ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုနဲ့ မဲမသမှု မလုပ်နိုင်အောင် တားဆီးဖို့ အဆင့်သုံးဆင့် အရေးကြီးပါတယ်။
အခြေခံ မဲဆန္ဒရှင် စာရင်းမှန်ကန်ရေးက ပထမဆင့်ပါ။ ရွေးကောက်ပွဲနေ့ မဲပေးမှုကို စောင့်ကြည့်တာ ဒုတိယဆင့် ဖြစ်ပြီး မဲရလဒ် ထုတ်ပြန်မှုကို စောင့်ကြည်ရတာ တတိယဆင့် ဖြစ်ပါတယ်။ မဲစာရင်း မှားတာကို သမ္မတက တာဝန် မယူပါဘူး။ မဲစာရင်း မှန်အောင် ပြည်သူ၊ ကော်မရှင်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပေါင်းလုပ်ဖို့ အောက်တိုဘာ ၆ ရက် ရေဒီယို မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
မဲစာရင်းအတွက် တာဝန် မယူပေမယ့် နောင်လာမယ့် ငါးနှစ်မှာ မြို့နယ်၊ မြို့ပြ အုပ်ချုပ်ရေးတွေကို အစိုးရ အုပ်ချုပ်ရေးကနေ ပြည်သူ့ အုပ်ချုပ်မှု ယန္တရား အဖြစ် အသွင်ပြောင်း နိုင်အောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဖြည့်စွက် ပြင်ဆင်ဖို့ ရည်ရွယ်ထားတယ်လို့ သမ္မတက ပြောပါတယ်။ ဒါကိုကြည့်ရင် ဒုတိယ သက်တမ်း ဆက်ယူဖို့ တွက်ဆထားတာ သေချာပါတယ်။
ဒုတိယ သက်တမ်း ဆက်ယူဖို့ဆိုရင် ရွေးကောက်ပွဲမှာ သူ့ကို ထောက်ခံသူတွေ နိုင်မှဖြစ်မှာပါ။ မဲစာရင်း အမှားနဲ့ နိုင်ခဲ့ရင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ပါဘူး။
မြန်မာ့ ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ခွင့် ရထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ကာတာ စင်တာက ထုတ်ပြန်ခဲ့တဲ့ ဒုတိယ အစီရင်ခံစာမှာ လက်ရှိ မဲစာရင်း အမှားတွေဟာ တစ်နိုင်ငံလုံးမှာ၊ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ (မဲကစားဖို့အတွက်) ရည်ရွယ်ချက်ရှိရှိ ကြိုတင် ကြံစည် လုပ်ဆောင်ထားခြင်း ဖြစ်တယ်လို့ ယူဆစရာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
■ကော်မရှင် လုပ်ပိုင်ခွင့်ထဲမှာ ရှိနေတဲ့ လူပိုစာရင်း
လက်ရှိ မဲစာရင်းမှာ လူပို သိန်းဂဏန်း ပါနေမယ်လို့ NLDက အောက်တိုဘာ ၃ ရက်မှာ ပြောခဲ့ပါတယ်။ အဲဒီ သူတွေကို ပယ်ဖျက်ပေးဖို့လည်း ကော်မရှင် အဖွဲ့ခွဲတွေကို တိုက်တွန်းပါတယ်။ ရရှိတဲ့ အချက်အလက်တွေ အရ မဲစာရင်းမှာ လူပိုတွေ ပါဝင်နေမှုဟာ သိန်းဂဏန်း မကနိုင်ပါဘူး။ သန်းဂဏန်း ရှိနိုင်ပါတယ်။
မဲစာရင်း အမှားမှာ ပါနေတဲ့ လူပိုတွေကို အခြေတည်ပြီး ဖြစ်လာနိုင်တဲ့ မဲ မသမာမှု လုပ်ပိုင်ခွင့်တွေဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ကော်မရှင် လက်ထဲမှာပဲ ရှိပါတယ်။
