သင့်တွင် အခွင့်အရေး ရှိနေပြီ၊ သင်... မဲပေးပါ။

သင့်တွင် အခွင့်အရေး ရှိနေပြီ၊ သင်... မဲပေးပါ။
Published 8 October 2015
ဘစံကောက်

ခုတလော လူတွေအပြောများတဲ့ စကားတစ်ခွန်းကတော့ “မဲစာရင်းတွေမှားနေတယ်” ဆိုတဲ့စကားပါ။
ပြောရရင် ဒါက ဒုတိယအကြိမ်ထုတ်တဲ့ မဲစာရင်းပါ။ ပထမအကြိမ်ထုတ်တဲ့ မဲစာရင်းမှာ ကျွန်တော့ မိသားစု နာမည်တွေက ပါပြီးသားမို့ စိုးရိမ်စိတ်တော့ မဖြစ်မိပါဘူး။ ဒါအပြင် အခုလက်ရှိ တာဝန်ယူထားတဲ့ ကော်မရှင်ကလည်း အနီးကပ်ဆုံး ၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံ ရှိထားတယ်။ ဝန်ထမ်းတွေကလည်း သင်တန်းပေးထားတဲ့သူတွေ။ နည်းပညာ အကူအညီလည်း ရယူထားပြီး ဘဏ္ဍာငွေ အင်အားလည်း အလုံအလောက်ရှိတယ် ဆိုတော့ မဲစာရင်းမှားတယ်ဆိုလည်း အနည်းအပါးလောက်ပဲ ရှိလိမ့်မယ်လို့တွေးပြီး အေးနေမိတယ်။ ဒါပေမဲ့ နောက်တော့ မဲစာရင်းတွေ မှန်ကန်ဖို့ ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူနိုင်မယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်က ထုတ်ပြီး ပြောတယ်လည်းဆိုရော စိတ်ထဲဘယ့်နှယ့် ဖြစ်သွားမှန်းကို မသိဘူး။ ဒါဆိုရင်တော့ မဟုတ်သေးဘူးဆိုပြီး မဲစာရင်းကို အပြေးအလွှား ကြည့်ရတော့တယ်။
ပထမတစ်ကြိမ် မဲစာရင်းမှာက ကျွန်တော်နဲ့ ဇနီးသည်က အထက်အောက်ပါ။ ဒီတစ်ကြိမ်တော့  အလျှင်လို မဟုတ်တော့ဘူး။ အက္ခရာဝလိနဲ့ စဉ်တယ်လို့ ဆိုထားတော့ ရှာတဲ့အခါ ဇနီးသည်နာမည်ကို ရှာလို့တွေ့တယ်။ ကျွန်တော့်နာမည်က ရှာလို့မတွေ့ဘူး။ ပြောရရင် အတော်ခေါင်းကြီးသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က နိုင်ငံသား တစ်ယောက်အနေနဲ့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးကို လိုချင်တယ်။ ကိုယ့်တာဝန် ကိုယ်ကျေချင်တယ်။ ကိုယ်ပါဝင် ထမ်းရွက်ခွင့်ရတဲ့ နေရာကလေးဟာ သဲတစ်ပွင့်နေရာပဲ ဖြစ်စေဦးတော့ ကိုယ်လည်း ကျန်တဲ့သဲပွင့်တွေနဲ့ အတူရောပြီး နိုင်ငံတည်ဆောက်ရေးအတွက် အုတ်မြစ်ချတဲ့နေရာမှာ ပါဝင်ထမ်းရွက်ခွင့် ရချင်တယ်။ ဆိုတော့ သည်စာရွက်မှာမတွေ့ ဟိုစာရွက်လှန်ရှာ။ ဟိုစာရွက်မှာ မတွေ့ပြန်တော့ နောက်တစ်ရွက် လှန်ရှာနဲ့ ရှာတော့မှ သွားတွေ့တယ်။ သည်တော့မှပဲ ဟင်းချနိုင်တော့တယ်။
