မြန်မာ တစ်နိုင်ငံလုံး၌ စက်တင်ဘာလကုန်အထိ လုပ်ကိုင်ခွင့်ပြုထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ၁၂၃၅ ခု ရှိလာ

မြန်မာ တစ်နိုင်ငံလုံး၌ စက်တင်ဘာလကုန်အထိ လုပ်ကိုင်ခွင့်ပြုထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ၁၂၃၅ ခု ရှိလာ
Published 11 October 2015
ချမ်းမြေ့သူ

စက်တင်ဘာလကုန်အထိ မြန်မာ တစ်နိုင်ငံလုံး၌ လုပ်ကိုင်ခွင့်ပြုထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်ပေါင်း ၁၂၃၅ ခုအထိ ရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။သြဂုတ်လကုန်အထိ စာရင်းများအရ ရန်ကုန်တွင် လိုင်စင်ရ အလုံးပေါင်း ၃၁၁ လုံး၊ မန္တလေးတွင် လိုင်စင်ရ အလုံးပေါင်း ၁၆၂ လုံး၊ နေပြည်တော် ပြည်ထောင်စုဒေသတွင် လိုင်စင်ရ အလုံးပေါင်း ၆၃ လုံး၊ ပုဂံ/ညောင်ဦးမြို့တွင် လိုင်စင်ရ အလုံးပေါင်း ၇၈ လုံးနှင့် တောင်ကြီး/အင်းလေးဒေသတွင် လိုင်စင်ရ အလုံးပေါင်း ၁၀၀ စသည်ဖြင့် အသီးသီးရှိကြောင်း သိရသည်။ယင်းနောက် စက်တင်ဘာလကုန်အထိ စာရင်းများအရ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုင်စင်ရအလုံးပေါင်း ၁၂၃၅ လုံးအထိ ရှိသည်ဟု သိရပြီး အဆိုပါ လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် အသုံးပြုနိုင်သည့် အခန်းပေါင်း ၄၈၄၂၅ ခန်းရှိလာကြောင်း သိရသည်။သို့ဖြစ်၍ တစ်လအတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ၁၀ ခု ထပ်မံခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက်မှာ ၅၀၀ ကျော် ပိုမိုလာကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများ မြှုပ်နှံလုပ်ကိုင်ရန်အတွက် နိုင်ငံသားနှင့် နိုင်ငံခြား ကုမ္ပဏီများသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြလျှောက်ထားမှု ဆက်တိုက်နီးပါး ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း စိစစ်ခွင့်ပြုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။စက်တင်ဘာလ အတွင်းက ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးများတွင် နေပြည်တော်နှင့် ရန်ကုန်တွင် နိုင်ငံသား ကုမ္ပဏီများက မြှုပ်နှံလုပ်ကိုင်မည့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းနှစ်ခုကို ခွင့်ပြုခဲ့ပြီး ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး လန်ပိ အဏ္ဏဝါအမျိုးသား ဥယျာဉ်အတွင်းရှိ မြေဧက ၁၀၀ ကျော်တွင် ဟိုတယ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် နိုင်ငံခြားကုမ္ပဏီ တစ်ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၌ လာရောက်လျှောက်ထားသည့် လုပ်ငန်းလိုင်စင်ကို ပြန်လည်ချထားပေးရာတွင် ရန်ကုန်နှင့် မန္တလေးဒေသတို့တွင် အများဆုံးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent