အစဉ်အလာအရတော့ လီဗာပူးလ်နည်းပြတွေက အထလေးလေ့ ရှိပါတယ်။ ဂျရတ်ဟူလီယာ နောက်ပိုင်းမှာ ဘင်နီတက်ဇ်၊ ရွိုင်းဟော့ဒ်ဆန်၊ ဒဲဂလစ်ရှ်၊ ဘရန်ဒန် ရော်ဂျာတို့ဟာ ပွဲဦးထွက် ပရီးမီးယားလိဂ်ပွဲတွေမှာ အနိုင်မရခဲ့ပါဘူး။ ဒါ့အပြင် ရွိုင်းအီဗန်စ်ကိုပါ ပေါင်းထည့်ပြီး လီဗာပူးလ် အသင်းရဲ့ နောက်ဆုံးနည်းပြ ခြောက်ဦးကို လေ့လာကြည့်ရင်လည်း အဖွင့်ငါးပွဲမှာ ကျေနပ်စရာ ရလဒ်ဖြစ်ခဲ့တာ ဒဲဂလစ်ရှ် တစ်ဦးပဲ ရှိပါတယ်။ လီဗာပူးလ် နည်းပြသစ် ယာဂန်ကလော့ပ်က အဖွင့်ငါးပွဲမှာ စပါး(အဝေး)၊ ဆောက်သမ်တန်(အိမ်)၊ ချယ်လ်ဆီး(အဝေး)၊ ပဲလေ့စ်(အိမ်)၊ မန်စီးတီး(အဝေး) တို့နဲ့ ကစားရမှာဖြစ်ပြီး ကျပ်တည်းတယ်လို့ ဆိုနိုင်ပါတယ်။ လမ်းဟောင်းတွေက ယာဂန်ကလော့ပ် ဖောက်ထွက်နိုင်မလား ဝှိုက်ဟတ်လိန်းမှာ စတင် စောင့်ကြည့်ရပါတော့မယ်။
■စပါး နှင့် လီဗာပူးလ်
(၁၇-၁၀-၁၅ စနေ ည ၆း၁၅ )
ယမန်နှစ်ရလဒ် စပါး ဝ-၃ လီဗာပူးလ်
လီဗာပူးလ်က စပါးနဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ရလဒ် အရမ်းကောင်းပါတယ်။ နောက်ဆုံးတွေ့ဆုံတဲ့ ငါးပွဲဆက် အနိုင် ကစားထားပြီး ပွဲတိုင်းလည်း အနိမ့်ဆုံး သုံးဂိုး သွင်းခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်သင်း သမိုင်းမှာ တစ်သင်းက တစ်သင်းကို ခြောက်ပွဲဆက် နိုင်တာ မရှိပါဘူး။ လက်ရှိ နှစ်သင်းစလုံးမှာ ဒဏ်ရာ ပြဿနာလည်း ရှိနေတယ်။ သရေကျမယ့်ပွဲပါ။
■ချယ်လ်ဆီး နှင့် အက်စတွန်ဗီလာ
(၁၇-၁၀-၂၀၁၅ စနေည ၈း၃၀)
ယမန်နှစ်ရလဒ် ချယ်လ်ဆီး ၃-၀ ဗီလာ
ချယ်လ်ဆီး တိုက်စစ်မှာ ဒီယေဂိုကော်စတာ ပြန်လည် ပါဝင်လာမှာပါ။ ဒါပေမဲ့ လက်ရှိ ချယ်လ်ဆီးရဲ့ ပြဿနာက တိုက်စစ်ပိုင်း မဟုတ်ဘဲ ခံစစ်ပိုင်း ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ် ရှစ်ပွဲမှာ ခုနစ်ပွဲက အနိမ့်ဆုံး နှစ်ဂိုး ပေးခဲ့ရပါတယ်။ အီဗန်နိုဗစ် နာသွားလို့ အပြောင်းအလဲလည်း လုပ်ရမယ်။ ဒါပေမဲ့ လေးပွဲဆက် ရှုံးခဲ့တဲ့ ဗီလာကိုတော့ ကပ်နိုင်ဖို့ ရှိပါတယ်။
■မန်စီးတီး နှင့် ဘုန်းမောက်
(၁၇-၁၀-၂၀၁၅ စနေ ည ၈း၃၀)
နောက်ဆုံးတွေ့ဆုံမှု မရှိ
