ပရီးမီးယားလိဂ် ဂိုးသွင်းသူရဲ မန်ယူတိုက်စစ်မှူး ရွန်နီရဲ့ အသက် ၃၀ အလွန် ပထမဆုံးပွဲစဉ် ဖြစ်လာမယ့် မန်ချက်စတာဒါဘီ

ပရီးမီးယားလိဂ် ဂိုးသွင်းသူရဲ မန်ယူတိုက်စစ်မှူး ရွန်နီရဲ့ အသက် ၃၀ အလွန် ပထမဆုံးပွဲစဉ် ဖြစ်လာမယ့် မန်ချက်စတာဒါဘီ
Published 24 October 2015

မန်ယူတိုက်စစ်မှူး ရွန်နီက စနေ(ယနေ့) မှာ အသက် ၃၀ ပြည့်မြောက်ပြီး တနင်္ဂနွေမှာ ကစားရမယ့် မန်ချက်စတာဒါဘီက သူ့အတွက် အသက် ၃၀ အလွန် ပထမဆုံး ကစားရမယ့်ပွဲ ဖြစ်လာပါတယ်။ ရွန်နီဟာ ပရီးမီးယားလိဂ် ဂိုးပေါင်း ၁၈၇ ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ် သမိုင်းမှာ အသက် ၃၀ မတိုင်ခင် ရွန်နီလောက် ဂိုးသွင်းနိုင်တဲ့ ကစားသမားမရှိပါဘူး။ ပရီးမီးယားလိဂ် ဂိုးသွင်းသူရဲ ရွန်နီဟာ မန်ချက်စတာဒါဘီ ပွဲစဉ်တွေမှာလည်း ပြိုင်ပွဲစုံ ၁၁ ဂိုးသွင်းပြီး ထိပ်တန်း ဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။ ရွန်နီဟာ ရာသီအစမှာ ရုန်းကန်ခဲ့ရပေမယ့် မန်ချက်စတာဒါဘီအမီ ဂိုးသွင်းခြေ ပြန်တွေ့လာပါတယ်။ ပရီးမီးယားလိဂ် ဦးဆောင်သူ မန်စီးတီးအသင်းခံစစ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ရွန်နီ ထိုးဖောက် ဂိုးသွင်းနိုင်မလား စောင့်ကြည့်ရမှာပါ။
■ဝက်စ်ဟမ်း နှင့် ချယ်လ်ဆီး
(၂၄-၁၀-၁၅ စနေ ည ၈း၃၀ )
ယမန်နှစ်ရလဒ် ဝက်စ်ဟမ်း ဝ-၁ ချယ်လ်ဆီး
ဝက်စ်ဟမ်းက ချယ်လ်ဆီးနဲ့ ကစားရတဲ့ လန်ဒန်ဒါဘီမှာ ရလဒ်ပိုင်း အရမ်းညံ့ပါတယ်။ ချယ်လ်ဆီးနဲ့ နောက်ဆုံး ၁၈ ပွဲမှာ ဝက်ဟမ်း တစ်ပွဲပဲ အနိုင်ရပြီး ၁၄ ပွဲရှုံးတယ်။ နောက်ဆုံး ငါးပွဲမှာလည်း ဝက်စ်ဟမ်းက ချယ်လ်ဆီးကို ဂိုး မသွင်းနိုင်ခဲ့ဘူး။ ဒါပေမဲ့ လက်ရှိခြေစွမ်းအရတော့ မန်စီးတီးပြီးရင် ဝက်စ်ဟမ်းတိုက်စစ်က အကောင်းဆုံးပဲ။ သရေကျဖို့များပါတယ်။
■လက်စတာ နှင့် ခရစ္စတယ်ပဲလေ့စ်
(၂၄-၁၀-၂၀၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် လက်စတာ ဝ-၁ ပဲလေ့စ်
ကြည့်ကောင်းဦးမယ့် လန်ဒန်မြို့ခံချင်း တွေ့ဆုံမှုပါ။ လက်စတာ တိုက်စစ်က အသင်းမရွေးဘဲ အနိမ့်ဆုံး နှစ်ဂိုးသွင်းနေတယ်။ ပဲလေ့စ်ကလည်း အဝေးကွင်းပွဲတွေမှာ ခြေပိုတွေ့တတ်ပြီး နောက်ဆုံး ၁၂ ပွဲမှာ ကိုးပွဲအထိ အနိုင်ရခဲ့တယ်။ အစဉ်အလာပိုင်းမှာ ပဲလေ့စ်သာပေမယ့် အိမ်ရှင်ဖြစ်ပြီး ခြေစွမ်းလည်း ပိုကြိုက်တဲ့ လက်စတာကို ရွေးချယ်ထားတယ်။
