အာရှ ဘောလုံးအဖွဲ့ချုပ်(AFC)သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (G) ပွဲစဉ်များ ဖြစ်သည့် မြန်မာ-ဟောင်ကောင်၊ မြန်မာ-ဗီယက်နမ် ပွဲတို့မှ ပရိသတ်များ၏ အပြုအမူနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)ထံ ဖြေရှင်းချက် တောင်းခံထားကြောင်း သိရသည်။
မြန်မာအသင်းနှင့် ဟောင်ကောင် အသင်းတို့ပွဲတွင် မြန်မာ ပရိသတ်တစ်ဦးမှာ ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ပွဲတွင်လည်း ဆိုးသွမ်း ပရိသတ်အချို့မှာ ကွင်းအတွင်းသို့ ရေဘူးများ၊ ပလတ်စတစ် အိတ်များဖြင့် ပစ်ပေါက်ခဲ့ရာ AFC စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ဖြေရှင်းချက် တောင်းခံ ထားခြင်းဖြစ်သည်။ MFF သည် ယင်းဖြစ်ရပ်အတွက် ယခုရက်ပိုင်းအတွင်း ဖြေရှင်းချက် ပေးရမည်ဖြစ်ပြီး AFCက စုံစမ်းစစ်ဆေးကာ အရေးယူမှု ပြုလုပ်သွားမည် ဖြစ်သည်။ AFC သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကကျင်းပ ခဲ့သည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင်လည်း ပရိသတ်များ ကွင်းအတွင်း ဝင်ရောက် အောင်ပွဲခံခြင်း၊ ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ခြင်းတို့ကြောင့် မြင့်မားသည့် ဒဏ်ကြေး ငွေများအပါအဝင် ကွင်းပိတ်ပြစ်ဒဏ် တစ်ပွဲ ချမှတ်ခဲ့ရာ ယခု ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲ၏ အဖွင့် ပွဲစဉ်ဖြစ်သည့် မြန်မာအသင်းနှင့် ဘရူနိုင်းအသင်းတို့ ပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ် ကစားခဲ့ရကြောင်း သိရသည်။
မြန်မာဘောလုံး ပရိသတ်အချို့၏ အလွန်အကြူး အားပေးမှုများကြောင့် AFC မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာ ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် လွယ်ကူတော့မည် မဟုတ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲကိုလည်း အိမ်ကွင်း ပိတ်ခံထားရသောကြောင့် ကြားကွင်း၌ ကစားနေရသည်။
မြန်မာ-ဟောင်ကောင်၊ မြန်မာ-ဗီယက်နမ်ပွဲမှ ပရိသတ်များ၏ အပြုအမူအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံ အာရှ ဘောလုံးအဖွဲ့ချုပ် ဖြေရှင်းချက် တောင်းခံ