ဒဂုံအရှေ့ မြို့နယ်အတွင်း အငှားယာဉ်မောင်းအား လက်ပြန်ကြိုး တုပ်ကာ ဓားဖြင့် ထိုးသတ်သည့် ကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိ

ဒဂုံအရှေ့ မြို့နယ်အတွင်း အငှားယာဉ်မောင်းအား လက်ပြန်ကြိုး တုပ်ကာ ဓားဖြင့် ထိုးသတ်သည့် ကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိ
Published 30 October 2015
မင်းသိန်းနိုင်

ဒဂုံအရှေ့ မြိုနယ်၌ အငှားယာဉ်မောင်းအား လက်ပြန်ကြိုး တုပ်ကာ ဓားဖြင့် ထိုးသတ်ခဲ့သည့် ကျူးလွန်သူ သုံးဦးအား ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အောက်တိုဘာ ၃၀ ရက်တွင် စုံစမ်း သိရှိရသည်။
အောက်တိုဘာ ၂၇ ရက် နံနက် ၈နာရီခွဲ ခန့်တွင် သာကေတ မြို့နယ်၊ ၇ ရပ်ကွက်နေ ကို . . . .  (၃၉)နှစ်သည် ၎င်း၏ ကယ်ဒီနား အငှားယာဉ်ဖြင့် တက္ကစီ ဆွဲရန် ထွက်သွားခဲ့ပြီး ည ၁၀ နာရီအထိ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ဇနီးဖြစ်သူက ဖုန်းဖြင့် ဆက်သွယ်ရာ မရသဖြင့် အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီခန့်တွင် သာကေတ နယ်မြေရဲစခန်း၌ လူပျောက် တိုင်တန်းခဲ့ကြောင်း၊ ရဲတာဝန်ရှိသူများက စုံစမ်းရာ ဒဂုံအရှေ့ မြို့ နယ်၊ စက်မှုဇုန်၊ မြတောင်ဝန်ကြီး ဦးမှိုလမ်း နံဘေးတွင် အဆိုပါ ယာဉ်နှင့်တူသည့် ယာဉ်တစ်စီး ရပ်ထားကြောင်း သိရသဖြင့် သွားရောက် စစ်ဆေးကာ လူပျောက်တိုင်တန်းသည့် ဇနီးဖြစ်သူကို ခေါ်ဆောင်၍ ပြရာ အဆိုပါ ပျောက်ဆုံးနေသည့် ယာဉ်ဖြစ်ကြောင်း အတည်ပြုခဲ့ကြောင်း သိရသည်။
ယင်းနောက် ရဲတာဝန်ရှိသူများက ယာဉ်၏ လော့ချထားသော မှန်နှင့် တံခါးများအား ဖျက်၍ ကြည့်ရာ ကို . . . . မှာ ယာဉ်ရှေ့ခန်း ထိုင်ခုံပေါ်တွင် ဦးခေါင်းတင်လျက် လက်နှစ်ဖက်အား ပလတ်စတစ် ကြိုးဖြင့် နောက်ပြန်ကြိုး ချည်ထားကြောင်း တွေ့ရကာ ဝဲယာလည်ကုပ်နှင့် လည်ပင်း၊ နံကြားတို့တွင်လည်း ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ ရကြောင်း သိရသည်။
ထို့နောက် အဆိုပါ ဖြစ်စဉ်ကို အမှုဖွင့်၍ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ မသင်္ကာသည့် ဒဂုံဆိပ်ကမ်း မြို့နယ်နေ မသင်္ကာသူ သက်ပိုင်မှူးနှင့် ဝေယံထွန်းဆိုသူ တို့ကို အောက်တိုဘာ ၂၈ ရက်တွင် လည်းကောင်း၊ အောက်တိုဘာ ၂၉ ရက်တွင် သာကေတမြို့နယ်နေ သန့်ဇင်ဆိုသူတို့အား စစ်ဆေးခဲ့ရာ အောက်တိုဘာ ၂၆ ရက်တွင် သာကေတ မြို့နယ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် သုံးယောက်အတူ ထိုင်ခဲ့ပြီး သန့်ဇင်မှ အငှားယာဉ်မောင်းရန် ပေးထားသော စပေါ်ငွေများအား ယာဉ်ပိုင်ရှင် ကို. . . . ထံပြန်တောင်းစဉ် ကို. . . . မှ မချေမငံ ရိုင်းပျစွာ ပြောဆိုသည့် ကိစ္စကို မကျေနပ်၍ ကျူးလွန်ရန် ကြံစည်ခဲ့ကြသည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။
ယင်းသို့ ကျူးလွန်ရန်အတွက် ဒဂုံအရှေ့ မြို့နယ် စက်မှုဇုန် အတွင်းရှိ လူသွားလူလာ ပြတ်သော နေရာအား ဝေယံထွန်းမှ ရွေးချယ် စောင့်ဆိုင်း၍ သက်ပိုင်မှူးမှ ကို . . . . ၏ ကားအား ငှားစီးဟန်ဆောင်၍ ခေါ်ခဲ့ပြီး သန့်ဇင်မှာ အခြားယာဉ်ဖြင့် နောက်မှ လိုက်လာခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ကျူးလွန်ပြီးနောက်  လူပြတ်သည့် အခြားနေရာသို့ ယာဉ်နှင့် အလောင်းထားခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့ကြသည်။
အဆိုပါ ဖြစ်စဉ်မှ ကျူးလွန်သူ သုံးဦးအား ဥပဒေအရ ဆက်လက် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
        

Most Read

Most Recent