■အက်စတွန်ဗီလာ နှင့် ဆွမ်ဆီး
(၂၄-၁၀-၂၀၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် ဗီလာ ဝ-၁ ဆွမ်ဆီး
အက်စတွန်ဗီလာကတော့ ဘယ်ဘက်က ကြည့်ကြည့် အားရစရာမရှိဘူး။ ငါးပွဲဆက် ရှုံးထားပြီး အိမ်ကွင်းနောက်ဆုံး ငါးပွဲမှာလည်း လေးပွဲက ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဆွမ်ဆီးအသင်းနဲ့ နောက်ဆုံး ရှစ်ကြိမ်တွေ့ဆုံမှုမှာလည်း ဗီလာနိုင်ပွဲ တစ်ပွဲပဲရှိခဲ့တယ်။ နောက်ဆုံး သုံးပွဲစလုံးကို ရှုံးတယ်။ ဆွမ်ဆီးလည်း ရုန်းကန် နေရပေမယ့် ဒီပွဲမှာ အနိမ့်ဆုံးသရေပါ။ 
■စတုတ်စီးတီး နှင့် ဝက်ဖို့ဒ်
(၂၄-၁၀-၂၀၁၅ စနေ ည ၈း၃၀)
နောက်ဆုံးတွေ့ဆုံမှု  စတုတ်စီးတီး ဝ-၀ ဝက်ဖို့ဒ်
စတုတ်စီးတီး သုံးပွဲဆက်နိုင်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်နေပါတယ်။ ခံစစ်ပိုင်းလည်း မာကျောလာပြီး Clean Sheet တွေရလာတယ်။ ဝက်ဖို့ဒ်ကတော့ တိုက်စစ်မှူး အီဂါလိုမှ ဂိုးမသွင်းရင် ဂိုးရဖို့ ကမ်းမမြင် လမ်းမမြင် ဖြစ်တတ်ပါတယ်။ နောက်ဆုံးငါးပွဲ တွေ့ဆုံမှုမှာ ဝက်ဖို့ဒ် မရှုံးခဲ့ပေမယ့် ဒီပွဲမှာတော့ စတုတ်စီးတီးပဲ အနိုင်ရဖို့များတယ်။      
■နောဝစ်ချ် နှင့် ဝက်စ်ဘရွန်း
(၂၄-၁၀-၂၀၁၅ စနေ ည ၈း၃၀)
နောက်ဆုံးတွေ့ဆုံမှု နောဝစ်ချ် ဝ-၁ ဝက်စ်ဘရွန်း
ပရီးမီးယားလိဂ်မှာ အညံ့ဆုံးဖြစ်နေတဲ့ နယူးကာဆယ်ကို ခြောက်ဂိုးပေးပြီး ရှုံးခဲ့တဲ့ နောဝစ်ချ် စိတ်ဓာတ်ပိုင်း ပျက်ပြားနေနိုင်တယ်။ ဝက်စ်ဘရွန်းရဲ့ ခံစစ်အားပြုတဲ့ ကစားပုံက အသင်းငယ်ချင်းတွေ့ရင် အလုပ်ဖြစ် တတ်ပါတယ်။ နောဝစ်ချ် တိုက်စစ် ကြံရည်ဖန်ရည်ရှိပေမယ့် ဝက်စ်ဘရွန်း ထိန်းချုပ်နိုင်မယ် ထင်တယ်။ ဝက်စ်ဘရွန်း မရှုံးနိုင်ပါဘူး။ 
■အာဆင်နယ် နှင့် အဲဗာတန်
(၂၄-၁၀-၁၅ စနေ ည ၁၁း၀၀)
ယမန်နှစ်ရလဒ် အာဆင်နယ် ၂-၀ အဲဗာတန်
အဲဗာတန်က မာကျောပြီး အသင်းကြီးတွေကို ဒုက္ခပေးတတ်ပေမယ့် အာဆင်နယ် အတွက်တော့ ဆူးငြောင့်ခလုတ် မဖြစ်တတ်ပါဘူး။ နောက်ဆုံး ၁၆ ပွဲတွေ့ဆုံမှုမှာ အာဆင်နယ်က အဲဗာတန်ကို တစ်ပွဲပဲ ရှုံးပါတယ်။ ဒါပေမဲ့ ရမ်ဆေး၊ အလက်ဆစ်ဆန်းချက်ဇ်တို့ မပါဝင်ခဲ့ရင် အာဆင်နယ် ရုန်းကန်ရနိုင်ပြီး ကပ်နိုင်ဖို့ပဲ များပါတယ်။   
