အစိုးရ တစ်ရပ်ကို ကယ်တင်ရှင်ဟု မမြင်သင့်ဘဲ ပြည်သူက ခိုင်းရမည့် အစိုးရဟု မြင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အစိုးရ တစ်ရပ်ကို ကယ်တင်ရှင်ဟု မမြင်သင့်ဘဲ ပြည်သူက ခိုင်းရမည့် အစိုးရဟု မြင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 5 October 2015
ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

ပြည်သူများ အနေဖြင့် အစိုးရကို အားလုံးပုံအပ် ထားပါက အာဏာရှင်စနစ် ဖြစ်သွားမည်ဖြစ်ပြီး အစိုးရတစ်ရပ်ကို ကယ်တင်ရှင်ဟု မမြင်သင့်ဘဲ  ပြည်သူက ခိုင်းရမည့် အစိုးရဟု မြင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဇေယျမင်္ဂလာ သာသနာဗိမာန်ဝင်းအတွင်း အောက်တိုဘာ ၅ ရက် ညနေပိုင်းက ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ ပြုလုပ်ရာတွင် ပြည်သူများ လုံလုံခြုံခြုံ နေထိုင်နိုင်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်နှင့် ပတ်သက်၍ မေးခွန်းမေးမြန်းမှုများ အားလုံးကို ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် နိုင်ငံရေးနှင့် လူမှုရေးနည်းလမ်း နှစ်ခုဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးနည်းလမ်းကို အစိုးရကသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအကြား ပဋိပက္ခများ ဖြစ်ပွားနေခြင်းသည် ယုံကြည်မှု နည်းနေပြီး သံသယများ ကြီးထွားနေသောကြောင့် ယုံကြည်လေးစားမှု အပြန်အလှန် နားလည်မှု မယူကြသောကြောင့် အဆိုပါ ကိစ္စရပ်မျိုးအား အစိုးရမှလုပ်ပေး၍ မရဘဲ ပြည်သူများကိုယ်တိုင် လူမှုရေးအရ အချင်းချင်းကြားတွင် ချစ်ခင်ရင်းနှီးမှုရှိအောင် ဝိုင်းဝန်းကြိုးပမ်းရန်လိုကြောင်း၊ လုံခြုံမှုရှိစွာ နေထိုင်နိုင်ရန် အစိုးရသည် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရန် တာဝန်ရှိပြီး ပြည်သူများ အနေဖြင့် လူမှုရေးအရ အချင်းချင်းကြားတွင် မေတ္တာတရားဖြင့် နေထိုင်ရန် လိုအပ်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးစုများ အချင်းချင်းလည်း လူမျိုးရေး ခွဲခြားမနေသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ကျွန်မတို့ ပြည်သူတွေကလည်း ကိုယ့်အချင်းချင်းကြားမှာ မေတ္တာတွေပွားအောင် လုပ်ပေးရမယ်။ အစိုးရတစ်ခုတည်း လုပ်လို့မရဘူး။ အစိုးရကို အားလုံးပုံအပ် မထားနဲ့နော်။ အာဏာရှင်စနစ် ဖြစ်သွားလိမ့်မယ်။ ဘယ်အစိုးရမှ ပုံမအပ်နဲ့။ ဒါကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ တက်ရင်လည်း ပုံပြီးတော့ မအပ်နဲ့ ပံ့ပိုးသင့်သလောက် ပံ့ပိုးပါ။ ဝိုင်းပြီးတော့ တူတူလုပ်ကြပါ။ ပုံအပ်တာတော့ မလုပ်ပါနဲ့။ အဲဒီလိုနည်းနဲ့ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းဖို့အတွက် ကျွန်မတို့နိုင်ငံ တိုင်းရင်းသားများအကြား ချစ်ကြည်မှုရှိဖို့အတွက် အတူတူ ဆောက်တည်သွားမယ်ဆိုရင် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ထို့ပြင် NLD အစိုးရဖွဲ့နိုင်ပါက ဆင်းရဲမွဲတေသူများကို အလုပ်အကိုင် မည်ကဲ့သို့ ပေးနိုင်မည့် အခြေအနေတို့အား သိရှိလိုကြောင်း ဒေသခံတစ်ဦး၏ မေးခွန်းမေးမြန်းမှုများအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ဖြစ်ပါကလည်း နေ့ချင်းညချင်း ချမ်းသာအောင် လုပ်၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။   “ကျွန်မက ကယ်တင်ရှင် မဟုတ်ပါဘူး။ ကျွန်မ စောစောက ပြောသလိုပဲ အစိုးရတစ်ခုကို ပုံမအပ်နဲ့ဆိုတာ အစိုးရတစ်ခုကို ကယ်တင်ရှင်လို့လည်း ဘယ်တော့မှ မမြင်နဲ့။ ငါတို့ခိုင်းရမယ့် အစိုးရလို့ပဲ မြင်ရမယ်။ အဲဒီတော့ ငါတို့ခိုင်းရမယ့် အစိုးရဆိုတော့ ငါတို့ အစိုးရကို ငါတို့ ဆင်းရဲမွဲတေမှုကနေ လွတ်အောင်လုပ်ပေး ဆိုပြီးတော့ ခိုင်းရမှာ ပြည်သူရဲ့ လုပ်ပိုင်ခွင့်။ ကျွန်မတို့ နိုင်ငံဟာ ဆင်းရဲမွဲတေနေတဲ့ ပြဿ နာ အကြောင်းတွေ အများကြီး ရှိတယ်။ နိုင်ငံက ချမ်းသာတယ်။ ကျွန်မတို့က သယံဇာတ ပစ္စည်းတွေ သိပ်ပေါကြွယ်ဝတယ်။ ဘာလို့ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေ ဆင်းရဲနေလည်း ဒါ စနစ်မမှန်လို့။ အစိုးရက ကိုယ့်အတွက်ပဲလုပ်ပြီး ပြည်သူတွေအတွက် မလုပ်လို့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အစိုးရ ဖြစ်သည့်အခါ စီမံကိန်းများ ဆောင်ရွက်ပါက ပြည်သူနှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် စီမံကိန်းများကို ချမှတ်ပြီး ငွေအလုံးအရင်း အသုံးပြုနေသော်လည်း ပြည်သူလူထု အခြေအနေသည် ပြောင်းလဲသွားခြင်း မရှိသဖြင့် နားမလည်ဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက NLD လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် လေကြောင်းခရီးဖြင့် မြစ်ကြီးနားမြို့မှ ဗန်းမော်မြို့သို့ ထွက်ခွာခဲ့ကာ ဗန်းမော်မြို့သို့ ညနေ ၃ နာရီတွင် ရောက်ရှိပြီး ညနေပိုင်းတွင် ဗန်းမော်မြို့၌ ဟောပြောပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ဗန်းမော်မြို့တွင် ပြုလုပ်သည့် ဟောပြောပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်အတွင်း တက်ရောက်လာသူ အများဆုံးဖြစ်ပြီး လူဦးရေ သောင်းချီ တက်ရောက်ခဲ့သည်။ထို့အတူ ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ဗန်းမော်ခရိုင် မိုးမောက်မြို့သို့ သွားရောက်၍ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ ပြုလုပ်မည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့မှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာကာ ကချင်ပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ ပြီးဆုံးမည်ဖြစ်သည်။

Most Read

Most Recent