ကျွန်တော့်လိုပဲ ကျန်တဲ့မိသားစုတွေလည်း တစ်ယောက်တစ်နေရာစီတွေ ဖြစ်ကုန်လို့ ရုံးတစ်ပတ်လည်ရှိသမျှ စာရွက်တွေ အကုန်လှန်ပြီး ရှာနေကြတာတွေ့တယ်။ သည်မှာ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကတော့ သူ့နာမည်က သည်ဘက်ထိပ်ဆုံးမှာ။ သူ့ဇနီးသည်က ဟိုဘက်စာရွက် အောက်ဆုံးမှာ။ သူ့ခမျာ နည်းတဲ့စာရွက်တွေ မဟုတ်ဘူး။ ရှာရတာ အတော်မောသွားပုံရတယ်။ တွေ့တယ်ဆိုတော့လည်း အေးသွားတာပေါ့လေ။ ဒါပေမဲ့ တွေးကြည့်တယ်။ မဲစာရင်းကို သည့်ထက်လွယ်အောင် လုပ်လို့မရဘူးလား လို့ပေါ့လေ။ ခုတော့ လွယ်သင့်ပါလျက် ခက်အောင်လုပ်ထားတဲ့ မဲစာရင်းဖြစ်နေလို့ စိတ်ထဲဘယ့်နှယ့်များ ဖြစ်ရတာပါလိမ့်လို့ စဉ်းစားလို့တောင် မတတ်ဘူး။ အဲဒါ နေ့လယ်ကျတော့ လူတစ်ယောက်နဲ့ တွေ့ပြန်တယ်။ မဲစာရင်းမှာ သူ့နာမည်မပါလို့ ပြန်ပြီးလျှောက်တာ နှစ်ခါရှိနေပြီ ပြောတယ်။ ဒါလည်း မပါသေးဘူးတဲ့။ သူ့ကြည့်ရတာ အတော်စိတ်ပျက် နေတဲ့ပုံပါ။ တော်ပြီ မဲမပေးတော့ဘူးလို့ ပြောသံလည်း ကြားလိုက်ရတယ်။
ဒီနေရာမှာ တစ်ခုပြောချင်တာက ရွေးကောက်ပွဲဆိုတာ ကိုယ်တစ်ဦးတစ်ယောက်ထဲ၊ ကိုယ့်မိသားစု တစ်စုထဲရဲ့ အရေးကိစ္စ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး တစ်မျိုးလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စပါ။ ကိုယ်ကမဲမပေးလည်း တခြားသူတွေ ပေးကြလိမ့်မပေါ့လို့ လွယ်လွယ်တွေးပြီး လက်လွတ်စပါယ် လုပ်သင့်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ နိုင်ငံသား တစ်ယောက်အနေနဲ့ နိုင်ငံအရေးက ကိုယ့်အရေးပါပဲ။ နောက်ပြီး အခုကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲက (FPTP) စနစ် First Past the Post နိုင်သူ အကုန်ယူစနစ်ပါ။ ဒါကြောင့် နိုင်ငံသားတစ်ဦးချင်း၊ တစ်ယောက်ချင်းစီပေးတဲ့ မဲတစ်မဲကလည်း အလွန်အရေးပါပါတယ်။
ပြောရရင် ပါတီတွေကလည်း များတယ်။ ပါတီပေါင်း ၉၀ ကျော်တယ်။ ကိုယ်စားလှယ် အရေအတွက်ကလည်း များတော့ မဲတွေက ပြားသွားနိုင်တယ်။ သည်အထဲမှာ မဲအများဆုံး ပါတီနှစ်ခုဟာ မဲအရေအတွက် တူညီနေမယ်ဆိုရင် တစ်မဲသာတဲ့သူက အနိုင်ပါ။ အဲဒီအနိုင်ရတဲ့ မဲတစ်မဲဟာ ကျွန်တော့် မဲလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တခြားလူ တစ်ယောက်ယောက်ရဲ့ မဲလည်း ဖြစ်နိုင်တယ်။ ဘယ်သူ့မဲပဲဖြစ်ဖြစ် အဆုံးအဖြတ် မဲတစ်ပြားက သည်နေရာမှာ အလွန်အရေးပါနေပြီဆိုတာ ပြောနေစရာလိုမယ် မထင်တော့ပါဘူး။ ဒါကြောင့် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်တဲ့ နိုင်ငံသားတိုင်း မဖြစ်မနေ မဲပေးကြဖို့ လိုပါတယ်။
