မှိုင်းနဲ့ မီးခိုး

မှိုင်းနဲ့ မီးခိုး
Published 6 October 2015
တက္ကသိုလ်မိုးဝါ

မီးခိုးသည် အချို့နေရာတို့၌ အသုံးဝင်သည်မှလွဲ၍ ဘယ်သောအခါမှ ကောင်းကျိုး ပေးသည်ဟူ၍ မရှိ။  ပစ္စည်းတစ်ခုခု လောင်ကျွမ်း၍ လေထဲသို့ ထုတ်လွှတ်လိုက်သည့် သေးသေးမွှားမွှား အစိုင်အခဲ၊ အရည်နှင့် ဓာတ်ငွေ့ အစုအစည်း ဖြစ်သဖြင့် မီးတောက်လောင်ခြင်းမှ ရရှိသော မလိုလားသည့် ဘေးထွက် ပစ္စည်းတစ်ခုသာဖြစ်သည်။
မီးခိုးနဲ့ မှိုင်းမှိုင်းနဲ့ မီးခိုးတောင်တွေမိုးလည်းအကျိုးပျက်စီးသည်သာတကား။
လေထဲတွင် ရေစက် အမှုန် အမွှား ကလေးများ တွဲလဲ ခိုနေခြင်းအား မြူခိုးမြူငွေ့ သို့မဟုတ် ရေငွေ့မြူဟုလည်း ခေါ်နိုင်မည် ထင်သည်။ မြေကြီးပေါ် မနိမ့်မမြင့်နေရာ၌ တည်ရှိလျက်ရှိသော တိမ်ကဲ့သို့ အစုတစ်ခု ဟုလည်း ရေငွေ့မြူ (Fog)အဖြစ် သိရှိကြပေလိမ့်မည်။ အင်ဒိုနီးရှား တောမီးဆက်တိုက် လောင်နေသည့် လောလောလတ်လတ် အချိန်အခါတွင် မီးခိုးမြူ (Haze) များစွာ လေနှင့်အတူ အိမ်နီးချင်းနိုင်ငံများသို့ လွင့်ပျံ့သွား သည်ကို အများသိပြီး ဖြစ်ပါလိမ့်မည်။ မီးခိုးမြူ  ဆိုသည်မှာလည်း ဖုန်မှုန်အပါအဝင် ဆာလ်ဖာဒြပ်ပေါင်းများနှင့်အတူ လေထဲ၌ တွဲခိုနေသည့် အစုအဝေးတစ်ခုဖြစ်သည်။ ယင်းကြောင့် အသက်ရှူ လမ်းကြောင်း ထိခိုက်သည့်ပြင် အဝေးသို့မမြင်နိုင်ရန် အမြင်အာရုံလည်း ကန့်သတ် ခံထားရသည်ဆိုသည်။
ရေငွေ့မြူ  (Fog)၏ လှပမှုန်မှိုင်းသော ရှုခင်းမျိုးကြောင့် နိုင်ငံခြား စာရေးဆရာမ တစ်ယောက်က သူမသည် ရေငွေ့မြူကို အလွန် နှစ်သက် မြတ်နိုးသည်ဟု ရေးသားခဲ့သည်။  ရေငွေ့မြူသည် လောကကြီး မမြင်အောင် သူမအား ကွယ်ဝှက် ပေးထားသလို လောကကြီးကိုလည်း သူမ မမြင်အောင် ကွယ်ဝှက်ထားပေးသည်။
ထို့ကြောင့်လည်း လောကကြီးတွင် ရှိရှိသမျှ ဖြစ်စဉ်အားလုံးသည် အသစ်အသစ် ပြောင်းလဲကုန်ပြီဟု သူမ ခံစားနေရပြီ ဆိုသည်။  အမှန်စင်စစ် ၎င်းစာရေးဆရာမသည် လောကကြီးကို စိတ်ပျက် ငြီးငွေ့နေသဖြင့် သူမအား စေတနာထား ကွယ်ဝှက် ပေးသော ရေငွေ့မြူကို ကျေးဇူးတင်နေမိသည့် သဘောဟု ထင်မြင် ယူဆနိုင်ပေသည်။
သူမကို မမြင်စေရန် ရေငွေ့မြူက ကာဆီးပေးသဖြင့် ကျေနပ် နှစ်သိမ့်မိသော်လည်း မီးခိုးသည် ရေငွေ့မြူကဲ့သို့ မဟုတ် ယင်းအား ရှူရှိုက်မိသူကို သေစေနိုင်သည်။  မီးခိုးထဲတွင် ပါဝင်သည့် အပူရှိန်နှင့်တကွ ကာဗွန်မိုနောက်ဆိုက်၊ ဟိုက်ဒရိုဂျင် ဆိုက်ယာနိုက်နှင့် အခြား အဆိပ်ဖြစ်စေသည့် အငွေ့များသည် လူကို တစ်မုဟုတ်ချင်း သေစေသည်။ သို့ဖြစ်သောကြောင့် မီးခိုးသည် ဘယ်သောအခါမှ ကောင်းကျိုးပေးသည် မရှိဟု ဆိုခဲ့ခြင်းဖြစ်သည်။