လှိုင်သာယာ မှာလိုပဲ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှာ လူပို ၉၀၀၀၀ ကျော် ပါနေပါတယ်။ ၁၉၈၉ ခုနှစ်တည်းက ရှိခဲ့တဲ့ သန်းခေါင် စာရင်းကို မပြင်ခဲ့လို့ လူပိုပါနေတယ် ဆိုပြီး ပြောပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက တောင်ဥက္ကာလာပ မဲဆန္ဒနယ်ရဲ့ မဲစာရင်းမှာ ဒေသခံ မဟုတ်ဘဲ ကျူးကျော် နေထိုင်သူတွေ အလုံးအရင်း ပါခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ အခုလည်း ဒီမဲဆန္ဒနယ်မှာပဲ အမှန်တကယ် နေထိုင်ခြင်း မရှိတဲ့ လူ ၉၀၀၀၀ ကျော် စာရင်း ပါနေပြန်ပါပြီ။
တောင်ဥက္ကလာပ မြို့နယ်မှာ နေထိုင်သူ ၁၆၁၁၂၆ ဦးရှိတယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းမှာ ဖော်ပြပါတယ်။ ပျမ်းမျှ တွက်ရင်လူဦးရေရဲ့ ထက်ဝက် ၈၀၀၀၀ ဝန်းကျင်ဟာ အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်အတွက် မဲစာရင်း ထွက်လာချိန်မှာ နေထိုင်ခြင်း မရှိတဲ့ လူပို ၉၀၀၀၀ ကျော်ပါလာပြီး ၁၇၀၀၀၀ ကျော် ဖြစ်သွားပါတယ်။
လှိုင်သာယာ မဲစာရင်းမှာ ပိုနေတဲ့ လူ ၁၅၀၀၀၀ ကို ပယ်ဖျက်ခြင်း မရှိသေးပါဘူး။ ဥပဒေအရ ပယ်ဖျက်လို့ မရဘူးလို့ ဆိုပါတယ်။ တောင်ဥက္ကလာမှာလည်း ပိုနေတဲ့လူ ၉၀၀၀၀ ကျော်ကို ပယ်ဖျက်မှု မလုပ်ပါဘူး။ ဒါပေမဲ့ အဲဒီလူတွေ မဲထည့်လို့ မရအောင် မဲရုံမှာ ကပ်မယ့် မဲစာရင်းမှာ မင်သားပြီး ဖျက်ထားမယ်လို့ ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။
လှိုင်သာယာနဲ့ တောင်ဥက္ကလာမှာလိုပဲ လူပိုတွေ ရှိနေတဲ့ မဲဆန္ဒနယ်တွေ အများကြီး ရှိနေပါတယ်။ အဲဒီ မဲဆန္ဒနယ်က လူပိုတွေကို (လူစားထိုး၍ ဖြစ်စေ) မဲပေးပိုင်ခွင့် မပြုနိုင်အောင် ပယ်ဖျက်ဖို့က ကော်မရှင် လက်ထဲမှာပဲ ရှိပါတယ်။ ပယ်ဖျက်ခြင်း မရှိရင်တော့ အဲဒီ လူပိုတွေဟာ မဲလိမ်၊ မဲညစ်လုပ်ဖို့ ထားထားတာနဲ့ အတူတူပါပဲ။
■စက်မှုဇုန် နယ်မြေ၊ ကျူးကျော်များနဲ့ မဲလိမ်၊ မဲခိုးမှု အလားအလာ
မဲစာရင်းမှာ လူပိုတွေ ရှိနေချိန်မှာ ရွှေ့ ပြောင်းနေထိုင်သူတွေ၊ စက်ရုံ အလုပ်သမားတွေ၊ ကျူးကျော် နေထိုင်သူတွေကို အသုံးချပြီး မဲမသမာမှု လုပ်ဖို့ အခွင့်အရေး ပိုရစေပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေကို မလွန်ဆန်နိုင်တဲ့KTV၊ မာဆတ် အစရှိတဲ့ လုပ်ငန်းတွေက ဝန်ထမ်းတွေကို အစုလိုက် အပြုံလိုက် လာရောက် မဲထည့်စေခဲ့တာတွေ ရှိပါတယ်။ ဒီအတိုင်းပဲ စက်ရုံ အလုပ်သမားတွေကို အုပ်စုလိုက် မဲ ထည့်စေတာ ရှိပါတယ်။ အခုလည်း ဒီပြဿနာ ရှိနေပါပြီ။
ကျူးကျော် နေထိုင်သူတွေနဲ့ စက်ရုံလုပ်ငန်း လုပ်ကိုင်သူ အများစု ရှိနေတဲ့ နေရာတွေမှာ မဲလိမ်၊ မဲခိုးမှု ဖြစ်နိုင်တဲ့ အလားအလာ ရှိနေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး လုပ်နေတဲ့ Myanmar Network Organization for Free and Fair Election (MYNF EREL) အဖွဲ့က အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြောလိုက်ပါတယ်။
ရွှေပြည်သာမြို့နယ်မှာ ရပ်ကွက် ၂၇ ခု ရှိပါတယ်။ အဲဒီမှာ ကျူးကျော်နေထိုင်သူ အများစု ရှိနေတဲ့ ရပ်ကွက် ၁၀ ခုရှိပါတယ်။ နေထိုင်သူ အရေအတွက် အနည်းဆုံး ၁၀၀၀ ကနေ ၅၀၀၀ အထိ ရှိနေပါတယ်။ ဒီမြို့နယ် တစ်ခုမှာတင် ပျမ်းမျှ သောင်းဂဏန်းကျော်ဟာ ကျူးကျော်သူတွေ ဖြစ်နေပါတယ်။ သူတို့ကို ဆန်းစစ်တဲ့အခါ အဖြေနှစ်မျိုး ထွက်ပါတယ်။ တစ်မျိုးက သူတို့ကို မဲစာရင်းမှာ ထည့်သွင်း ကောက်ယူခဲ့ခြင်း မရှိတာပါ။ ကျန်တစ်မျိုးက သူတို့စာရင်းကို စက်ရုံမှူးတွေက ယူသွားပြီလို့ ဆိုပါတယ်။
ရွှေပြည်သာလိုပဲ ရွှေ့ပြောင်း နေထိုင်သူတွေ၊ ကျူးကျော် နေထိုင်သူတွေ၊ စက်မှုဇုန်တွေ အများဆုံး ရှိနေတဲ့ ဒေသတိုင်းမှာ သူတို့ကို အသုံးချချင်သူတွေ ရှိနေပါတယ်။
ရွှေ့ပြောင်း နေထိုင်သူ၊ ကျူးကျော် နေထိုင်သူတွေထဲမှာ မဲပေးခွင့် ရဖို့ ပုံစံ ၃(က) နဲ့ လျှောက်ထားချင်သူတွေကို အောက်တိုဘာ ၁၀ ရက်အထိ အချိန် ပေးထားပါတယ်။ အခုထိတော့ အတိအကျ ထွက်မလာသေးပါဘူး။ ဒီနေရာမှာ သူတို့ မဲပေးခွင့် ရခြင်း၊ မရခြင်းက ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ထောက်ခံမှု ပေးခြင်း၊ မပေးခြင်း အပေါ် မူတည်ပါတယ်။ လိုသလို ကစားနိုင်တဲ့ သဘောပါပဲ။
ခန့်မှန်းစာရင်းအရ ရန်ကုန်တိုင်းမှာတင် ကျူးကျော် နေထိုင်သူ ၅၀၀,၀၀၀ နီးပါး ရှိပါတယ်။ သူတို့တွေရဲ့ မဲထည့်ပိုင်ခွင့်ကလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေ လက်ထဲမှာပဲ ရှိနေပါတယ်။ ဒေသဆိုင်ရာ အာဏာ ပိုင်တွေက သူတို့ လိုလားသူတွေကို မဲထည့်မယ်ဆိုရင် ကျူးကျော်၊ ရွှေ့ပြောင်းတွေရဲ့ မဲထည့်ပိုင်ခွင့် အလွယ်တကူ ခွင့်ပြု ပေးနိုင်သလို သူတို့ မလိုလား သူတွေ မဲ မထည့်စေအောင်လည်း မဲပေးပိုင်ခွင့် တားဆီးလို့ ရနေပါတယ်။
နောက်ထပ် နည်းလမ်း တစ်ခုက မက်လုံးတွေနဲ့ အခွင့်အရေးတွေ ပေးပြီး မဲ ထည့်စေခိုင်းတာ ဖြစ်ပါတယ်။