အခုထုတ်ပြန်တဲ့ မဲစာရင်းမှာ ကိုယ့်နာမည် မပါရင်တော့ မဲပေးခွင့်မရနိုင်ဘူးလို့ ဆိုပါတယ်။ ဒါလည်း ဖြစ်တော့ မဖြစ်သင့်ပါဘူး။ မဲစာရင်းမှာ ကိုယ့်နာမည် မပါတာက ပြောရရင် ကိုယ့်အပြစ်ဆိုတာထက် စာရင်းပြုစုတဲ့ ဝန်ထမ်းတွေရဲ့ ပေါ့လျော့မှု၊ မှားယွင်းမှုကြောင့်ပဲ ဖြစ်ရတာမို့ သူတို့တွေ မဲပေးခွင့် မဆုံးရှုံးရအောင် ကော်မရှင်အနေနဲ့ တစ်စုံတစ်ရာ အတိုင်းအတာအထိ တာဝန်ယူ ဆောင်ရွက်ပေးသင့်ပါတယ်။ အခုနောက်ဆုံး ကြားရတာကတော့ ကော်မရှင်အနေနဲ့ လူတိုင်းမဲပေးခွင့်ရအောင် ဆောင်ရွက်ပေးသင့်မယ်လို့ ကြားရပါတယ်။ မဲပေးခွင့် မဆုံးရှုံးစေရဘူးလို့ ကော်မရှင် ဥက္ကဋ္ဌကိုယ်တိုင် ပြောသွားတာလည်း ကြားရပါတယ်။
တကယ်လည်း သည်လိုမှ မလုပ်ပေးရင် ကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းအမှားတွေကြောင့် မဲပေးခွင့်ရဖို့ အတော်ခက်ခဲနေတာပါ။ ဆိုရရင် တချို့ရွာတွေမှာ မဲစာရင်းက ရွာအလိုက် မဟုတ်ဘဲ အုပ်စုအလိုက် ထုတ်ပြန်တယ်လို့ ဆိုပါတယ်။ ဆိုတော့ သည်ရွာမှာ မွေး သည်ရွာမှာကြီးတဲ့ ရွာသူရွာသားတစ်ယောက် ဖြစ်တာမှန်ပေမယ့် မဲစာရင်းကပ်တဲ့အခါမှာ ကိုယ့်ရွာက မဲစာရင်းမှာ ကိုယ့်နာမည်က မပါဘူး။ ကိုယ့်အုပ်စုထဲက တခြားရွာတွေမှာ ကိုယ့်နာမည်စာရင်းက ပါနေတယ်။ နောက်ပြီး ခုတစ်လော ရေတွေကကြီး၊ ရွာတွေကလည်း ရေမြုပ်နေတာဆိုတော့ တစ်ရွာနဲ့ တစ်ရွာ သွားရဖို့တောင်မှ ခက်နေတာ။ ဘယ့်နှယ့်လုပ်ပြီး မဲစာရင်း သွားကြည့်နိုင်ပါမလဲ။ ဒီလို မဲပေးနိုင်ခွင့်ရအောင် အလွယ်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းကို စဉ်းစားပြီး လုပ်ဆောင်ပေးရမှာလည်း ဖြစ်ပါတယ်။
တချို့လည်း မဲစာရင်းမှားတယ်ဆိုတော့ စိတ်ပျက်ကြတယ်။ ပုံစံတွေနဲ့ဖြည့်ပြီးပြန်တင်မှ ရမယ်ဆိုတော့လည်း အလုပ်ရှုပ်တယ်ထင်ပြီး မပြင်ကြတော့ဘူး။ မလျှောက်ကြတော့ဘူး။ တချို့ကျတော့လည်း မဲစာရင်းတောင် သွားမကြည့်ကြဘူး။ ကျွန်တော့်အိမ်ကို လာတဲ့ ငါးပိရောင်းတဲ့ အမျိုးသမီးကတော့ “မဲစာရင်းလည်း သွားမကြည့်တော့ပါဘူး။ ကိုယ်ပေးလည်း သူတို့လုပ်ချင်ရာ လုပ်ကြတာ။ ပြီး ကိုယ်က ဘယ်အစိုးရပဲတက်တက် ငါးပိရောင်းရမှာပဲ။ အလုပ်ရှုပ်ခံပြီး မဲပေးမနေတော့ဘူး” တဲ့။ သူ့စကားကြားရတော့ တစ်လောက တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲလေးတစ်ခုကို တက်ပြီးနားထောင် ခဲ့ရတာလေးတစ်ခု ပြန်ပြီး အမှတ်ရမိတယ်။ လူတချို့က ကိုယ့်မှာ ဘာတာဝန်ရှိတယ် ဆိုတာတောင် မသိတဲ့သူတွေရှိတယ်။ ကိုယ့်မှာ တာဝန်မရှိဘူးလို့တွေးတော့ တာဝန်သိစရာ မလိုဘူး။ ဒါဆိုတာဝန်လည်း မယူရတော့ဘူး။ ဆိုတော့ အေးတာပဲလို့ တွေးတတ်ကြတယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် လူတိုင်းသူ့နေရာနဲ့သူ တာဝန်ယူနေကြရတဲ့ သူတွေချည်းပဲ။ အဲဒီဆွေးနွေးပွဲမှာလဲ လူတိုင်းက အကြောင်းအရာ အမျိုးမျိုးနဲ့ ဆွေးနွေးကြတယ်။ ဒါပေမဲ့ နောက်ဆုံး အနှစ်ချုပ်လိုက်တော့ တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှု မရှိရင် မိသားစုတစ်စုရဲ့ ဘဝလည်း မအောင်မြင်နိုင်ဘူး၊ မတိုးတက်နိုင်ဘူး၊ မသာယာနိုင်ဘူး။ အဖွဲ့အစည်းတွေ၊ လုပ်ငန်းဌာနတွေ၊ အလုပ်ရုံ စက်ရုံတွေလည်း ထိုနည်းလည်းကောင်းပဲ။ နောက်ဆုံး နိုင်ငံ တစ်နိုင်ငံလည်း သည်လိုစိတ်ဓာတ်မျိုး မရှိတော့ဘူးဆိုရင် ဘယ်လိုမှ ရေရှည်မတည်တံ့နိုင်ဘူး။ မကြီးပွားနိုင်ဘူး။ မဖွံ့ဖြိုး၊ မတိုးတတ်နိုင်ဘူး ဆိုတာကိုပဲ ဇောင်းပေးပြီး ပြောသွားကြတာ ကြားရတယ်။
သည်နေရာမှာ တာဝန်ဆိုတာ ကိုယ်က မသိပေမယ့် အလိုလို ကိုယ့်ပခုံးပေါ်မှာ ရောက်နေတဲ့ တာဝန်ဆိုတာလည်းရှိတယ်။ မွေးရာပါ တာဝန်ဆိုတော့ ပမာအားဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာဓလေ့၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာကို စောင့်ရှောက်ရမယ်၊ ကာကွယ်ရမယ် ဆိုတော့ ဘယ်တိုင်းပြည်က ဘယ်လူမျိုးမဆို ဘယ်သူကမှ တာဝန်မပေး ပေမယ့်လည်း ထမ်းဆောင်ရမယ့် တာဝန်ပဲ။ ဒါကို မထမ်းရွက်နိုင်ဘူး။ တာဝန်မယူနိုင်ဘူးဆိုရင် ကိုယ်က နိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်မကျေရာ ကျပါတယ်။
