ရီးယဲလ်အသင်း သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် စီရော်နယ်လ်ဒို စံချိန်တင် ရာအူးလ်၏ ၃၂၃ ဂိုးစံချိန်ကို ကျော်ဖြတ်ရန် ခုနစ်ရာသီသာ ကြာမြင့်ပြီး ၄၃၁ ပွဲ ပိုမိုလျော့နည်း

ရီးယဲလ်အသင်း သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် စီရော်နယ်လ်ဒို စံချိန်တင် ရာအူးလ်၏ ၃၂၃ ဂိုးစံချိန်ကို ကျော်ဖြတ်ရန် ခုနစ်ရာသီသာ ကြာမြင့်ပြီး ၄၃၁ ပွဲ ပိုမိုလျော့နည်း
Published 19 October 2015

ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီ လက်ရွေးစင် တောင်ပံကစားသမား စီရော်နယ်လ်ဒိုသည် အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ၌ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၇ ရက်က ယှဉ်ပြိုင် ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ရီးယဲလ်အသင်းက လီဗန်တေးကို အိမ်ကွင်း၌ (၃-ဝ)ဂိုးဖြင့် အနိုင်ရခဲ့ပြီး မိနစ် ၃၀တွင် စီရော်နယ်လ်ဒိုက ပယ်နယ်တီ ဧရိယာထိပ်မှ ကန်သွင်းကာ အနိုင်ဂိုးတစ်ဂိုး သွင်းယူခဲ့သည်။ ထို့ကြောင့် စီရော်နယ်လ်ဒို၏ ရီးယဲလ်ကစားသမား ဘ၀ သွင်းဂိုးမှာ ၃၂၄ ဂိုးရှိလာခဲ့ပြီး ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ် တင်ရှိထားသည့် ၃၂၃ ဂိုးစံချိန်ကို ကျော်ဖြတ်ကာ စံချိန်သစ် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ၂၀၀၉ ခုနှစ်တွင် ရီးယဲလ်အသင်းသို့ (ထိုစဉ်က) ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဖြင့် ရောက်ရှိလာခဲ့ပြီး ခုနစ်ရာသီအတွင်း ပြိုင်ပွဲစုံ၌ ပွဲ ၃၁၀ ကစားကာ စံချိန်သစ် တင်နိုင်ခဲ့ခြင်း ဖြစ်ပြီး ရာအူးလ်ထက် ၄၃၁ ပွဲ ပိုမို လျော့နည်းကာ တစ်ပွဲ ပျမ်းမျှ သွင်းဂိုးအရေအတွက်မှာ ၁ ဒသမ ၀၅ ဂိုးအထိ ရှိကြောင်း သိရသည်။ ယင်းဂိုးမှာ စီရော်နယ်လ်ဒိုအတွက် ကစားသမားဘ၀ (ကလပ်နှင့် ပေါ်တူဂီလက်ရွေးစင်) သွင်းဂိုး စုစုပေါင်း ၅၀၂ ဂိုး (စပို့တင်းလစ္စဘွန်း ၅ ဂိုး၊ မန်ယူ ၁၁၈ ဂိုး၊ ရီးယဲလ် ၃၂၄ ဂိုး၊ ပေါ်တူဂီ ၅၅ ဂိုး) အထိ ရှိလာခဲ့ပြီး လာလီဂါပြိုင်ပွဲတွင် ၂၃၁  ဂိုးဖြင့် သွင်းဂိုးအများ ဆုံးစာရင်း၌ စတုတ္ထနေရာတွင် ရပ်တည်လျက်ရှိသည်။ ထို့ပြင် စီရော်နယ်လ်ဒိုသည် ချန်ပီယံလိဂ် ပြိုင်ပွဲတွင်လည်း ၈၂ ဂိုးဖြင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးအဖြစ် စံချိန်တင်ထားကြောင်း သိရသည်။
ရီးယဲလ်အသင်းအတွက် ၎င်း၏ သွင်းဂိုးကို နိုင်ငံတကာ မီဒီယာများက ၃၂၄ ဂိုးအဖြစ် ဖော်ပြလျက် ရှိသော်လည်း ရီးယဲလ်အသင်းကမူ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလက ဆိုစီဒက်နှင့်ပွဲမှ ဂိုးကို ပီပီအစား စီရော်နယ်လ်ဒို၏ သွင်းဂိုးအဖြစ် သတ်မှတ်ကာ အောက်တိုဘာ ၂ ရက် ကတည်းက အမှတ်တရ ငွေဖိနပ်ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။