ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေခေါင်းစဉ်ဖြင့် အထွေထွေအုပ်ချုပ်ရေးသို့ နှစ်စဉ်ချပေးသည့် ဘဏ္ဍာငွေများသည် ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေနှင့် ထပ်နေသည့်အပြင် ဘဏ္ဍာငွေ အသုံးပြုမှုသည် ပွင့်လင်းမြင်သာမှုမရှိဟုဆို

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေခေါင်းစဉ်ဖြင့် အထွေထွေအုပ်ချုပ်ရေးသို့ နှစ်စဉ်ချပေးသည့် ဘဏ္ဍာငွေများသည် ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေနှင့် ထပ်နေသည့်အပြင် ဘဏ္ဍာငွေ အသုံးပြုမှုသည် ပွင့်လင်းမြင်သာမှုမရှိဟုဆို
Published 22 October 2015
ဖြိုးဝေ

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ခေါင်းစဉ်ဖြင့် အထွေထွေ အုပ်ချုပ်ရေးသို့ နှစ်စဉ်ချထားပေးသည့် ဘဏ္ဍာငွေများသည် ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေနှင့် ထပ်နေသည့်အပြင် ဘဏ္ဍာငွေများ အသုံးပြုမှုသည် ပူးပေါင်းပါဝင်မှုမရှိခြင်း၊ ထောက်ပံ့သည့် ပမာဏမှာ မြို့နယ်အလိုက် တူညီမှုမရှိခြင်းနှင့် ဘဏ္ဍာငွေများ အသုံးပြုမှုသည် ပွင့်လင်း မြင်သာမှု မရှိကြောင်း MDRI ၊ Actionaid နှင့် The Asia Foundationတို့ ပူးပေါင်းပြီး ရန်ကုန်မြို့ Novotal ဟိုတယ်၌ ပြုလုပ်သည့် ''Local Development Fund in Myanmar'' စာတမ်းဖတ်ကြားမှုနှင့် ဆွေးနွေးမှုများအရ သိရသည်။
အခြားသော ဝန်ကြီးဌာနများထက် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံထားနိုင်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအား ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်ငွေများ ချထားပေးရာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်တွင် ကျပ် ၂၅၄ ဒသမ ၅ သန်း၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၂၉ ဒသမ ၅ သန်း စသည်ဖြင့် ချထားပေးခဲ့ကြောင်း 'Local Development Fund in Myanmar''စာတမ်းတွင် ဖော်ပြထားပြီး အဆိုပါ ဘဏ္ဍာငွေများသည် ပမာဏ သေးငယ်ကာ ပွင့်လင်းမြင်သာမှု မရှိဖြစ်နေကြောင်း ဖော်ပြထားသည်။
အဆိုပါ ဘဏ္ဍာငွေ ထောက်ပံ့မှုသည် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် မည်သို့သော အမိန့်ကြေညာစာ၊ ဥပဒေများနှင့် ချထားပေးနေသည်ကို မသိရှိရဘဲ ဖြစ်နေသည် ဟု MDRI သုတေသီ Cindey Joelene က ပြောကြားသည်။
အဆိုပါ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ခေါင်းစဉ်ဖြင့် ချထားပေးသည့် ဘတ်ဂျက်များကို မြို့နယ်အလိုက် ခွဲဝေရရှိထားပြီး အမြင့်ဆုံး လုပ်ဆောင်သည့် စီမံချက်တန်ဖိုးများမှာ ကျပ် ၁၀ သန်းမှ သန်း ၂၀ အကြားရှိ သည်ဟု သိရသည်။
အဆိုပါ ဘဏ္ဍာငွေများဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် စီမံချက်များကို ရွာသားများ၏ လုပ်အားဖြင့်သာ ဆောင်ရွက်ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက စီမံခန့်ခွဲမှု အကောင်အထည်ဖော်သည်ဟု စာတမ်းတွင် ဖော်ပြထားသည်။
“ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေက မြို့နယ်တစ်ခုကို ၁၀ သန်း၊ သန်း ၂၀ လောက်ပဲရတယ်။ စီမံကိန်းကို လုပ်ဆောင်မယ်ဆိုရင် ဒေသခံလူထုရဲ့ ပူးပေါင်းပါဝင်မှု ရာခိုင်နှုန်း  ၅၀ လောက် ငွေစိုက်ထုတ်မှုနဲ့ လုပ်တယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကို ထွေအုပ်က အဓိကကိုင်တယ်။ ဒီဟာက မြို့နယ်အဆင့် ကော်မတီတွေနဲ့ ပူးပေါင်း လုပ်ဆောင်တာမတွေ့ရဘူး။ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေက ဆင်းရဲမှု လျှော့ချရေးရန်ပုံငွေနဲ့ ထပ်နေတဲ့ အပြင် ဘဏ္ဍာငွေအသုံးပြုမှုက ပူးပေါင်းပါဝင်မှု မရှိတာ၊ ထောက်ပံ့တဲ့ ပမာဏက သေးငယ်နေပြီးတော့ မြို့နယ်အလိုက် တူညီမှုမရှိတာနဲ့ ဘဏ္ဍာငွေ အသုံးပြုမှုတွေက ပွင့်လင်းမြင်သာမှု မရှိတာတွေ့ရတယ်”ဟု Cindey Joeleneက ပြောကြားသည်။
လက်ရှိအစိုးရ၏ ပြုပြင်ပြောင်းလဲမှု  အစီအစဉ်များနှင့် မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု လျှော့ချရေးရန်ပုံငွေ၊ ဒေသန္တရဖွံ့ဖြိုးရေး ရန်ပုံငွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ၊ ကျေးရွာဖွံ့ဖြိုးရေးစီးရေး စီမံကိန်းများဖြင့် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ဆင်းရဲမွဲတေမှု လျှော့ချရေး ရန်ပုံငွေအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၅၀ ရှိခဲ့ ကြောင်း၊ ဒေသန္တရ ဖွံ့ဖြိုးရေး ရန်ပုံငွေမှာ ကျပ် ၃၃ ဘီလျံရှိကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေးရန်ပုံငွေမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၂၅၄ ဒသမ၅ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၂၉ ဒသမ ၅ သန်းနှင့် လက်ရှိဘဏ္ဍာနှစ်များတွင်လည်း ဆက်လက် ဆောင်ရွက်နေကြောင်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ချထားပေးသည့်ငွေမှာ တစ်ရွာလျှင် ကျပ် ၁၀ သန်းဝန်းကျင်ရှိကြောင်းလည်း သိရသည်။
“ကျွန်မတို့ ၂၀၁၂ ခုနှစ်က စတင်ခဲ့ပါတယ်။ သမ္မတကြီးက သူရဲ့ဆင်းရဲမွဲတေမှု လျှော့ချရေး မိန့်ခွန်းမှာ ပြောခဲ့တယ်။ အဓိက ဦးစားပေး ရှစ်ချက်ချခဲ့တယ်ပေါ့။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို အညီအမျှ ပေးတယ်။ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် သုံးပါဆို ပြီးတော့မှပေါ့။ အဲဒီအချိန်မှာ ပထမဆုံး ချပေးတဲ့ အခါမှာ ပြည်နယ်နဲ့ တိုင်းတွေအနေနဲ့ ပြင်ဆင်ထားတာ မရှိတာလည်းပါတယ်။  ဘယ်နေရာမှာ သုံးပါဆိုတာ မပါတဲ့အတွက် တစ်နေရာနဲ့ တစ်နေရာ သုံးတာ မတူတာ တွေ့ရတယ်။တချို့နေရာတွေမှာဆိုရင် ဒီငွေကို ချေးငွေအနေနဲ့ သုံးတာတွေရှိတယ်။ တချို့နေရာတွေမှာဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် သုံးပစ်တာတွေ၊ တချို့လည်း ဒီဟာကို ခွဲပြီးတော့ သုံးတာတွေရှိတယ်။ လူထု အတူတကွ ပူးပေါင်းပါဝင်မှုဆိုတာ အားနည်းတာလည်း တွေ့ရတယ်”ဟု Cindey Joeleneက ဆိုသည်။
အခြားဒေသတွင်း နိုင်ငံများတွင် အတွေ့အကြုံများအရ အဆိုပါ ရန်ပုံငွေများကို မဲရောင်း၊ မဲဝယ်ခြင်း စသည့် မဲဆွယ်မှုများအတွက် သုံးစွဲခဲ့သည်ကို တွေ့ရှိရကြောင်းလည်း ၎င်းက ပြောကြားသည်။
ထို့အပြင် အစိုးရအနေဖြင့် ကမ္ဘာ့ဘဏ်မှ ချေးငွေဖြင့် ဆောင်ရွက်နေသည့် လူထုဗဟိုပြု ကျေးလက်စီမံကိန်း (National Community Driven Development) များလည်း ဆောင်ရွက်နေကြောင်း၊ အစိုးရက စိုက်ထုတ် ငွေဖြင့် အမေရိကန်ဒေါ်လာသန်း ၃၀၊ အီတလီ အစိုးရ ချေးငွေဒေါ်လာ ၂၂ ဒသမ ၅ သန်း၊ ကမ္ဘာ့ဘဏ်မှ မ,တည်ငွေ ဒေါ်လာသန်း ၈၀ နှင့် ချေးငွေသန်း ၄၀၀၊ ဂျပန် လူမှုဖွံ့ဖြိုးရေး ရန်ပုံငွေ (JSDF) မှ မ,တည်ငွေ ၁၁ ဒသမ ၅ သန်းတို့ဖြင့် ဆောင်ရွက်နေကြောင်းလည်း သိရသည်။              

Most Read

Most Recent