နိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီကို အချိန်မီ ဖွဲ့စည်းနိုင်ရေး နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အမြန်ဆုံး ရွေးချယ်ပေးရန် အစိုးရ ကိုယ်စားလှယ် တိုက်တွန်း

နိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီကို အချိန်မီ ဖွဲ့စည်းနိုင်ရေး နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အမြန်ဆုံး ရွေးချယ်ပေးရန် အစိုးရ ကိုယ်စားလှယ် တိုက်တွန်း
Published 13 November 2015
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ် လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ရေးဆွဲကာ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရမည်ဟု NCA တွင် သတ်မှတ်ထားရာ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ဦးဆောင်ရမည့် တာဝန်ရှိသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို အချိန်မီ ဖွဲ့စည်းနိုင်ရေး နိုင်ငံရေးပါတီများဘက်က ကိုယ်စားလှယ်များ အမြန်ဆုံး ရွေးချယ်ပေးရန် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၁၂ ရက်တွင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားသည်။အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ အချိုးကျစီ ပါဝင်သော UPDJC ဖွဲ့စည်းနိုင်ရေး ဆွေးနွေးပွဲကို UPWC နှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ်ရေးထိုးခဲ့ပြီး NCA ရေးထိုးပြီး ၁၄ ရက်အတွင်း ခေါ်ယူရမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက် များတွင် နေပြည်တော်၌ ကျင်းပ၍ NCA စာချုပ်ပါ ကော်မတီများဖြစ်သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) နှင့် UPDJC ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။UPDJC ဖွဲ့စည်းရာတွင် အစိုးရဘက်က ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်က ၁၆ ဦးတို့ကို သတ်မှတ်ပြီး ဖြစ်သော်လည်း နိုင်ငံရေးပါတီ ကိုယ်စားပြု ပုဂ္ဂိုလ်များ သတ်မှတ်ရေးကို ယခုမှ စတင်ဆွေးနွေးနေခြင်းဖြစ်သည်။ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များမှ တစ်ဆင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတော်ကို တည်ဆောက်သွားမှာ ဖြစ်တဲ့အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် UPDJC ကို NCA အရ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ NCA စာချုပ်ထဲမှာ ပါတဲ့အတိုင်း နိုင်ငံရေး မူဘောင်တွေကို ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရက်ပေါင်း ၉၀ အတွင်း ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် UPDJC ကို အချိန်မီ ဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ အစိုးရအနေနဲ့ ကျန်ရှိနေတဲ့ အစိုးရသက်တမ်းမှာ NCA စာချုပ်ကို မချိုးမဖောက်ဘဲနဲ့ အကောင်အထည်ဖော်သွားဖို့ သန္နိဋ္ဌာန် ချမှတ်ထားပါတယ်။ ဒီအတိုင်း ဆက်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လမှာ တက်လာမယ့် နောက်အစိုးရ အနေနဲ့လည်း ဆက်လက်ပြီး လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်အောင် အခြေခံအုတ်မြစ်တွေ ချသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးပါတီများ အနေနဲ့ အခုလို ညှိနှိုင်းဆွေးနွေးပွဲကတစ်ဆင့် UPDJC အတွက် ကိုယ်စားလှယ် ၁၆ ဦးကို အမြန်ဆုံး ရွေးချယ်ပေးကြပါလို့ တိုက်တွန်းပါတယ်” ဟု ပြောကြားသည်။NCA လက်မှတ် ရေးထိုးမှုကို အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့ရာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး ရေးဆွဲရမည် ဖြစ်သကဲ့သို့ ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထားပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်ကျင်းပနိုင်ရမည် ဖြစ်သော်လည်း သတ်မှတ်အချိန်အတိုင်း အကောင်အထည်ဖော်ရန်မှာ အခက်အခဲများ ရှိနေကြောင်း သိရသည်။လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့အနက် ရှစ်ဖွဲ့သာ NCA တွင် ပါဝင်လက်မှတ်ရေးထိုး ထားနိုင်သေးပြီး လက်မှတ်ထိုးရန် ကျန်နေသည့် အဖွဲ့များ UPDJC တွင် ပါဝင်ခွင့် ရမှသာ ပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင် ဖြစ်မည်ဟု NCA တွင် ပါဝင်လက်မှတ်ထိုးခဲ့သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားထားသည်။ယခု ပြုလုပ်သည့် အစိုးရနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များပါဝင်သော UPDJC အစည်းအဝေးတွင် တပ်မတော် ကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက “ကျွန်တော်တို့ တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေးနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေး၊ ဒို့တာဝန် အရေးသုံးပါးနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ တိုင်းပြည်စည်းလုံး ညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့မှ ထာဝရငြိမ်းချမ်းရေး ရသည်အထိ ဆက်လက်ဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စသဖြင့် တိုင်းပြည်ရဲ့ ကျရာတာဝန်များကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ NCA စာချုပ်နဲ့ ပတ်သက်ပြီးတော့ အောက်တိုဘာ ၁၅ ရက်မှာ နိုင်ငံတော် သမ္မတကြီး အမှူးပြုတဲ့ နိုင်ငံတော် အကြီးအကဲများ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ NCA စာချုပ် လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်းမှာ သတ်မှတ်ရက်များအလိုက် ဆောင်ရွက်ရမယ့် လုပ်ငန်းများကို တပ်မတော် အနေနဲ့ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ NCA စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက် အတိုင်းများလည်း လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားသည်။အဆိုပါ အစည်းအဝေးသို့ နိုင်ငံရေးပါတီ ၉၁ ပါတီသို့ ဖိတ်ကြားခဲ့ရာ ရွေးကောက်ပွဲတွင် နေရာများစွာ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားလှယ် အပါအဝင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ 

Most Read

Most Recent