၂၀၁၃ ခုနှစ်တွင် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့သည့် ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုအနက် Pillar of Truth ကုမ္ပဏီမှာ ယခုအချိန်အထိ လုပ်ငန်း စတင်ရန် မ,တည်ရင်းနှီးငွေ ထည့်ဝင်ခြင်းမရှိ

၂၀၁၃ ခုနှစ်တွင် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့သည့် ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုအနက် Pillar of Truth ကုမ္ပဏီမှာ ယခုအချိန်အထိ လုပ်ငန်း စတင်ရန် မ,တည်ရင်းနှီးငွေ ထည့်ဝင်ခြင်းမရှိ
Published 13 November 2015
သက်ထား

၂၀၁၃ ခုနှစ်တွင် မြန်မာ့အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ လုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့သော ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုအနက် Pillar of Truth အာမခံ ကုမ္ပဏီမှာ ယခုအချိန်အထိ မ,တည်ရင်းနှီးငွေ ထည့် ဝင်ခြင်း မရှိသေးကြောင်း မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်တွင် ပုဂ္ဂလိကအာမခံ ကုမ္ပဏီများကို လုပ်ငန်းလုပ်ကိုင်ခွင့် ပြုခဲ့ပြီး  ၂၀၁၃ ခုနှစ်တွင် မ,တည်ရင်းနှီးငွေ ထည့်ဝင်ပြီးသည့် ကုမ္ပဏီများကို လုပ်ငန်းလိုင်စင် စတင်ချထားပေးခဲ့သည်။ ယင်းသို့ ခွင့်ပြုခဲ့သည့်အချိန်မှစ၍ ပုဂ္ဂလိကအာမခံ ကုမ္ပဏီ တစ်ခုဖြစ်သည့် Pillar of Truth အာမခံ ကုမ္ပဏီမှာ ယခုအထိ မ,တည်ရင်းနှီးငွေ ထည့်ဝင်ခြင်း မရှိသေးကြောင်း သိရသည်။
"မ,တည် ရင်းနှီးငွေ ထည့်ဝင်ဖို့ ကျန်တဲ့ ကုမ္ပဏီကို အကြောင်းကြားစာတွေလည်း ပို့ထားပါတယ်။ ခုချိန်ထိတော့ မ,တည်ရင်းနှီးငွေ ထည့်ဝင်ပေးနိုင်ခြင်း မရှိသေးပါဘူး။ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခု ရောက်ရင် လုပ်ငန်းလုပ်ခွင့်ကို ရုပ်သိမ်းသွားမှာပါ။ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့တဲ့ ကုမ္ပဏီ ၁၂ ခုမှာ ၁၁ ခုပဲ လုပ်ငန်းလည်ပတ်လျက် ရှိပေမယ့် ထပ်ပြီးတော့ လုပ်ငန်းလိုင်စင် ချထားပေးဖို့မရှိပါဘူး"ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာ့အာမခံလုပ်ငန်းမှ ပုဂ္ဂလိကကုမ္ပဏီများသို့ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် လျှောက်လွှာများကို ၂၀၁၂ ခုနှစ် မေ ၁ ရက်တွင် စတင်ရောင်းချခဲ့သည်။ လျှောက်လွှာပေါင်း ၁၅၀  ရောင်းချခဲ့ရပြီး ကုမ္ပဏီ ၂၀ သာလျှင် လုပ်ကိုင်ခွင့်လျှောက်လွှာ ပြန်တင်ခဲ့သည်။ ယင်းကုမ္ပဏီ ၂၀ အနက် စည်းကမ်းချက်နှင့် ကိုက်ညီသော ကုမ္ပဏီ ၁၂ ခုကို လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့အာမခံလုပ်ငန်းမှ ပုဂ္ဂလိက အာမခံကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပြုခဲ့ရာတွင် အသက်အာမခံ သီးသန့်လုပ်ကိုင်သည့် ကုမ္ပဏီသုံးခုနှင့် အထွေထွေအာမခံ လုပ်ကိုင်သည့် ကုမ္ပဏီ ကိုးခု၊ စုစုပေါင်း ၁၂ ခုကို လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လုပ်ကိုင်ခွင့်ပြုရာတွင် မ,တည် ရင်းနှီးငွေအဖြစ် အထွေထွေနှင့် အသက်အာမခံအတွက် ကျပ်ငွေ သန်း ၄၆၀၀၀၊ အသက်အာမခံအတွက် ကျပ်သန်း ၆၀၀၀  ဖြင့် မ,တည် ထည့်ဝင်ထားကြောင်း သိရသည်။
အဆိုပါငွေ၏ ရာခိုင်နှုန်း ၆၀ ကို လုပ်ငန်း အထွေထွေစရိတ်အတွက် သုံးစွဲခွင့်ရှိပြီး ကျန်ရာခိုင်နှုန်း ၄၀ မှာ လျော်ကြေးငွေများ ပေါ်ပေါက်လာပါက ဖြေရှင်းပေးနိုင်ရန် မြန်မာ့အာမခံတွင် အပ်နှံထားရသည်။
အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရခဲ့သည့်  ကုမ္ပဏီများမှာ First National Insurance, IKBZ Insurance, Young Insurance Glo-bal, Capital Life Insurance,Grand Guar-dian Insurance, Global World Insurance, Excellent Fortune Insurance, အောင်သစ္စာဦး အာမခံကုမ္ပဏီ၊ နိုင်ငံသားစီးပွားရေး အများပိုင်ကုမ္ပဏီ၊ ဧရာမြန်မာ အာမခံကုမ္ပဏီ၊ အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီနှင့် Pillar of Truth Insurance ကုမ္ပဏီတို့ကို ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

Most Read

Most Recent