အဂွဲရိုး၊ ဒေးဗစ်ဆေးလ်ဗားတို့ တစ်ပြိုင်နက် ဒဏ်ရာရသွားတာ မန်စီးတီးအတွက် ဆိုးပါတယ်။ ပြိုင်ဘက်က အဝေးကွင်း ရှုံးပွဲဆက်နေတဲ့ တန်းတက် ဘုန်းမောက်ဖြစ်နေလို့ မန်စီးတီး အထိုင်သစ် တည်ဖို့ အခွင့်အရေး တော့ရှိနေတယ်။ လိဂ်ပွဲ သုံးပွဲမှာ သုံးဂိုးသွင်း၊ နှစ်ကြိမ် ဖန်တီးမှု ပြုလုပ်ခဲ့တဲ့ ဒီဘရိုင်း ကျားကန်ပေးရင်တော့ မန်စီးတီး ဂိုးပြတ်နိုင်မှာပါ။
■ဆောက်သမ်တန် နှင့် လက်စတာ
(၁၇-၁၀-၂၀၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် ဆောက်သမ်တန် ၂-၀ လက်စတာ
ခံစစ်မလုံတဲ့ ဆောက်သမ်တန် လက်စတာ တိုက်စစ်မှူး ဗာဒီကို သတိထားရမယ်။ ငါးပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ဗာဒီက အိုဝင်၊ ဘီတီ၊ စတာရစ်ချ်တို့လို ခြောက်ပွဲဆက် ဂိုးသွင်းနိုင်တဲ့ အင်္ဂလန် တိုက်စစ်မှူး ဖြစ်လာမလား ကြည့်ရမှာပါ။ အစဉ်အလာအရတော့ စိန့်မေရီကွင်းမှာ လက်စတာ ရလဒ် မကောင်းတာ များပါတယ်။ အိမ်ရှင်ကို ပိုကြိုက်ပါတယ်။
■အဲဗာတန် နှင့် မန်ယူ
(၁၇-၁၀-၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် အဲဗာတန် ၃-၀ မန်ယူ
အဲဗာတန်ကွင်း ဂူဒီဆင်ပတ်ခ်မှာ မန်ယူ သုံးနှစ်ဆက် ရှုံးနိမ့်ခဲ့သလို၊ ဂိုးပေါက်လည်း ပွဲတိုင်း ပျောက်ဆုံး ခဲ့ပါတယ်။ မန်ယူအသင်းအတွက် အရေးကြီးတာက လူထုတ်ပုံပါ။ မန်ယူက ရှဝိုင်းစတိုင်ဂါကို First Line Up မသုံးတဲ့ လေးပွဲမှာ ပွဲတိုင်း နိုင်ခဲ့ပြီး ပွဲထုတ်တဲ့ လေးပွဲမှာတော့ တစ်ပွဲပဲ နိုင်ခဲ့တယ်။ ချန်ပီယံလိဂ်လည်း ရှိနေလို့ မန်ယူ သရေလောက်ပဲ ရမယ်။
■ဝက်စ်ဘရွန်း နှင့် ဆန်းဒါးလန်း
(၁၇-၁၀-၂၀၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် ဝက်စ်ဘရွန်း ၂-၂ ဆန်းဒါးလန်း
ဆန်းဒါးလန်း နည်းပြသစ် ဆမ်အလာဒိုက်စ်က တန်းဆင်းဇုန်က အသင်းတွေကို ဆွဲထုတ်တဲ့ နေရာမှာ ဆရာတစ်ဆူပါ။ ဒါပေမဲ့ အသင်းကို အချိန်ယူပြီး လိုချင်တဲ့ ကစားကွက် ပြန်တည်ရနိုင်ပါတယ်။ ဝက်စ်ဘရွန်းကတော့ အိမ်ကွင်းမှာ ခြေရည်တူ အသင်းတွေနဲ့ ကစားရရင် ခံစစ်က ပုံစံကောင်း ရတတ်ပါတယ်။ ဝက်စ်ဘရွန်း သရေနဲ့ အနိုင်ပါ။
■ခရစ္စတယ်ပဲလေ့စ် နှင့် ဝက်စ်ဟမ်း
(၁၇-၁၀-၂၀၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် ပဲလေ့စ် ၁-၃ ဝက်စ်ဟမ်း