ဒါကို တားဆီးနိုင်ဖို့ ဆိုရင်တော့ ရွေးကောက်ပွဲနေ့မှာ ဒေသခံ မဟုတ်တဲ့ မျက်နှာစိမ်းတွေ အုပ်စုလိုက် လာပြီး မဲထည့်တာကို ဒေသခံ ပြည်သူတွေနဲ့ စောင့်ကြည့် လေ့လာသူတွေ ဝိုင်းပြီး တားဆီးဖို့ပဲ ရှိပါတယ်။
■ ပြည်ပရောက် မဲဆန္ဒရှင် ၉၀၀၀၀၀ နီးပါး
မဲစာရင်းမှာ ပါနေတဲ့ လူပိုတွေ၊ ရွှေ့ပြောင်း လုပ်သား၊ ကျူးကျော်တွေ အပါအဝင် စက်ရုံ အလုပ်သမား အားလုံးပေါင်းရင် ရှိလာမယ့် သန်းဂဏန်း ပမာဏဟာ မဲမသမာမှု ကောင်းကောင်း လုပ်နိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။
နောက်တစ်ခုက ပြည်ပရောက် မြန်မာတွေရဲ့ မဲစာရင်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ရလဒ်တွေအရ ပြည်ပကို ရောက်ရှိနေသူ အရေအတွက် နှစ်သန်းနီးပါး ရှိပါတယ်။ ဒီထဲမှာ ထက်ဝက်ကျော်ဟာ မဲ ပေးပိုင်ခွင့် ရှိသူတွေ ဖြစ်ပါတယ်။
အဲဒီသူတွေထဲမှာ အစိုးရ ခွင့်ပြုချက်နဲ့ ပြည်ပကို ရောက်နေပြီး ကြိုတင်မဲ ပေးဖို့ စာရင်းပေးသူ ၃၄၈၄၄ ဦးပဲ ရှိပါတယ်။ အစိုးရ အနေနဲ့ ပြည်ပရောက် မဲဆန္ဒရှင် သိန်းဂဏန်းလောက် ကြိုတင်မဲ ပေးခွင့်ရအောင် တွန်းတွန်း တိုက်တိုက် လုပ်ခဲ့တာ မရှိပါဘူး။
အခု အခြေအနေတိုင်း ဆိုရင် ပြည်ပ ရောက်ရှိနေသူတွေထဲက တစ်သန်းကျော်ဟာ မဲပေးပိုင်ခွင့် ရှိမယ်ဆိုရင် အဲဒီပမာဏရဲ့ ၃ ဒသမ ၄ ရာခိုင်နှုန်း လောက်ပဲ ကြိုတင်မဲ ထည့်ခွင့်ရမှာပါ။ ကျန်တဲ့သူတွေက ရွေးကောက် ပွဲနေ့မှာ ဒီနိုင်ငံကို ပြန်လာပြီး မဲမထည့်ရင် မဲပေးပိုင်ခွင့် ဆုံးရှုံးမှာပါ။ ဒါ့အပြင် သူတို့ထဲမှာ မဲစာရင်း မပါသူတွေလည်း ရှိနိုင်ပါတယ်။
နောက်ပြီး မဲစာရင်း ပါနေတဲ့ သူတို့နေရာမှာ အခြားသူတွေ ဝင်ပြီး မဲပေးစေတဲ့ နည်း လမ်းတစ်ခု သုံးလို့ ရနေပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ပြည်ပ ရောက်နေသူတွေထဲမှာ မွန်ပြည်နယ်က အများဆုံးပါ။ ကရင်ပြည်နယ်က ဒုတိယ အများဆုံးဖြစ်ပြီး သူ့နောက်မှာ ရှမ်းပြည်နယ် ရှိပါတယ်။ ဒါကြောင့် ပြည်ပရောက်ပြီး မဲစာရင်းမှာ နာမည် ပါနေသူတွေကို သုံးပြီး လုပ်မယ့် မဲလိမ်၊ မဲခိုးမှု ဖြစ်လာရင် အဲဒီ ဒေသတွေမှာ အများဆုံး ဖြစ်လာနိုင်ပါတယ်။
မဲပေးတဲ့နေ့မှာ သူတစ်ပါး အယောင်ဆောင်ပြီး မဲပေးတာ မလုပ်နိုင်အောင် ဥပဒေအရ တားမြစ် ထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အယောင်ဆောင် မဲပေးခဲ့တာတွေ အနည်းနဲ့အများ ရှိခဲ့ပါတယ်။ အခု ရွေးကောက်ပွဲမှာလည်း ရှိလာပါလိမ့်မယ်။
မှန်ကန်တဲ့ မဲစာရင်း မရှိတဲ့အတွက် ပိုဖြစ်လာနိုင်ပါတယ်။
