ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်သို့ အနုပညာရှင်များ ပူးပေါင်းပါဝင် ဆောင်ရွက်မည်

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်သို့ အနုပညာရှင်များ ပူးပေါင်းပါဝင် ဆောင်ရွက်မည်
Published 8 October 2015
အောင်ဇော်ထွန်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအောက်တိုဘာ ၂၄ ရက် ဝန်းကျင်တွင် ကော့မှူးမြို့နယ်သို့ ဒုတိယအကြိမ် မဲဆွယ်စည်းရုံးရေး ခရီးစဉ် သွားရောက်မည်ဖြစ်ရာ အဆိုပါ ခရီးစဉ်သို့ အနုပညာရှင်များ ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ရာ ၎င်း၏ မဲဆန္ဒနယ်အတွင်း ပထမဆုံးအကြိမ် မဲဆွယ်စည်းရုံးမှုကို စက်တင်ဘာ ၂၁ ရက် နှင့် ၂၂ ရက်များတွင် ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာနှင့် သမင်ခြံ ကျေးရွာများသို့ သွားရောက်ခဲ့ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောမှုများ ပြုလုပ်ခဲ့သည်။
ကော့မှူးမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးဌေးဦးက “အန်တီလာမှာက ၂၄ ရက်နေ့ပါ။ အန်တီက အရှေ့ခြမ်း တစ်ရက်၊ အနောက်ခြမ်း တစ်ရက် သွားမယ်လို့ ပြောတယ်။ ပထမတစ်ခါလိုပေါ့။ အခုဟာက တခြားရွာတွေကို သွားမှာပေါ့။ အန်တီက ဘယ်နှနေရာ ပြောနိုင်မလဲဆိုတာ မသိသေးတော့ ကျွန်တော်တို့က ဘယ်ရွာတွေ သွားမယ်ဆိုတာ လောလောဆယ် အတည်ပြုပေးလို့ မရသေးဘူး။ အကြမ်းဖျင်း ဆွဲထားတာလောက်ပဲ ရှိသေးတယ်။ အနည်းဆုံး နှစ်နေရာ၊ သုံးနေရာလောက်တော့ ပြောနိုင်ပါတယ်။ ကိုလူမင်းတို့ အဖွဲ့တွေတော့ ပါလာဦးမယ်လို့ ပြောတယ်။ ရာသီဥတုကောင်းရင် ဖျော်ဖြေရေးတွေ၊ ဘာတွေ လုပ်မယ်လို့ ပြောတယ်” ဟု အောက်တိုဘာ ၇ ရက်က ပြောကြားသည်။
ဖျော်ဖြေရေးကို ကော့မှူးမြို့နှင့် လေးမိုင်ဝန်းကျင်ခန့် ဝေးသည့် ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ ဘောလုံးကွင်းတွင် ပြုလုပ်ရန် လျာထားကြောင်း သိရသည်။
NLD မှ ဖျော်ဖြေရေးနှင့် ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးက “၂၄ ရက်နေ့ကို ကျွန်မတို့ သွားရမယ်လို့တော့ သိထားတယ်။ အနုပညာရှင်တွေပါမယ်။ အနုပညာရှင် အရေအတွက် တော်တော်များမယ်။ အနုပညာရှင်စာရင်း၊ နာမည်တွေကိုတော့နီးမှ အတည်ပြုနိုင်မယ်။ သီချင်းဆိုတာရှိမယ်။ ပြဇာတ်ပုံစံ ဖျော်ဖြေဖို့တော့ရှိတယ်။ ဒါပေမဲ့ ကျွန်မတို့ နေရာအပေါ်လည်း မူတည်သေးတယ်။ ကားပေါ်မှာ ဆိုလို့ရှိရင်တော့ ပြဇာတ်မပါဘဲနဲ့ သံချပ်တို့ဘာတို့ အဲဒီလောက် ပါတာမျိုးလည်း ဖြစ်နိုင်တယ်” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ရေးအတွက် ၎င်းကိုယ်တိုင် တိုင်းနှင့် ပြည်နယ် အသီးသီးသို့ သွားရောက်၍ ရွေးကောက်ပွဲအောင်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်များသို့ စက်တင်ဘာနှင့် ယခုလအတွင်း သွားရောက်ခဲ့ပြီး ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်များသို့လည်း သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
 

Most Read

Most Recent