စနစ်ဟောင်းကို တမ်းတနေသူများ

စနစ်ဟောင်းကို တမ်းတနေသူများ
Published 21 October 2015
မောင်ကြွယ်စိုး

သူပုန်တွေ ထိန်းချုပ်ထားတဲ့ ယူကရိန်း အရှေ့ပိုင်းမှာရှိတဲ့ ဒိုးနက်စ် မြို့လယ်မှာဆို ဗီယက် အာဏာရှင်ဟောင်း ဂျိုးဇက်စတာလင်းရဲ့ ရုပ်ပုံသုံးခုကို ချိတ်ဆွဲထားပါတယ်။ စတာလင်ရဲ့ ရုပ်ပုံလွှာတွေ မြို့လည်ကောင်မှာ တွေ့ရခြင်းကြောင့် ခွဲထွက်ရေး သမားတွေဟာ ဆိုဗီယက် ခေတ်ကို လွမ်းမောတသနေတဲ့ သဘော သက်ရောက်နေပါတယ်။ ခေတ်ဟောင်းကို ပြန်လည် ပုံဖော်လိုတဲ့ အနေအထားမျိုးလို့လည်း ဆိုနိုင်ပါတယ်။
စတာလင်ရဲ့ ရုပ်ပုံနဲ့ ပတ်သက်လို့ အသက် ၂၂ နှစ် အရွယ်ရှိ ကျောင်းသူ ယီကာတာရီနာက ယခုလို မှတ်ချက်ပေးပါတယ်။
‘စတာလင်ရဲ့ ပုံရှိတာ ကောင်းတယ်လို့ ထင်ပါတယ်။ လူတချို့က စတာလင် တည်ရှိခဲ့တယ်ဆိုတာ မေ့ပျောက်နေကြပြီ။ သမိုင်းမှာလည်း စတာလင်ကို မေ့ထားကြတယ်’
စတာလင်ကို ပြန်လည် အသက်သွင်းမှုဟာ ယူကရိန်း အရှေ့ပိုင်းကို ရုရှားတပ်တွေ ဝင်ရောက်ခဲ့တာနဲ့ ပတ်သက်နေခဲ့ပါတယ်။ ခေတ်သစ်ဇာ ဘုရင်လို့ ဆိုရမယ့် ပူတင်ဟာ ယူကရိန်းကို သိမ်းပိုက်ဖို့ ကြိုးပမ်းမှု တစ်ရပ်အဖြစ်နဲ့ ယူကရိန်း အရှေ့ပိုင်းကို ဝင်ရောက်ခဲ့ပါတယ်။ ခွဲထွက်ရေး သူပုန်တွေကိုလည်း ကျောထောက် နောက်ခံပြုခဲ့ပါတယ်။ ဒါတင်မကဘူး ဆိုဗီယက် ခေါင်းဆောင်ဟောင်း စတာလင်ရဲ့ ရုပ်ပုံလွှာကို အသုံးချပြီး ရုရှားရဲ့ စစ်အင်အား ကြီးမားပုံနဲ့ နယ်မြေချဲ့ထွင် သိမ်းပိုက်ရေး ရည်မှန်းချက်တွေကို ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာစစ်ပွဲမှာ နာဇီဂျာမနီ တပ်မတော်ကို ရင်ဆိုင် တိုက်ခိုက်ခဲ့တဲ့ ဆိုဗီယက် တပ်မတော်ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့တဲ့ စတာလင်ရဲ့ မိန့်ခွန်းကိုလည်း စတာလင်ရဲ့ ရုပ်ပုံအောက်မှာ ရေးထားပါတယ်။
‘ငါတို့ရဲ့ လုပ်ဆောင်ချက်ဟာ တရားတယ်။ ရန်သူကို အမြစ်ပြတ် ချေမှုန်းရမယ်။ တို့တစ်တွေ အောင်ပွဲခံရမယ်’
ဒါကတော့ ဆိုဗီယက် တပ်နီရဲ့ နာဇီဂျာမန်တွေကို တွန်းလှန်ခဲ့တဲ့ သမိုင်းစာမျက်နှာ တစ်ခုဖြစ်ပါတယ်။ အဲဒီစာမျက်နှာလိုပဲ  သမိုင်းတစ်မျက်နှာ တစ်ခုကတော့ စတာလင်ရဲ့ ဖိနှိပ်မှု၊ သတ်ဖြတ်မှု ဖြစ်ပါတယ်။ စတာလင်ခေတ်မှာ ယူကရိန်းပြည်သူ ငါးသန်းခန့် ဟာ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ဒဏ်နဲ့ အသက်ဆုံးရှုံး ခဲ့ရပါတယ်။ စုပေါင်း လယ်ယာစနစ် မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုပြီး အဓမ္မ စေခိုင်းမှုကြောင့်လည်း သေဆုံးခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။