နောက် တာဝန်တစ်မျိုးကတော့ သင့်လျော်တယ်။ အရည်အချင်း ရှိတယ်ထင်လို့ ကိုယ့်ကိုပေးလာတဲ့ တာဝန်ပါပဲ။ သည်တာဝန် ဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ပဲ ဆိုင်ပါတယ်။ ဘယ်လိုအခက်အခဲပဲ ရှိသည်ဖြစ်စေ ကိုယ့်ကို ယုံကြည်လို့ တာဝန်ပေးလာခဲ့မယ်ဆိုရင် ကျေပွန်အောင် ထမ်းဆောင်ရမှာပါပဲ။ မအောင်မြင်ဘူး၊ မလုပ်နိုင်ဘူးဆိုရင် ကိုယ့်မှာ သူတို့ယုံကြည်သလို အရည်အချင်း မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဖော်ပြရာလည်း ရောက်တာမို့ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီအနေနဲ့ အောင်မြင်အောင် ဆောင်ရွက်ပြီး ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းနိုင်ဖို့ လိုအပ်ပါတယ်။ သည်လို ကိုယ့်အသိ စိတ်ဓာတ်နဲ့ ကိုယ်တာဝန်ယူ လုပ်ဆောင်နိုင်တဲ့သူတွေ ရှိပါမှလည်း အဖွဲ့အစည်းတွေလည်း ကြီးပွားမယ်၊ တိုးတက်မယ်။ နိုင်ငံလည်း ကြီးပွားမယ်၊ တိုးတက်နိုင်မယ်ပေါ့။
အခုလာမယ့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အလွန်အရေးကြီးပါတယ်။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေး၊ အဖက်ဖက်က ဆုတ်ယုတ်ကျဆင်းနေတဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး အားလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။ သည်လိုပြောင်းလဲ နိုင်ဖို့ဆိုရင် နိုင်ငံသားတိုင်း ကိုယ့်တာဝန် ကိုယ်ကျေမှ ဖြစ်ပါလိမ့်မယ်။ ဘယ်လို တာဝန်ကျေရမလဲလို့ မေးရင် နိုင်ငံရဲ့ အနာဂတ်အရေးမှာ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ထားတဲ့ ဆန္ဒတစ်ခုကို မဖြစ်မနေ မဲပေးပြီး ဖော်ပြနိုင်မှ တာဝန်ကျေတဲ့ နိုင်ငံသား တစ်ယောက် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ပေးမယ့် မဲတစ်ပြားဟာ ကျွန်တော့်အတွက် မဟုတ်ရင်တောင်မှ နောင်အနာဂတ် နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် ဖြစ်သင့်တယ်လို့ တွေးပြီး ကျွန်တော်က မဲမပေးမှာပါ။ သည်လိုပဲ နိုင်ငံအတွင်းမှာ ရှိကြတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းကလည်း နိုင်ငံအရေးကို မျှော်တွေးပြီး ကိုယ့်ရင်ထဲက ဆန္ဒကို မဲပေးပြီး ဖော်ပြဖို့ ကြိုးစားသင့်ပါတယ်။ ဒါမှလည်း တိုင်းပြည်အတွက် တာဝန်ကျေတဲ့ နိုင်ငံသား တစ်ယောက်လို့ သတ်မှတ်နိုင်မှာပါ။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် တာဝန်ကျေတဲ့ နိုင်ငံသား တစ်ယောက်ဖြစ်ဖို့ ဆိုရင်တော့ မဲပေးဖြစ်အောင် ပေးပါ။ မဖြစ်မနေ မဲပေးခွင့်ရအောင် ကြိုးစားပါလို့လည်း ပြောချင်တာပါပဲ။

Most Read

Most Recent