EITI အစီရင်ခံစာတွင် အဓိက တင်သွင်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ စီးဝင်မှုကို နိုင်ငံတကာ စာရင်းစစ်အဖွဲ့က ရာနှုန်းပြည့် တိုက်ဆိုင် စစ်ဆေးမည်

EITI အစီရင်ခံစာတွင် အဓိက တင်သွင်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ စီးဝင်မှုကို နိုင်ငံတကာ စာရင်းစစ်အဖွဲ့က ရာနှုန်းပြည့် တိုက်ဆိုင် စစ်ဆေးမည်
Published 10 October 2015
သက်ထား

မြန်မာနိုင်ငံမှ သဘာ၀ သယံဇာတ ပွင့်လင်း မြင်သာမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံ ဖြစ်စေရန် ၂၀၁၆ ဇန်နဝါရီတွင် တင်သွင်းရမည့် အစီရင်ခံစာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍကို အဓိက တင်သွင်းမည် ဖြစ်ကာ ယင်းမှရရှိသည့် အခွန် ဘဏ္ဍာငွေ စီးဝင်မှုကို နိုင်ငံတကာ စာရင်းစစ် အဖွဲ့က ရာနှုန်းပြည့် တိုက်ဆိုင် စစ်ဆေးသွားမည် ဖြစ်ကြောင်း မြန်မာ EITI ညှိနှိုင်း ဖော်ဆောင်ရေးရုံးမှ သိရသည်။အဆိုပါ အစီရင်ခံစာတွင် အဓိကအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍကို တင်သွင်းမည်ဖြစ်ကာ ဒုတိယ အနေဖြင့် ကျောက်မျက် ကဏ္ဍ၊ ထို့နောက် သတ္တု ကဏ္ဍတို့ကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ ကဏ္ဍများအနက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ၏ အခွန်ဘဏ္ဍာငွေ စီးဝင်မှုကို ရာခိုင်နှုန်း ၁၀၀ တိုက်ဆိုင် စစ်ဆေးမည်ဖြစ်ကာ သတ္တု ကဏ္ဍတွင် ရာခိုင်နှုန်း ၅၀ နှင့် ကျောက်မျက် ကဏ္ဍတွင် ၆၇ ရာခိုင်နှုန်း တိုက်ဆိုင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။“ဘဏ္ဍာငွေ စီးဝင်မှုကို တိုက်ဆိုင် စစ်ဆေးတာက အစိုးရက စစ်ဆေးတာ မဟုတ်သလို ကုမ္ပဏီလည်း မဟုတ်ဘူး။ ဒါ့အပြင် အရပ်ဘက် အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ အခွန် ဘဏ္ဍာငွေ စီးဝင်မှုကို နိုင်ငံတကာမှာ စစ်သလို လွတ်လပ်တဲ့ နိုင်ငံတကာ စာရင်းစစ်အဖွဲ့ဖြစ်တဲ့ Moore Stephen အဖွဲ့က စစ်ဆေးမှာ ဖြစ်ပါတယ်။ အဲလို စစ်တဲ့အခါမှာလည်း အခု သုံးပွင့်ဆိုင် အဖွဲ့ရဲ့ သဘောတူညီမှုအရ ရေနံသဘာဝဓာတ်ငွေ့၊ ကျောက်မျက်နဲ့ သတ္တု ကဏ္ဍတွေကို ထည့်သွင်းထားတာ ဖြစ်ပါတယ်” ဟု မြန်မာ့ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံးမှ ဦးမင်းဇာနည်လင်းက ပြောကြားသည်။ယင်းကဏ္ဍများ၏ အခွန်ဘဏ္ဍာငွေ စီးဝင်မှုကို တိုက်ဆိုင် စစ်ဆေးရာတွင် လုပ်ငန်း ဆောင်ရွက်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ အားလုံး၏ အခွန်ပေးဆောင်ငွေနှင့် အစိုးရမှ ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များကို တိုက်ဆိုင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။အလားတူ ကျောက်မျက် ကဏ္ဍတွင်မူ  ကျပ် ၁၀ ဘီလျံနှင့်အထက် ရသည့် ကုမ္ပဏီများ၊ သတ္တု ကဏ္ဍတွင်မူ ကျပ် ၀ ဒသမ ၂၅ ဘီလျံနှင့်အထက် ရရှိသည့် ကုမ္ပဏီများကို အခွန် ဘဏ္ဍာငွေ တိုက်ဆိုင် စစ်ဆေးရန် ထည့်သွင်းထားကြောင်းလည်း သိရသည်။EITI အစီရင်ခံစာ ရေးဆွဲရန် အစိုးရ၊ ကုမ္ပဏီ၊ အရပ်ဘက် အဖွဲ့အစည်း၊ Moore Stephen အဖွဲ့တို့က နေပြည်တော်တွင် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ကာ ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။EITI အဖွဲ့ဝင်လောင်း နိုင်ငံဖြစ်လာသည့် မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ဇူလိုင်မှ စတင်ကာ ၁၈ လအတွင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် အစီရင်ခံစာကို အပြီးသတ် ရေးဆွဲရမည်ဖြစ်ပြီး  EITI Secretarait ရုံးသို့ တင်သွင်းရမည် ဖြစ်သည်။ အဆိုပါ အစီရင်ခံစာသည် EITI အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် ရွေးချယ်ခံထားရသည့် နိုင်ငံတိုင်း အဖွဲ့ဝင် ဖြစ်စေရန် တင်သွင်းရသည့် အစီရင်ခံစာ ဖြစ်ကြောင်း သိရသည်။မက္ကဆီကိုနိုင်ငံတွင် ကျင်းပသည့် EITI ဖော်ဆောင်ရေး အဖွဲ့၏ (၂၇) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံအား EITI အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် EITI Board မှ၂၀၁၄ ဇူလိုင် ၂ ရက်တွင် လက်ခံ သဘောတူခဲ့သည်။ EITI သည် သယံဇာတ တူးဖော်ရေး လုပ်ငန်းများ၏ ဝင်ငွေ၊ ပွင့်လင်းမြင်သာရေးကို အဓိကထားသည့် ကမ္ဘာလုံးဆိုင်ရာ စံချိန်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent