ကေတီပယ်ရီက အမေရိကန် သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ဟီလာရီကလင်တန်အတွက် ကူညီ မဲဆွယ်မည်

ကေတီပယ်ရီက အမေရိကန် သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ဟီလာရီကလင်တန်အတွက် ကူညီ မဲဆွယ်မည်
Published 12 October 2015

မကြာသေးမီ နှစ်များအတွင်း ထိပ်တန်း ပေါ့အဆိုတော် တစ်ဦးဖြစ်ခဲ့သော ကေတီပယ်ရီသည် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေသော နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်အတွက် ကူညီ မဲဆွယ်ပေးမည် ဖြစ်ကြောင်း သိရသည်။
Twitter တွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမား အပါအဝင် Follower အရေအတွက် ၇၆ ဒသမ ၃ သန်းရှိသော ပယ်ရီသည် သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရရန် အတွက် ယှဉ်ပြိုင်မှုတွင် ပထမဆုံး အရေးပါသော ပြည်နယ်ဖြစ်သည့် အိုင်အိုဝါတွင် ဟီလာရီနှင့် ပူး ပေါင်းမည် ဖြစ်ကြောင်း သိရသည်။
Des Moines မြို့တွင် ပြုလုပ် မည့် ဒီမိုကရက်တစ်ပါတီ၏ ဂျက်ဖာဆင်-ဂျက်ဆင် နှစ်ပတ်လည် ညစာစားပွဲ မတိုင်မီ အောက်တိုဘာ ၂၄ ရက်တွင် ပယ်ရီသည် ဟီလာရီ နှင့်အတူ ရှိနေမည် ဖြစ်ကြောင်း ဟီလာရီ၏ မဲဆွယ် စည်းရုံးရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။အမေရိကန်၏ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာစေရန် ကြိုးပမ်းနေသော ဟီလာရီကို ပယ်ရီ၏ ထောက်ခံမှုသည် ယခင်ကတည်းက ထင်ရှားခဲ့ပြီး ဖြစ်သည်။ အထက် လွှတ်တော် အမတ်ဟောင်း တစ်ဦးလည်း ဖြစ်သော ဟီလာရီနှင့်အတူ တွဲရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကို  ပယ်ရီက ပြီးခဲ့သောနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ဟီလာရီအတွက် မဲဆွယ်သီချင်း ရေးပေးမည်ဟု ကမ်းလှမ်း ခဲ့ကြောင်း သိရသည်။
ပယ်ရီသည် လက်ရှိသမ္မတ အိုဘားမား၏ ဒုတိယမြောက် သက်တမ်း ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ဖျော်ဖြေခဲ့ပြီး လူမှုမီဒီယာတွင် သူ၏ထင်ရှားမှုကို အသုံးချ၍ အိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင် ပြောင်းလဲရေး အစီအစဉ်ကို ပယ်ရီက လှုံ့ဆော်ပေးခဲ့သည်။ အသက် ၃၀ နှစ်ရှိ ပယ်ရီသည် Roar ၊ Fire-work ၊ Teenage Dream အပါအဝင် အလွန်အမင်း အောင်မြင်ခဲ့သည့် သီချင်းများကို သီဆိုခဲ့သည်။

Most Read

Most Recent