မီးခိုးနှင့်ဆက်စပ်၍ မှိုင်း (Fumes)အကြောင်းရေးပါမည်။ အဘိဓာန်၌ မှိုင်းဆိုသည်မှာ မီးခိုး၊ အငွေ့သို့မဟုတ် ဓာတ်ငွေ့ဖြစ်သည်၊ ရှူရှိုက်မိလျှင် ကသိကအောက် ဖြစ်ကာ အသက်အန္တရာယ် ရှိသည်။ အနံ့အသက် စူးရှ သည်ဟု ဖွင့်ဆိုထား၏။ မှိုင်းကို အဓိကအားဖြင့် မီးပုံးပျံများတွင် အသုံးချကြသည်။ ထို့ ပြင်၊ မလိုလားအပ်သော ပိုးမွှား အကောင်ငယ်များအား သတ်ဖြတ် ရှင်းလင်းရာတွင်လည်း သုံးသည်။ ယင်းလုပ်ရပ်ကို မှိုင်းတိုက်ခြင်း (Fumigation) ဟုခေါ်သည်။
မီးပုံးပျံများ လေထဲသို့ လွှတ်တင်ရာတွင် မှိုင်းခံ၍ ပြုလုပ်ကြသည်။ မီးတောက်ဖြင့် လေပူ ထုတ်လုပ်ကာ မီးပုံးထဲသို့ မှုတ်သွင်း၍ လည်းကောင်း၊ ဟီလီယမ်၊ ဟိုက်ဒရိုဂျင်၊ နိုက်ထရပ်စ်အောက်ဆိုက်၊ အောက်စီဂျင် တို့ကဲ့သို့သော ဓာတ်ငွေ့ဖြင့် လည်းကောင်း ထိုးသွင်း၍ မီးပုံးကို ပျံတက်စေနိုင်သည်။ သို့ရာတွင် သဘာဝတရား၏ မမြဲခြင်း သဘောအတိုင်း မီးပုံးပျံတို့သည် ယေဘုယျအားဖြင့် ရက်ပိုင်း နာရီပိုင်းသာ ခံသည်။  မှုတ်သွင်းလိုက်သည့် ဓာတ်ငွေ့၏ မော်လီကျူး အရွယ်အစားများသည် ပို၍ သေးငယ်သောကြောင့် ယင်းမီးပုံးတို့၏ နံရံသားရှိ သေးငယ်သော မွေးညင်းပေါက်များမှ ယိုစိမ့် ထွက်သွားတတ်ရာ အတွင်းဖိ အား လျော့နည်းပြီး မြေပြင်ပေါ်သို့ ကျဆင်းလာလေတော့သည်။
တစ်ခါတစ်ရံ မြေပြင်သို့ အရှိန်ပြင်းစွာ ကျလာသဖြင့် ပေါက်ကွဲ မီးလောင်သည်။ လေထဲ၌ပင် မီးလောင်ပျက်ကျပြီး လိုက်ပါသူ အားလုံး သေဆုံးကုန်သည့် သာဓက အများအပြား လည်းရှိခဲ့သည်။ပိုးမွှား အကောင်ငယ်များအား ဓာတုအဆိပ် ငွေ့များသုံးပြီး မှိုင်းတိုက်ခြင်း ကိစ္စတွင်လည်း အခန့်မသင့်လျှင် မှိုင်းတိုက်သူတို့ကိုယ်တိုင် ထိုမှိုင်းငွေ့များ သင့်၍ သေကျေ ဒုက္ခရောက်ရသည့် ဖြစ်စဉ် အများအပြားလည်း ရှိခဲ့ဖူးသည်။
လောက၏ လူမှုဘ၀ ဇာတ်ခုံပေါ်ရှိ စီးပွားရေး နယ်ပယ်တွင် လည်းကောင်း၊ နိုင်ငံရေး နယ်ပယ်တွင် လည်းကောင်း ကျင်လည်ကစားလျက် ရှိသူများသည် ဆိုင်ရာဆိုင်ရာ ပန်းတိုင်တစ်ရပ်အား တစ်ကိုယ်တော် ကောင်းစားရေး အတွက် လက်ဆုပ်လက်ကိုင် မရမက ရယူနိုင်ရန် တရားနည်းလမ်း မကျသည့် ဥပဒေကို ချိုးဖောက်သော နည်းလမ်းမျိုးစုံ အသုံးပြုလာ တတ်ကြသည်ကို တွေ့ရမည် ဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေး နယ်ပယ်တွင် သူ့ထက်ငါ အသာစီးရရန် မသမာသော နည်းလမ်းများ အသုံးပြုလာကြသည်။ မည်သို့ပင် ဥပဒေ စည်းမျဉ်းစည်းကမ်းက ဆိုထားပါစေ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာကြသည်။သာဓက တစ်ခုကို ပြပါဟုဆိုလျှင် ထားဝယ်ခရိုင် သရက်ချောင်းမြို့ရှိ အလှူပွဲတစ်ခုတွင် အင်အားကြီး အတိုက်အခံပါတီအား ဘာသာရေးနှင့် ပတ်သက်သော ပုတ်ခတ်တိုက်ခိုက်သည့် လက်ကမ်းစာများ ဖြန့်ဝေနေခြင်း ကိုပြရမည်။ စာစောင်ပါ အကြောင်းအရာများသည် မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ ရွေးကောက်ပွဲ ကော်မရှင်ထုတ် ပြန်ထားသည့် ဥပဒေထဲ၌ ယင်းလုပ်ရပ်မျိုးအား လုပ်ခွင့် ပြုထားခြင်းမရှိဟု ဆိုထားရာ ယင်းလုပ်ရပ်မှာ ပြည်သူများအား နားယောင်စေရန် မှိုင်းတိုက်ခြင်းဖြစ်နေသည်။(The Daily Eleven ၄ - ၉-၂၀၁၅ နေ့ထုတ်)။  မမှန်မကန် အပုပ်ချသည့် လုပ်ရပ်မှာ တစ်နည်းအားဖြင့် အဆိပ်ငွေ့များဖြင့် ပြည်သူတို့အား ဒုက္ခ ရောက်သွားစေရန် မှိုင်းတိုက်နေခြင်းဖြစ်သည်။
ထို့ပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ် ဆီဆိုင်မြို့တွင် ရောက်ရှိစဉ်က "ဘာသာရေးအရ နိုင်ငံရေးမှာ စည်းရုံးပိုင်ခွင့်ဆိုတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆန့်ကျင်ပါတယ်။  ဘာသာရေးကို နိုင်ငံရေးအတွက်အသုံးချရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်တဲ့အတွက် ဥပဒေအရ အရေးယူနိုင်ပါတယ်" ဟု ပြောကြားခဲ့ရင်း အလှူပွဲအချို့တွင် အဖွဲ့ချုပ်ကို မဟုတ်မမှန် အပုပ်ချ ဝေဖန် တိုက်ခိုက်သည့် ဖြစ်ရပ်များအား ထောက်ပြသွားသည်။(The Daily Eleven ၆-၉-၂၀၁၅ နေ့ထုတ်)။
ယင်းသို့ တစ်ကြိမ်မက ဥပဒေစည်းမျဉ်း စည်းကမ်း ချိုးဖောက်ကာ အတိုက်အခံ ပါတီကြီးတစ်ခုကို တိုက်ခိုက်ပြီး ပြည်သူအများအား မှိုင်းတိုက်နေခြင်းထက် ပို၍ ဆိုးရွားသည်ဟု ဆိုရမည့် ဖြစ်စဉ်တစ်ရပ်မှာ အဆိုပါ တရား မဝင် လုပ်ရပ်အပေါ် သက်ဆိုင်ရာက လက်ရှိ အချိန်ထိ တစ်စုံတစ်ရာ အရေးယူမှု မရှိသေးခြင်းပင် ဖြစ်သည်။
တရားလည်းမဝင်၊ ဥပဒေ စည်းမျဉ်းစည်းကမ်းလည်း ချိုးဖောက်၊ အကျင့်ပျက် ခြစားမှုလည်း ကျယ်ပြန့်၊ သူ့အလုပ်ကိုယ်လုပ်၊ ကိုယ့်အလုပ် သူလုပ် စသည့် အံချော်မှု များစွာကြား လှုပ်ရှား ရုန်းကန်ရသော ဆင်းရဲတွင်း နက်သူ ပြည်သူများအား စကား အဆိပ်ငွေ့ များအပါအဝင် ကြေညာချက်အတု၊ ဗီစီဒီခွေ အတုများဖြင့် မှိုင်းတိုက် လုပ်ဆောင် နေကြသော်လည်း ပြည်သူတို့၏ အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သော စားရေးနေရေး အခက်အခဲ ပြဿနာ များအား ဖြေရှင်းပေးမည့် စကား ကတိခံမည့်အစား အခြားမလုပ်နိုင်၊ မလုပ်ချင်၊ မဖြစ်နိုင်သည့်ကိစ္စများကို ဆောင်ရွက်ပေးပါမည် ဟူသည့် စကားကတိခံခြင်းတို့မှာ ဓာတုအဆိပ်ငွေ့တို့ထက် ကြောက်စရာကောင်းသော မှိုင်းတိုက်ခြင်းမျိုး ဖြစ်သည်ဟု ဆိုရပေမည်။မီးခိုးနဲ့ မှိုင်းမှိုင်းနဲ့ မီးခိုးတောင်ပေါ် ဘယ်လောက်ပဲ မိုးပစေဆိုးကျိုးတန်ပြန် သင့်မည်သာတကား။     သို့ဖြစ်၍ အလွဲတကာ့ ထိပ်ခေါင်တွေနှင့် အပြိုင်ဆင်နွှဲရမည့် အရိပ်အယောင် နောက်ကွယ်၌ ပွဲမစမီကတည်းက ပိတ်လှောင် မခံရလေအောင် သတိရှိရှိ နိုးကြား နေကြရမည်သာ ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။

Most Read

Most Recent