မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲတွင် ဗဟိုအတိုင်ပင်ခံ ဦးစိုးသာနှင့် မကွေးတိုင်းဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေတို့က အမျိုးသားရေးနှင့် မျိုးနွယ်ကို စောင့်ရှောက်ရေး အဓိကထားဟောပြော

မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲတွင် ဗဟိုအတိုင်ပင်ခံ ဦးစိုးသာနှင့် မကွေးတိုင်းဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေတို့က အမျိုးသားရေးနှင့် မျိုးနွယ်ကို စောင့်ရှောက်ရေး အဓိကထားဟောပြော
Published 8 October 2015
အောင်သူငြိမ်း

မကွေးမြို့နယ် ကန်သာကြီးကျေးရွာအနီး မကွေး - ရေနံချောင်း ကားလမ်းအရှေ့ဘက် ယာခင်းပြင်၌ အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သော မကွေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များနှင့် ပါတီဝင်များ တွေ့ဆုံပွဲတွင် ယင်းပါတီ ဗဟိုအတိုင်ပင်ခံ ဦးစိုးသာနှင့် မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်ပြီး လက်ရှိ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လည်းဖြစ်သည့် ဦးဘုန်းမော်ရွှေတို့ နှစ်ဦးစလုံးက အမျိုးသားရေး၊ မျိုးနွယ်ကို စောင့်ရှောက်ရေးတို့ကို အဓိကထား ဟောပြောခဲ့သည်။
ရွေးကောက်ပွဲကျင်းပရန် တစ်လတိတိ အလိုနေ့တွင် ကျင်းပခဲ့သည့် အဆိုပါပွဲသို့ လွှတ်တော်အသီးသီးအတွက် မကွေးတိုင်းအတွင်းမှ ဝင်ရောက်အရွေးခံမည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ၊ မကွေး၊ မင်းဘူး (စကု)၊ ပွင့်ဖြူ၊ ပခုက္ကူ၊ ဂန့်ဂေါ စသည့် မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဗဟိုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း၊ ယင်းတွေ့ဆုံပွဲတွင် ပြည်ခိုင်းဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးစိုးသာနှင့် မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေတို့က ဟောပြောဆွေးနွေးခဲ့ပြီး လက်ရှိအစိုးရလက်ထက် လုပ်ဆောင်ချက်များ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ချက်များကို ထည့်သွင်းပြောကြားခဲ့ကာ ၎င်းတို့ပါတီအား မဲပေးကြရန် ပြောကြားသည်။
“တို့မြန်မာ လူမျိုးအတွက် ပြည်ခိုင်ဖြိုးကတော့ စိတ်ချရတယ်။ မြန်မာဆိုတာမှာ တိုင်းရင်းသားတွေအားလုံး အပါအဝင် ဖြစ်တယ်။ အမျိုးသားရေးဆိုရင် တို့ပါတီ၊ တို့အစိုးရက ဘယ်သူ့မျက်နှာမှ မကြည့်ဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးဘက်ကပဲ ပြတ်ပြတ်သားသား ရပ်တည်မယ်။ ပြတ်ပြတ်သားသား မရပ်တည်လို့ကတော့ တို့နိုင်ငံနဲ့ လူမျိုးတွေမှာ အန္တရာယ်ရှိတယ်။ တို့မြန်မာနိုင်ငံမှာ တိုင်းရင်းသားမျိုးနွယ် စာရင်းမှာ တစ်ခါမှမရှိတဲ့ မျိုးနွယ်ကို လက်ခံဖို့ ဘယ်သူကဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ ပရက်ရှာပေးပေး၊ တို့ပါတီ၊ တို့အစိုးရကတော့ ဘယ်အမျိုးမှ လက်ခံမှာ မဟုတ်ဘူးကွ” ဟု ဦးစိုးသာက ယင်းတွေ့ဆုံပွဲတွင် ပြောကြားသည်။

မကွေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များနှင့် ပါတီဝင်များ တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေအား တွေ့ရစဉ်
မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲကော်မတီ ဥက္ကဋ္ဌဖြစ်သည့် ဦးဘုန်းမော်ရွှေက ဆက်လက်ဆွေးနွေး ဟောပြောရာတွင်လည်း ဦးစိုးသာ ပြောကြားခဲ့သည့် အချက်များကို ထောက်ခံဆွေးနွေးခဲ့ပြီး ၎င်းတို့သည် မိဘများ အရွယ်ဖြစ်၍ မျိုးဆက်သစ်များသည် သားသမီးများ သဖွယ်ဖြစ်ကာ မိဘများအနေဖြင့် ကောင်းမွေကိုသာ လက်ဆင့်ကမ်းလိုကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ အောင်နိုင်ရေးကို အန္တိမ ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် မျိုးမြန်မာ ကမ္ဘာတည်စေဖို့ဟူသော ဆောင်ပုဒ်ကို မက်ဆေ့ချ်ပေးလိုကြောင်းများ ပြောကြားသည်။
ဦးဘုန်းမော်ရွှေက သူ၏ဟောပြောချက်ထဲတွင် ၎င်းတို့အစိုးရလက်ထက် ဖုန်းများ၊ ဆိုင်ကယ်များ၊ ကားများ ပေါများစွာ အသုံးပြုနိုင်မှုများ၊ ကျေးရွာတစ်ရွာတွင် အရန်သားဖွားဆရာမ တစ်ဦးနှုန်း ရှိသည်အထိ ဆောင်ရွက်ခဲ့မှုများကို ထည့်သွင်းပြောကြား ခဲ့သော်လည်း မကွေးတိုင်းအတွင်း ကျေးလက်ဆေးခန်း အများစုတွင် သာမန်ဆရာဝန်ပင် လုံလောက်စွာ မရှိဘဲ ပိတ်ထားသည့် ဆေးခန်းများပြားမှုများ၊ ရေဘေးသင့် ခံခဲ့ရသည့် စေတုတ္တရာ မြို့နယ်အတွင်း ကျေးရွာများတွင် ဖုန်းလိုင်းဆက်သွယ်ရေး ပြတ်တောက်မှုများ၊ ယနေ့ထိ လေမိုးမလုံသည့် စာသင်ဆောင်များဖြင့် စာသင်ကြားနေရမှုများ ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။       
ယင်းပွဲသို့ တက်ရောက်ခဲ့သည့် စကုမြို့မှ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးက “ကျွန်တော်တို့ မြို့နယ်မှာတော့ ပါတီတွေက အပြိုင်အဆိုင်ပါပဲ။ ကျွန်တော်ကတော့ ပါတီဝင်တစ်ဦးလည်း ဖြစ်နေလို့  တက်ရောက်လာတာပါ။ တက်ရောက်လာသူတွေထဲက ဆင်းရဲချို့တဲ့ သူတွေကိုတော့ ပါတီကနေ သွားရေးလာရေး အဆင်ပြေအောင် ထောက်ပံ့ပေးတာမျိုးတွေ ရှိပါတယ်” ဟု ပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါ်ဝင်းမော်ထွန်းအား ဗဟိုအတိုင်ပင်ခံ ဦးစိုးသာနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေတို့၏ အမျိုးသားရေး ဦးစားပေး ဟောပြောမှုများသည် မကြာသေးမီက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော မဘသအဖွဲ့၏ မျိုးစောင့်ဥပဒေ အောင်ပွဲနှင့် ဆက်စပ်မှု ရှိမရှိ မီဒီယာများက မေးမြန်းခဲ့ရာ ထိုသို့ဆက်စပ်မှု မရှိကြောင်းနှင့် မိမိလူမျိုးအတွက်သာ ဟောပြောခဲ့ပြီး ဘာသာရေး မပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ ဦးဘုန်းမော်ရွှေအား ရွေးကောက်ပွဲတွင် မင်းဘူးမြို့ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက် အရွေးခံမည်နှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ သီးသန့်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် ဟောပြောစဉ်က ပြောကြားပြီးခဲ့ကြောင်းသာ ပြန်လည်ဖြေကြားသည်။
ဦးစိုးသာသည် ယခင်က နိုင်ငံပိုင် မြေကွက်များနှင့် နိုင်ငံပိုင်စက်ရုံများ လုပ်ငန်းများ အများအပြားကို ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့စဉ်က အဓိက တာဝန်ရှိသူ တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိတွင်လည်း ရန်ကုန်မြို့ရှိ အဓိက အချက်အချာကျရာ နေရာအချို့တွင် ဒေါ်လာသန်းချီတန်သော မြေကွက်ကြီးအချို့ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။                                       

Most Read

Most Recent