သမိုင်းဘီးလို့ နောက်ပြန် မလှည့်ချင်သူတွေကတော့ ဆိုဗီယက် ပြည်ထောင်စုကို လွမ်းမောတသနေကြပါတယ်။ ဒိုးနက်စ်မြို့က သူပုန်ခေါင်းဆောင် အလက်ဇန္ဒားဇာ ကာချန်ကိုက ဆိုဗီယက် ပြည်ထောင်စုမှာ ယူကရိန်း ခွဲထွက်ပြီး လွတ်လပ်ရေးရယူခဲ့တာကို နောင်တရနေတယ်လို့ ပြောလိုက်ပါတယ်။ သူဟာ အသက် ၃၉ နှစ်ပဲ ရှိပါသေးတယ်။
ဆိုဗီယက် ပြည်ထောင်စုကို လွမ်းမောနေသူ၊ အာဏာရှင် စနစ်ကို ဖက်တွယ်ချင်သူတွေကတော့ စတာလင်ရဲ့ ရုပ်ပုံလွှာကို မိမိတို့ရဲ့ သူပုန်တပ်စခန်းမှာ ချိတ်ဆွဲထားကြပါတယ်။ ခွဲထွက်ရေး သူပုန်တွေရဲ့လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ပြည်သူ ၈၀၀၀ ခန့် အသက်ဆုံးရှုံး ခဲ့ရပါတယ်။
ဒိုးနက်စ်မြို့မှာရှိတဲ့ ကာကွယ်ရေးဒုဝန်ကြီး အက်ဒဝပ်ဘာဆူရင်ဆိုရင် စတာလင် ဓာတ်ပုံ ရင်ထိုးကို ရင်ဘတ်မှာ တပ်ဆင်ထားပါတယ်။ ဒိုးနက်စ်မြို့ဟာ ကျောက်မီးသွေးတွင်းတွေ ပေါများတဲ့ ဒေသဖြစ်ပြီး တစ်ချိန်တုန်းက မြို့ရဲ့ အမည်နာမကို ‘စတာလင်နို’ လို့ အမည်ပေးထားခဲ့ပါတယ်။
၁၉၆၀ ပြည့်နှစ် ကာလမှာ နီကီတာခရုရှက် အာဏာရပြီးနောက် ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ စတာလင်ရဲ့ ရုပ်တုတွေ မှန်သမျှ ဖယ်ရှားပစ်ခဲ့တယ်။ စတာလင်ကို ဂုဏ်ပြု မှည့်ခေါ်ထားတဲ့ မြို့အမည်တွေကိုလည်း ဖျက်ပစ်ခဲ့ပါတယ်။ ဒါကြောင့် ‘စတာလင်နို’ ကနေ ဒိုးနက်စ် ဖြစ်လာခဲ့ရတာ ဖြစ်ပါတယ်။
ဒီမိုကရေစီ လမ်းကြောင်း လျှောက်နေတဲ့ ယူကရိန်းက နာဇီရဲ့ စကြာတံဆိပ် အသုံးပြုတာမျိုးလိုပဲ၊ ဆိုဗီယက် ခေတ်ကာလ တံဆိပ်အမှတ် သင်္ကေတတွေကို အသုံးပြုနေတာ ဥပဒေ ချိုးဖောက်တာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မေလကပဲ ပြဋ္ဌာန်းလိုက်ပါတယ်။
ယင်းဥပဒေ သက်ရောက်မှုကြောင့်ဆို ဗီယက်ပြည်ထောင်စု ခေတ်ကာလက နာမည်တွေနဲ့ အမှတ် သင်္ကေတတွေရှိနေတဲ့ လမ်းတွေ၊ မြို့အမည်တွေနဲ့ အဆောက်အအုံတွေကို ဖြိုချခဲ့ပါတယ်။ ယူကရိန်း နိုင်ငံမှာရှိတဲ့ လီနင်ရုပ်တုတွေကိုလည်း ဖြိုချပစ်ခဲ့တာကြောင့် သူပုန်ခေါင်းဆောင်တွေက မကြေမနပ် ဖြစ်ခဲ့ကြပါတယ်။ ဒိုးနက်စ်မှာရှိတဲ့ သူပုန်တွေရဲ့ ယဉ်ကျေးမှုဝန်ကြီး အလ်လက်ဇန်းဒါး ပါရက်စကီးက ဒီလုပ်ရပ်တွေဟာ လူရမ်းကားတွေရဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လူဂန့်စ်မှာရှိတဲ့ သူပုန်ခေါင်းဆောင် အိုင်ဂေါ်ပလို နစ်စကီးက ဒီလိုလုပ်တာဟာ ကျင့်ဝတ်နီတိဆိုင်ရာ လူမျိုးသုဉ်း သတ်ဖြတ်မှုလို့ ဝေဖန်ခဲ့ပါတယ်။
အေဇော့ပင်လယ် အနီးရှိတဲ့ နာဗိုအာဇိုဘက်မှာရှိ့တဲ့ သူပုန်တွေဟာ ယူကရိန်း တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ သိမ်းပိုက်ပြီးတဲ့နောက် လီနင်ရုပ်တုကို အခမ်းအနားနဲ့ စိုက်ထူခဲ့ပါတယ်။
ပြည်သူ့ သမ္မတနိုင်ငံအဖြစ် ပြန်လည် တည်ဆောက်လိုတဲ့ ခွဲထွက်ခဲ့တဲ့ ဒေသတွေဟာ တစ်ချိန်တုန်းက ဆိုဗီယက် ပြည်ထောင်စု သြဇာခံနိုင်ငံတွေဖြစ်တဲ့ ဘူဂေးရီးယား၊ မွန်ဂိုးလီးယားနဲ့ ရိုမေးနီးယားနိုင်ငံတွေလို ဆိုဗီယက် လက်အောက်ခံ အဖြစ်နဲ့ နေလိုကြပါတယ်။ ပြည်သူ့ သမ္မတနိုင်ငံ လူဂန့်စ်မှာ စပါးနှံနှင့် ကြယ်နီတံဆိပ်ပါ အမှတ်တံဆိပ်ကို အသုံးပြုနေပါတယ်။ ဒါ့အပြင် ဆိုရှယ်လစ်ခေတ် ကင်းထောက် လူငယ်များလို့ ဆိုရမယ့် ရှေ့ဆောင် လူငယ်ပုံစံမျိုးကိုလည်း အသက်သွင်း နေကြပါတယ်။ ပိုဆိုးတာကတော့ သူပုန်တွေဟာ လုံခြုံရေးဌာနကို ယခင် ကေဂျီဘီ ပုံစံမျိုးနဲ့ ပြန်လည် ဖွဲ့စည်းထားပါတယ်။ ကေဂျီဘီဟာ ၁၉၄၆ မှ ၁၉၅၃ အထိ စတာလင်က ဖွဲ့စည်းထားတဲ့ လျှို့ဝှက် ရဲတပ်ဖွဲ့ဖြစ်ပါတယ်။ တရားစီရင်ရေး စနစ်ဟာလည်း ဆိုဗီယက်ပုံစံ ဖြစ်နေပြီး တရားစွဲဆိုခံရသူအတွက် ဘယ်လိုမှ လွှတ်မြောက်နိုင်ခြင်း မရှိပါဘူး။
ဒိုးနက်စ်မှာ ဝါဒဖြန့်ချိရေး အနုပညာတွေ သာရှိနေပါတယ်။ အလုပ်သမားတွေနဲ့ မိုင်းလုပ်သားတွေအကြောင်း ရေးဆွဲထားတဲ့ ပန်းချီကားတွေသာ ရှိနေပါတယ်။ ဒိုးနက်စ်မှာရှိတဲ့ တက္ကသိုလ်ထဲက ယူကရိန်း နိုင်ငံသား ဗာဆီလီစတုရဲ့ ရုပ်တုကို သူပုန်တွေက ဖယ်ရှားပစ်လိုက်ပါတယ်။ သူက ကဗျာဆရာ ဖြစ်သလို အမျိုးသား ယဉ်ကျေးမှုကို ပြန်လည် ဖော်ထုတ်ပေးသူဖြစ်ပြီး ဆယ်စုနှစ်တစ်ခုစာမျှ ထောင်ကျခံရပြီး ၁၉၈၅ ခုနှစ်က ထောင်ထဲမှာပဲ အသက်သေဆုံးခဲ့သူ ဖြစ်ပါတယ်။ သူသေဆုံးချိန်မှာ အသက် ၄၇ နှစ်ပဲ ရှိပါသေးတယ်။
ဒါဟာ ရာဇဝတ်မှုပဲ ဖြစ်တယ်လို့ ပင်စင်စား တစ်ဦးဖြစ်သူ မာရီယာက ပြောကြားခဲ့ပါတယ်။

Most Read

Most Recent