အောက်တိုဘာ ၂၀ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ ကျင်းပ မည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အမှုဆောင် ကော်မတီ အရေးပေါ် အစည်းအဝေးတွင် လာမည့် ဥက္ကဋ္ဌ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
FIFA ကျင့်ဝတ်ဆိုင်ရာ ကော်မတီသည် အာဏာ အလွဲသုံးစားမှု၊ လာဘ်ပေးမှုများဖြင့် ဆွစ်ဇာလန် ရှေ့နေချုပ်ရုံး၏ စစ်ဆေးမှု ခံနေရသည့် ဥက္ကဋ္ဌ ဘလတ္တာ၊ အထွေထွေ အတွင်းရေးမှူး ဂျရုန်းဗယ်လ်ကီနှင့် ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ပလာတီနီတို့အား ရက်ပေါင်း ၉၀ ရာထူးမှ ရပ်ဆိုင်းထားပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ FIFA ၏ လက်ရှိကြုံတွေ့နေသည့် အခက်အခဲ ပြဿနာများနှင့် ပတ်သက်၍ အောက်တိုဘာ ၂၀ ရက်တွင် အမှုဆောင် ကော်မတီ အရေးပေါ် အစည်းအဝေး ကျင်းပသွားမည် ဖြစ်ပြီး UEFA ကိုယ်စားပြု အမှုဆောင် ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ဒေးဗစ်ဂီးလ်(အင်္ဂလန်)၊ ဝုလ်ဖ် ဂန်းနီယာစ်ဘက်ချ် (ဂျာမနီ)၊ မိုက်ကယ်ဒီဟူးဂီ (ဘယ်လ်ဂျီယံ) တို့က ယင်းအစည်းအဝေး၌ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးအတွက် ဆွေးနွေးခွင့်ပြုရန် တောင်းဆိုခဲ့ရာ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖြစ်ပါက ရက် ၉၀ ရာထူး ရပ်ဆိုင်းခံထားရသည့် UEFA ဥက္ကဋ္ဌ ပလာတီနီ အတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ ပလာတီနီသည် ယင်းပြစ်ဒဏ်မချခံရမီ နာရီပိုင်း အလိုတွင် ဥက္ကဋ္ဌ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် အမည်စာရင်း တင်သွင်းထားခဲ့ကြောင်း သိရသည်။
ဘလတ္တာသည် ယခုပြစ်ဒဏ်နှင့် ပတ်သက်၍ အောက်တိုဘာ ၉ ရက်က အယူခံဝင်ခဲ့ကြောင်း ၎င်း၏ ရှေ့နေများက အတည်ပြု ထုတ်ပြန်ခဲ့ပြီး ပလာတီနီမှာလည်း အောက်တိုဘာ ၁၀ ရက်က အယူခံ တင်သွင်းခဲ့သည်။ လက်ရှိတွင် FIFA ယာယီ ဥက္ကဋ္ဌအဖြစ် အာဖရိက ဘောလုံး အဖွဲ့ချုပ် (CAF) ဥက္ကဋ္ဌ ဟာယာတူက ဆောင်ရွက်နေပြီး UEFA ကမူ အစားထိုးခန့်အပ်ခြင်းမရှိပေ။
FIFA အရေးပေါ် အစည်းအဝေးတွင် ဥက္ကဋ္ဌ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရေး ဆွေးနွေးမည် ရက်ပေါင်း ၉၀ ရာထူးမှ ရပ်ဆိုင်းခံရခြင်းအတွက် ဘလတ္တာနှင့် ပလာတီနီ အယူခံတင်သွင်း