■ဆန်းဒါးလန်း နှင့် နယူးကာဆယ်
(၂၅-၁၀-၁၅ တနင်္ဂနွေ ည ၆း၃၀)
ယမန်နှစ်ရလဒ် ဆန်းဒါးလန်း ၁-၀ နယူးကာဆယ်
ဒါဘီ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ဆန်းဒါးလန်းက တစ်ဖက်သတ် အသာစီး ရနေပါတယ်။ နောက်ဆုံးငါးပွဲဆက် အနိုင်ရခဲ့တယ်။ နယူးကာဆယ်ကလည်း ဒါဘီပွဲချိန် နောက်ဆုံး ၅၃၇ မိနစ်မှာ တစ်ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီရာသီမှာ ဆန်းဒါးလန်းက နိုင်ပွဲမရသေးပါဘူး။ ခြေပြန်တက်လာတဲ့ နယူးကာဆယ် သရေရနိုင်တယ်။ 
■မန်ယူ နှင့် မန်စီးတီး
(၂၅-၁၀-၁၅ တနင်္ဂနွေ ည ၈း၃၅)
ယမန်နှစ်ရလဒ်  မန်ယူ ၄-၂ မန်စီးတီး
မန်ယူအသင်းက ဒီပွဲအတွက် ချန်ပီယံလိဂ်မှာ မာတာ၊ ဒါမီယန်တို့ကို အနားပေးခဲ့တယ်။ မန်စီးတီး အားသန်တဲ့ ဘယ်တောင်ပံက စတာလင်ကို ထိန်းချုပ်ဖို့ပါ။ စတာလင်၊ ဒီဘရိုင်းတို့ ခြေစွမ်းပြနေပေမယ့် ပွဲကြီးမှာ အဂွဲရိုး၊ ဆေးလ်ဗားတို့ မပါဝင်နိုင်တာက မန်စီးတီးအတွက် အားလျော့စေပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူပဲ အနိုင်ရဖို့များပါတယ်။
■ဘုန်းမောက် နှင့် စပါး
(၂၅-၁၀-၁၅ တနင်္ဂနွေ ည ၈း၃၅)
နောက်ဆုံးတွေ့ဆုံမှု မရှိ
ဘုန်းမောက်က အသင်းကြီးတွေနဲ့ မာကျောတဲ့အသင်းတွေကို ခံကန်နိုင်ခြင်း မရှိတာတွေ့ရတယ်။ စပါးကတော့ တနင်္ဂနွေနေ့မှာ ကစားရတဲ့ ပရီးမီးယားလိဂ် ပွဲတွေဆိုရင် ရလဒ် ကောင်းတတ်ပါတယ်။ နောက်ဆုံး တနင်္ဂနွေ ခုနစ်ပွဲမှာ လေးပွဲနိုင်ပြီး တစ်ပွဲပဲရှုံးခဲ့တယ်။ ခြေစွမ်းပိုင်းအရလည်း ဘုန်းမောက်ကို စပါးနိုင်ဖို့ မခက်ခဲ နိုင်ပါဘူး။
■လီဗာပူးလ် နှင့် ဆောက်သမ်တန်
(၂၅-၁၀-၁၅ တနင်္ဂနွေ ည ၁၀း၄၅)
ယမန်နှစ်ရလဒ် လီဗာပူးလ် ၂-၁ ဆောက်သမ်တန်
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပွဲဦးထွက်မှာ ပွဲဆက်များနေသလို၊ ပြိုင်ဘက်ကောင်းတွေနဲ့လည်း ဆက်တိုက် တွေ့ဆုံနေပါတယ်။ ဆောက်သမ်တန်က ပုံမှန်ဆိုရင် အဝေးကွင်းညံ့ပေမယ့် နောက်ဆုံး အဝေးကွင်းပွဲမှာ ချယ်လ်ဆီးကို နိုင်ပြီး အဝေးကွင်း ၁၀ ပွဲဆက် နိုင်ပွဲပျောက်မှုကို ရပ်တန့်ခဲ့တယ်။ အိမ်ရှင် အလွန်ဆုံး ကပ်နိုင်ဖို့ပဲ ရှိပါတယ်။