■ပြည်သူတွေကိုပဲ အာကိုးရတော့မယ်
အခုအချိန်မှာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့အစည်းတွေရဲ့လုပ်ဆောင်မှုက အားရစရာ မရှိပါဘူး။ ဒီအတိုင်းပဲ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည်သူတွေကိုလည်း အားကိုးလို့မရပါဘူး။
မဲစာရင်း မှန်ကန်ရေးနဲ့ မဲမသမာမှုတွေ မဖြစ်အောင် ရွေးကောက်ပွဲ မဟာဗျူဟာ နှစ်ရှည် စီမံကိန်း တစ်ရပ်ကို ၂၀၁၃ ခုနှစ်ကတည်းက ရေးဆွဲခဲ့ပါတယ်။ ဒါကို USAID က ကူညီခဲ့ပြီး အခု မဲစာရင်း ထုတ်ပြန်မှုမှာ နည်းပညာပိုင်း ဆိုင်ရာ ကူညီပေးခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ ဖောင်ဒေးရှင်း (IFES)က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပူးပေါင်း လုပ်ခဲ့ပါတယ်။
စကားလုံးကြီးကြီးနဲ့ မဟာဗျူဟာ စီမံကိန်း ဆိုတာကို နိုင်ငံတကာ အကူအညီနဲ့ ရေးဆွဲခဲ့ပေမယ့် မှန်ကန်ပြည့်စုံတဲ့ မဲစာရင်း ထွက်မလာပါဘူး။
IFES ဟာ ၁၉၈၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ အဖွဲ့ပါ။ နိုင်ငံပေါင်း ၁၄၅ နိုင်ငံမှာ သူတို့ အလုပ်လုပ် ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ်မှာ တရားဝင် လာလုပ်ခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပေါင်းပြီး သင်တန်း ပေးခဲ့တာတွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံး မဲစာရင်း ပြုစုတဲ့ နည်းပညာပိုင်းမှာ သူတို့ လုပ်ခဲ့ပါတယ်။ အခု မဲစာရင်း အမှားများတဲ့အခါ ကော်မရှင် ဥက္ကဋ္ဌကIFES ရဲ့ နည်းပညာ အပြောင်းအလဲအပေါ် တာဝန်လွှဲ ချပါတယ်။ ဒါပေမဲ့IFES က နှုတ်ဆိတ်နေပါတယ်။
USAID လည်းIFES လိုပါပဲ။ သူကတော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများစွာမှာ အကူအညီ ပေးပါတယ်။ ၂၀၀၀ ပြည့်နှစ်က စတင် ကူညီခဲ့ပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ သူတို့ရဲ့ကူညီမှုကို အရှိန်မြှင့် ခဲ့ပါတယ်။ USAID နဲ့ ပတ်သက်ရင်တော့ IRI စစ်တမ်းကိုပဲ ဥပမာ ပေးရမှာပါ။ မြန်မာ လူထုရဲ့ ပကတိ အခြေအနေနဲ့ လုံးဝကွဲပြားတဲ့ ဖော်ညွှန်းချက်တွေ ထုတ်ပြန်ခဲ့တဲ့IRI စစ်တမ်းဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ပေါ်ခဲ့ပါ တယ်။ အဲဒီစစ်တမ်းအတွက် ငွေကြေး ထောက်ပံ့မှုကို USAID က ပေးခဲ့တာပါ။
လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေမှာ USAID ရောIFES ရော တောက်လျှောက် အကူအညီ ပေးခဲ့ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင် မဲစာရင်း မှန်ဖို့ အရေးကြီးတယ် ဆိုတာ သူတို့ သိပြီးသားပါ။ ဒါပေမဲ့ အခု မဲစာရင်း မှားတဲ့ ဖြစ်ရပ်မှာ သူတို့ နှစ်ဖွဲ့စလုံး နှုတ်ဆိတ် နေပါတယ်။
နောက်တစ်ပိုင်းက ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအတွက် ခွင့်ပြုထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အကြောင်းပါ။ ဒီအဖွဲ့တွေထဲမှာ အရေးကြီးဆုံးက ကာတာ စင်တာနဲ့ ဥရောပသမဂ္ဂ (EU) ဖြစ်ပါတယ်။
ကာတာစင်တာကို ၁၉၈၉ ခုနှစ်က တည်ထောင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၃၉ နိုင်ငံက ရွေးကောက်ပွဲ ၁၀၀ ကျော်ကို သူတို့ လေ့လာ စောင့်ကြည့်နေပါတယ်။
အစိုးရက ဒီအဖွဲ့တွေကို ဖိတ်ခြင်းအားဖြင့် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖော်ဆောင်တယ်ဆိုတဲ့ ပုံစံ ပြထားပါတယ်။ ဒါကို မကြာသေးမီက အမေရိကန်နိုင်ငံ၊ ဝါ ရှင်တန်ဒီစီမှာ လုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ထုတ်ပြောပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ ၂၀၁၅ ရွေးကောက်ပွဲဟာ လူထု ဆန္ဒကို ထင်ဟပ်ဖို့ အမေရိကန်က တိုက်တွန်းကြောင်း သတင်းတစ်ပုဒ်ကို VOA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အဲဒီသတင်းမှာ သမ္မတရဲ့ စီးပွားရေး အကြံပေး ဒေါက်တာဇော်ဦး၊ ဗဟု တိုးတက်ရေး အဖွဲ့က အကြီးတန်း သုတေသနမှူး ဦးဝင်းမင်းတို့နဲ့အတူ မြန်မာ့အရေး ဆွေးနွေးပွဲကို တက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဘာသာ ဌာနမှူး ဒေါက်တာ ချောချောစိန် ပြောခဲ့တာကို ဖော်ပြပါတယ်။
“ ဆရာမ အနေနဲ့ကတော့ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသား ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ သူ တို့ စိုးရိမ်သလောက်တော့ ဆရာမတို့ စိုးရိမ်စရာလို့ မမြင်ပါဘူး။ ဘာကြောင့် မမြင်လဲ ဆိုလို့ရှိရင်ကတော့ ဒီ Election က လုပ်တောင် မလုပ်ရသေးဘူးပေါ့နော်။ Unfair ဖြစ်မယ်လို့ ပြောနေကြတာတွေလည်း ရှိတယ်။ Free and Fair ဖြစ်ဖို့ အဓိက တာဝန် အကျဆုံးကတော့ UEC လို့ ပြောကြတာပေါ့နော်။ Union Election Commission ကလည်း ဘယ်သူတွေနဲ့ တွဲလုပ်နေလဲ ဆိုတော့ အခု ဒီအမေရိကန် အခြေစိုက် Carter Center နဲ့ ဆိုလို့ရှိရင်လည်း International Observers တွေ စေလွှတ်ပြီးတော့ လုပ်ဆောင်မယ့် အနေအထားမျိုးတွေ ရှိနေတယ်ဆိုတော့ ဆရာမ အနေနဲ့ကတော့ အများ လက်ခံနိုင်မယ့် အနေအထားမျိုး ဖြစ်တဲ့ ရွေးကောက်ပွဲ ရလဒ်တော့ ဖြစ်လာ လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ဒေါက်တာ ချောချောစိန်က ပြောပါတယ်။ သူ့ ဆိုလိုရင်းဟာ အစိုးရက ပုံဖော်နေတဲ့ အာဘော်အတိုင်းပါပဲ။
နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေနဲ့ တွဲလုပ်နေတာကြောင့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်ဆိုတဲ့ ပုံစံမျိုးပါ။ သူတို့က ဒီလို ပုံဖော်ထားပေမယ့် မဲစာရင်း အမှားနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး။
အကယ်၍ မဲစာရင်းအမှားနဲ့ မဲလိမ်၊ မဲခိုးမှုတွေ လုပ်ပြီး ရွေးကောက်ပွဲတစ်ရပ် ပြီးမြောက် သွားမယ် ဆိုရင်လည်း နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေ ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။
ဥပမာအနေနဲ့ ၂၀၁၃ ခုနှစ်က ဇင်ဘာဘွေနဲ့ ကမ္ဘောဒီးယား နိုင်ငံမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေကို ကြည့်နိုင်ပါတယ်။
ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ လုပ်ပြီး မူဂါဘီက အာဏာကို ဆက်ချုပ်ကိုင် သွားပါတယ်။ ရွေးကောက်ပွဲအပြီး ဒီရွေးကောက်ပွဲဟာ မျှတမှု မရှိဘူးလို့ အခိုင်အမာ ပြောခဲ့သူတွေ ရှိပေမယ့် ‘စိုးရိမ်မှုရှိတယ်’ ဆိုတဲ့ စကားကလွဲပြီး ဥရောပသမဂ္ဂ (EU) က ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာ မရှိပါဘူး။ အမေရိကန် ကလည်း “ဇင်ဘာဘွေ ပြည်သူတွေ ယုံကြည် စိတ်ချတဲ့ အတိုင်း မဖြစ်ခဲ့ဘူး”လို့ပဲ ပြောခဲ့ပါတယ်။
ကမ္ဘောဒီးယားမှာလည်း ဒီအတိုင်းပါပဲ။ ဝန်ကြီးချုပ် ဟွန်ဆန်က ပုံမှန် မဟုတ်တဲ့ နည်းတွေနဲ့ မဲမသမာမှု လုပ်ပြီး ရွေးကောက်ပွဲမှာ အနိုင်ယူခဲ့ပေမယ့် EU နဲ့ အမေရိကန်က စိုးရိမ်တယ် ဆိုတဲ့စကားပဲ ပြောခဲ့ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တွဲလုပ်နေတယ် ဆိုရင်တောင် တရားမျှတတဲ့ ရွေးကောက်ပွဲ၊ အများ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ စိတ်မချရဘူးဆိုတာ မြင်သာပါတယ်။
အခုအချိန်မှာ အရေးကြီးဆုံးက မဲစာရင်း မှန်ဖို့ပါပဲ။ သမ္မတ ဦးသိန်းစိန်ရော၊ ဦးတင်အေးပါ မှန်ကန်တဲ့ မဲစာရင်းဖြစ်ဖို့ တာဝန်မယူပါဘူး။ ဒီအတွက် ပြည်သူအားပဲ ကျန်ပါတော့တယ်။ ပြည်သူအားနဲ့ပဲ မှန်ကန်တဲ့ မဲစာရင်း ဖြစ်အောင်၊ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုတွေ မဖြစ်အောင် တားဆီးရပါမယ်။
ဆက်ရေးပါဦးမယ်။










