အာဖရိကတိုက်ရဲ့ဘီလူကြီးလို့ တင်စား ခေါ်ဝေါ်နေတဲ့ နိုင်ဂျီးရီးယားဟာ အာဖရိကတိုက်မှာ လူဦးရေအများဆုံး၊ စီးပွားရေးလည်း အကောင်းဆုံး ဖြစ်ပါတယ်။ နိုင်ငံလူဦးရေက ၁၇၄ သန်းခန့် ရှိသလို လူဦးရေ ထူထပ်မှုက လည်း အာဖရိကတိုက်မှာ ပထမ၊ ကမ္ဘာ့အဆင့် မှာတော့ ပဉ္စမ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူငယ်လူရွယ်ဦးရေ အများဆုံးလည်း ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားမှာ လူမျိုးစုမျိုးနွယ်ကလည်း ၅၀၀ ကျော်ရှိနေပါတယ်။ လူမျိုးစုအနေနဲ့ အကြီးမားဆုံးက ဖော်ဆာ၊ အစ်ဂဘိုနဲ့ ဂိုရူကာဖြစ်ပါတယ်။ လူမျိုးစုများသလို သုံးစွဲတဲ့ ဘာသာစကားပေါင်းကလည်း ၅၀၀ ကျော်ရှိပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံကလည်း အမျိုးမျိုး အဖုံဖုံ ကွဲပြားနေပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံကို အကြမ်းအားဖြင့် ခရစ်ယာန်နဲ့ မွတ်စလင်ဆိုပြီး ခွဲခြား နိုင်ပါတယ်။ ခရစ်ယာန်တွေက တောင်ပိုင်းနဲ့အလယ်ပိုင်းမှာ နေထိုင်ကြပြီး မွတ်စလင်တွေက မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာ နေထိုင်ကြပါတယ်။
၂၀၁၅ မှာ နိုင်ဂျီးရီးယားဟာ စီးပွားရေး တိုးတက်မှု အဆင့်အနေနဲ့ ကမ္ဘာပေါ်မှာ အဆင့် ၂၀ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဂျီဒီပီ က ဒေါ်လာ ဘီလျံရှိ ၅၀၀ ခဲ့ပြီး တောင်အာဖ ရိကနိုင်ငံကို ကျော်တက်ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်က နိုင်ဂျီးရီးယားကို ထွန်းသစ်စ ဈေးကွက်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အာဖရိကတိုက်မှာ ဒေသတွင်း ပါဝါ ကြီးမားခဲ့ပြီး နိုင်ငံတကာမှာတော့ ပါဝါ အလယ်အလတ် အဆင့် ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ဂျီးရီးယားကို ထွန်းသစ်စ ဂလိုဘယ် ပါဝါနိုင်ငံအဖြစ် နိုင်ငံတကာက သတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၀၂ ခုနှစ်ကစပြီး နိုင်ငံအရှေ့မြောက်ဘက်မှာ ဘိုကိုဟာရမ်တွေရဲ့ အုံကြွ တိုက်ခိုက်မှု ဒဏ်ခံခဲ့ရပါတယ်။ ဘိုကိုဟာရမ်တွေဟာ အစ္စလာမ္မစ် အစွန်းရောက်တွေဖြစ်ပြီး ရှာရီးယား ဥပဒေကို လက်ကိုင်ထားပြီး လောကီ သီးသန့် အစိုးရတစ်ရပ်ကို ဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပါတယ်။ နိုင်ဂျီးရီးယား သမ္မတ ဖြစ်တဲ့ ဂွတ်လပ်ဂျိုနသန်က ၂၀၁၄ မတ်မှာ ဘိုကိုဟာရမ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀၀၀ ခန့်သေဆုံးခဲ့ရပြီး ကျိုးပဲ့ဒဏ်ရာရသူ ၈၀၀၀ ခန့်ရှိတယ်လို့ ပြောခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ဘီနင်၊ ချဒ်၊ ကင်မရွန်နဲ့ နိုက်ဂျာတို့ကလည်း ဘိုကိုဟာရမ်တွေ တိုက်ခိုက်ရေးမှာ နိုင်ဂျီးရီး ယားနဲ့ လက်တွဲ တိုက်ခိုက်ခဲ့ပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်း ဘူဟာရီဟာ ၂၀၁၅ မေ ၂၉ မှာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာကြောင့် နိုင်ဂျီးရီးယား သမ္မတ ဖြစ်လာခဲ့ပါတယ်။ သူဟာ နိုင်ဂျီးရီးယား တပ်မတော်က ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်ပြီး ၁၉၈၅ ခုနှစ်မှာ အာဏာ သိမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတ ဖြစ်လာတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်းက အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စ အ၀၀ကို မိမိတာဝန်ယူကြောင်း၊ မိမိအနေနဲ့ အတိတ်ကိုပြောင်းလဲ၍ မဖြစ်နိုင်ကြောင်းနဲ့ မိမိကိုယ်မိမိ စစ်ဗိုလ်ချုပ်ကြီးအဖြစ်မှ ဒီမိုကရက်တစ် တစ်ဦးအဖြစ် ပြောင်းလဲခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၁၉၈၃ မှာ အာဏာသိမ်းခဲ့ပြီး ၁၉၈၃-၈၅ ထိ နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဘူဟာရီက အရပ်သားအစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေ တိုက်ဖျက်ဖို့ အာဏာသိမ်းခဲ့ရတယ်လို့ ပြောခဲ့ပြီး ၁၉၇၉ အခြေခံဥပဒေကို ဖျက်သိမ်းခဲ့ပါတယ်။ နိုင်ဂျီးရီးယားမှာ လူထုဆန္ဒပြပွဲတွေမှန်သမျှ အကြမ်းဖက်နည်းနဲ့ နှိမ် နင်းခဲ့ပါတယ်။ ၁၉၈၄ အောက်တိုဘာလမှာ အရပ်ဘက် ဝန်ထမ်းနှစ်သိန်းခန့်ကို ရာထူးမှ ဖယ်ရှား ပစ်ခဲ့ပါတယ်။ စစ်အစိုးရအား ဆန့်ကျင်သူ မှန်သမျှကို ဖမ်းဆီး အရေးယူခဲ့ပါ တယ်။ ဘူဟာရီရဲ့ လုပ်ရပ်တွေကို နိုင်ဂျီးရီး ယားနိုင်ငံသား ပြဇာတ်ဆရာနဲ့ ကဗျာဆရာ ဆိုရင်ကာဟာ စာပေနိုဘယ်ဆုကို ၁၉၈၆ မှာ ဆွတ်ခူးခဲ့ပါတယ်။ ဖိနှိပ်ချုပ်ချယ်သူများသည် အမှန်တရားကို စာအုပ်စာပေများကို ထိတ်လန့် တုန်လှုပ်နေကြ၏လို့ ရေးသားခဲ့ သူ ဆိုရင်ကာဟာ”ဘူဟာရီရဲ့ ရာဇဝတ်မှုများ”ကို ရေးသားခဲ့ပါတယ်။ အာဏာသိမ်းခဲ့တဲ့ ဘူဟာရီကို ၁၉၈၅ မှာ ဗိုလ်ချုပ်အီ ဘရာဟင် ဘာဘာဂီဒါက ထပ်ဆင့် အာဏာ သိမ်းခဲ့ပါတယ်။
စစ်ဗိုလ်ချုပ်ကြီးဟောင်း ဘူဟာရီဟာ စစ်ဝတ်စုံ ချွတ်ပြီး နိုင်ဂျီးရီးယားနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရက်တစ် တစ်ဦးဖြစ်လာပြီလို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ထားတဲ့ ဘူဟာရီက ဆေးရုံတွေ၊ ကျောင်းတွေ၊ ဈေးတွေ၊ ကားမှတ်တိုင်တွေ၊ လမ်းတွေ၊ နေအိမ်တွေနဲ့ ရုံးခန်းတွေမှာ ဥပဒေနဲ့ မလျော်တဲ့ လုပ်ရပ်တွေကို ပြောင်းလဲ ပစ်ရမယ်ဆိုရင် တရားဥပဒေ လိုက်နာတဲ့ နိုင်ငံသား ဖြစ်အောင် လုပ်ရမယ်လို့ (၅၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
နိုင်ဂျီးရီးယား ပြည်သူတချို့ကတော့ ဘူဟာရီ မှန်ကန်တယ်လို့ ထောက်ခံခဲ့ကြပါ တယ်။ ပြည်သူအချို့ကတော့ စည်းကမ်း ကြောင့်ဆိုတဲ့ ဝေါဟာရကို လက်မခံကြပါဘူး။ ပြည်သူ သန်း ၂၀ ခန့်က စားရမဲ့သောက်ရမဲ့ ဘ၀ ရောက်နေတယ်။ ဒီလိုအခြေအနေမှာ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် ဥပဒေကို မလိုက်နာတဲ့ စည်းကမ်းမဲ့ လုပ်ဆောင်နေတာ တွေရပ်တန့်ဖို့ ပြောကြားတာကို လက်မခံကြပါဘူး။
အသက် ၇၂ နှစ်ရှိတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဘူဟာရီဟာ ဒီမိုကရက်တစ်ဦး ဖြစ်လာပြီလို့ ပြောပေမယ့် စစ်သွေးစစ်မာန်တွေ ကျန်နေဆဲပါပဲ။ အလုပ်ဝင်တာ နောက်ကျတဲ့ ဝန်ထမ်း တွေကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ခုန်ပေါက်ခိုင်းသလို ကုန်ဈေးနှုန်း တင်ရောင်းတဲ့ ဈေးသည်တွေကို အပြစ်ပေးတဲ့ လုပ်ရပ်တွေကြောင့် လူ့ အခွင့်အရေးသမားများက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စဉ်က သန့်ရှင်းတဲ့ အစိုးရတစ်ရပ် ဖော်ဆောင်ပေးမယ်လို့ ဘူဟာရီ ကတိပေးခဲ့ပါတယ်။ အကျင့်ပျက် ခြစားမှု အမြစ်တွယ်နေတဲ့ နိုင်ဂျီးရီးယားနိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းမှုဟာ လက်တွေ့မှာ ဖြစ်မလာသေးပါဘူး။ ပြည်သူလူထုကြီးကို နိုင်ငံတိုးတက်ရေးအတွက် မနေမနား ဝိုင်းဝန်းလုပ်ဆောင်ဖို့ ပြောကြားချက်ဟာ ဘူဟာရီရဲ့ ပုဂ္ဂိုလ်ရေး သက်သက် လုပ်ဆောင် နေတာလို့ အတိုက်အခံတွေက ဝေဖန်နေကြပါတယ်။
ရေနံဈေးနှုန်းတွေ ကျဆင်းမှုကြောင့် နိုင်ဂျီးရီးယား စီးပွားရေး ကျဆင်းနေပါတယ်။ သန်း ၁၇၀ ခန့်ရှိတဲ့ ပြည်သူတွေအနက် အများစုဟာ တစ်နေ့ နှစ်ဒေါ်လာ ထောက်ပံ့ ရနေကြပါတယ်။ ၁၀ ဒသမ ၅ သန်းသော ကလေးတွေ ကျောင်း မနေနိုင်ကြပါဘူး။
လူတွေ ဆင်းရဲနေကြတယ်။ ပညာမတတ်ကြဘူး။ လူတွေမှာ အလုပ်အကိုင်ရှိပြီး ဝင်ငွေကောင်းလာရင် ဘယ်သူမှ တရားဥပဒေမဲ့ လုပ်ရပ်တွေ မလုပ်ကြပါဘူး။ ဘူဟာရီ ပြောတာတွေ သဘောမတူဘူးလို့ ပြည်သူ တစ်ဦးက မှတ်ချက်ချခဲ့ပါတယ်။
သူဘာပြောသလဲဆိုတာထက် သူဘာလုပ်သလဲဆိုတဲ့အချက်နဲ့ တိုင်းတာမယ်ဆိုရင် ဒီမိုကရက် ဖြစ်လာပြီလို့ပြောတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဘူဟာရီဟာ ဒီမိုကရက်တစ် လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ မဟုတ်ဘူးဆိုတာ ပြည်သူလူထုက သိမြင်ထားကြပါတယ်။










