မြေပြိုမှုများ ဆက်လက်ဖြစ်ပေါ်နိုင်၍ မော်ချီးဒေသ သတ္တုတူးဖော်ရေးလုပ်ငန်းများကို အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်း

မြေပြိုမှုများ ဆက်လက်ဖြစ်ပေါ်နိုင်၍ မော်ချီးဒေသ သတ္တုတူးဖော်ရေးလုပ်ငန်းများကို အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်း
Published 15 October 2015

ကယားပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင် အောက်တိုဘာ ၁၁ ရက်က မြေပြိုမှုများဖြစ်ပေါ်ကာ လူအများအပြား သေဆုံးမှုဖြစ်ပွားပြီးနောက် မြေပြိုမှုများ ဆက်လက်ဖြစ်ပေါ်နိုင်၍ မော်ချီးဒေသ သတ္တုတူးဖော်ရေးလုပ်ငန်းများကို အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း သတင်ရရှိသည်။မော်ချီးဒေသရှိ ဇီးပင်ကွေ့ ၊ ၁၃ ကုန်းနှင့် တောင်ပေါ်ရွာ စသည့်နေရာများ၌ မြေပြိုမှုကြောင့် အိမ်ခြေငါးဆယ်ကျော် မြေများဖုံးလွှမ်းခဲ့ရာ လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး မြေစာပုံများအောက်တွင် အများအပြားရှိနေနိုင်ကြောင်း ဒေသခံများက ပြောကြားသည်။
ကယားပြည်နယ် ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က “ စီမံကိန်းကတော့ မြေပြိုမှု အနေအထားနဲ့ သူက ဒီတောင်တွေရဲ့အောက်မှာ ကြွက်တွင်းတွေလိုဖြစ်နေတာ ဂလိုဏ်တွေ ဖြစ်နေတာ ။အဲဒီလို အနေအထားကြောင့် သတ္တုတွင်းဝန်ကြီးဌာနက ရပ်တာ။ မနေ့က စပြီးတော့ပေါ့၊၊ လတ်တလောမှာ လုပ်ကိုင်ဖို့ အခြေအနေမပေးဘူး လုပ်ရင်လည်း ဒီလိုထပ်ဖြစ်မှာ ၊၊ ဘယ်အချိန်ထိ ရပ်မယ်ဆိုတာ မှန်းလို့မရဘူး။ ဆက်ပြီးတော့ ပြန်လုပ်လို့ ရ မရဆိုတာ သူတို့ ဆာဗေးဆင်းအုံးမှာပေါ့ ” ဟု အောက်တိုဘာ ၁၅ရက်တွင် ပြောကြားသည်။
မော်ချီးဒေသတွင် သတ္တုတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီ ၉ခု ရှိပြီး ယင်းကုမ္ပဏီများထံမှ တစ်ဆင့်ပြန်လည်ပြီး ကျင်းစားအဖြစ် ဆောင်ရွက်သူ ထောင်ချီရှိပြီး မြေပြိုမှုဖြစ်ပွားပြီးနောက် အများစုမှာ ၎င်းတို့နေရပ်ဒေသများသို့ ပြန်သွားပြီဖြစ်ပြီး အချို့မှာ မော်ချီးဒေသ လိုခါးလိုရွာရှိ ဒုက္ခသည်စခန်းတွင် စောင့်ဆိုင်းနေထိုင်ကာ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရေးကို မျော်လင့်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်း နတ်မောက်မြို့နယ် မကျီးကျိုကျေးရွာမှ ကိုသန်းမင်းထိုက်က “ မြေပြိုတဲ့အထဲမှာ အသိတွေတော့ ပါသွားတယ်။ ဒီကိုရောက်တာ သုံးလေးနှစ်လောက်ရှိပြီ။ ပြန်ရင်ကောင်းမလား ဟိုဘက်လုပ်ကွက် ရွှေ့မလား မသိသေးဘူး။ လုပ်ငန်းတွေ ရပ်ပြီလို့တော့ ပြောသံကြားတယ်။ သူတို့နေခိုင်းရင်တော့ ဆက်လုပ်ရမှာပဲ။ ဒီမှာက ပုံမှန်ဝင်ငွေမရှိပေမယ့် ရွာဘက်နဲ့စာရင် ကိုက်တာပေါ့။ ဒီမှာ တစ်လကို တစ်လကို တစ်သိန်းခွဲ နှစ်သိန်းလောက် စုမိတယ်”  ဟု ပြောပြသည်။လိုခါးလိုကျေးရွာသား အသက် ၄၃နှစ် အရွယ် ဦးစောအားခွာက “ ဒီဒေသက ခဲလုပ်ငန်းနဲ့ လုပ်ကိုင်စားသောက်ကြတာ။ အန္တရာယ်များပေမယ့် ဟိုးရှေးကတည်းက လုပ်ခဲ့တာဆိုတော့ ဆက်လုပ်နေရအုံးမှာ။ ဒီဒေသခံတွေအပြင် မြန်မာပြည်အရပ်ရပ်က လာလုပ်ကြတာ ဦးစေသောင်းဂဏန်းထက် မနည်းဘူး။ အညာဘက်က ပိုများတယ်။ မြေပြိုလို့ သေတဲ့အထဲမှာ ဧည့်သည်တွေများတယ်” ဟု ပြောပြသည်။

Most Read

Most Recent