကိုယ်စားပြုမှု ကြီးမားတဲ့သူတွေ များများပါတယ်ဆိုရင်တော့ ပဋိပက္ခ ဖြေရှင်းရာမှာ ပိုပြီးတော့ လွယ်ကူမယ်၊ အထောက်အကူပြုမယ်လို့ မြင်ပါ တယ်” ဟု ပြောကြားသည်။

Most Read

Most Recent