ဝက်စ်ဟမ်းက အဝေးကွင်း ပွဲတွေမှာ ပိုကောင်းတတ်ပြီး ရှုံးပွဲ မရှိသေးပါဘူး။ အဝေးကွင်း လေးပွဲမှာ သုံးပွဲအထိ အနိုင်ရခဲ့ပါတယ်။ ပဲလေ့စ်ကလည်း နိုင်ပွဲ ဆက်နေသလို၊ ရာသီအစက ပြင်မရခဲ့တဲ့ ခံစစ်ပိုင်းကလည်း Clean Sheet တွေ ပွဲဆက်ယူလာပါတယ်။ ဒါပေမဲ့ တိုက်စစ်ကောင်းတဲ့ ဝက်စ်ဟမ်းကြောင့် ပဲလေ့စ် သရေပဲ ဦးတည်ကစားဖို့ ရှိပါတယ်။
■ဝက်ဖို့ဒ် နှင့် အာဆင်နယ်
(၁၇-၁၀-၁၅ စနေ ည ၁၁း၀၀)
နောက်ဆုံးတွေ့ဆုံမှု ဝက်ဖို့ဒ် ၁-၂ အာဆင်နယ်
ဝက်ဖို့ဒ်ရဲ့ အသက်က တိုက်စစ်မှူး အီဂါလို ဖြစ်ပါတယ်။ ဒီရာသီ ဝက်ဖို့ဒ် သွင်းယူခဲ့တဲ့ ခြောက်ဂိုးမှာ ငါးဂိုးက အီဂါလို သွင်းခဲ့တာပါ။ ဒါကြောင့် အာဆင်နယ် ခံစစ်ပိုင်းက အီဂါလိုကို အပိုင် ကပ်ထားနိုင်ရင် ဝက်ဖို့ဒ် တိုက်စစ် သေသွားနိုင်ပါတယ်။ ချန်ပီယံလိဂ်ဘက်ကို အဓိက အာရုံစိုက်ဖို့ ရှိလို့ အာဆင်နယ် လူစုံမထုတ်ရင်တော့ ကပ်နိုင်ဖို့ပဲ ရှိပါတယ်။
■နယူးကာဆယ် နှင့် နောဝစ်ချ်
(၁၈-၁၀-၁၅ တနင်္ဂနွေ ည ၉း၃၀)
နောက်ဆုံးရလဒ် နယူးကာဆယ် ၂-၁ နောဝစ်ချ်
ပွဲစဉ်ရှစ်အပြီး နိုင်ပွဲမရသေးဘဲ ရမှတ်သုံးမှတ်နဲ့ ဇယား အောက်ဆုံး ရောက်နေတဲ့ နယူးကာဆယ်က ၁၁၇ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအဖွင့်နဲ့ ကြုံတွေ့နေရတယ်။ အစဉ်အလာအရ အသာစီး ရလေ့ရှိတဲ့ နောဝစ်ချ်နဲ့ ဆုံတွေ့ချိန်မှာ နယူးကာဆယ် နိုင်ပွဲ ရှာဖို့ရှိပါတယ်။ နယူးကာဆယ်ကွင်းမှာ မနိုင်ဖူးတဲ့ နောဝစ်ချ် သရေလည်း မရနိုင်ပါဘူး။
■ဆွမ်ဆီး နှင့် စတုတ်စီးတီး
(၂၀-၁၀-၁၅ အင်္ဂါ နံနက် ၁း၃၀)
ယမန်နှစ်ရလဒ် ဆွမ်ဆီး ၂-၀ စတုတ်စီးတီး
ဆွမ်ဆီး လေးပွဲဆက် နိုင်ပွဲ ပျောက်နေ ပြီး ရာသီစက ခြေစွမ်းတွေ ပျောက်ဆုံး သွားပါတယ်။ စတုတ်စီးတီးကတော့ နိုင်ပွဲဆက်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းကတော့ အားနည်း နေတုန်းပဲ။ ဆွမ်ဆီးက အိမ်ကွင်း နောက်ဆုံး ခြောက်ပွဲက ငါးပွဲမှာ အနိမ့်ဆုံး နှစ်ဂိုး သွင်းနိုင်ခဲ့ပါ တယ်။ ဆွမ်ဆီး နိုင်ပွဲ ပြန်ရဖို့ များပါတယ်။
အထလေးတဲ့ လီဗာပူးလ် နည်းပြတွေရဲ့ လမ်းစဉ်ကနေ ယာဂန်ကလော့ပ် ဖောက်ထွက် လာနိုင်မလား ကြည့်ရမယ့် ရက်သတ္တပတ်