၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သော မြန်မာ့စီးပွားရေးသည် လက်ရှိဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၅-၂၀၁၆ တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းလာနိုင်ကြောင်း အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်လိုက်သော ကမ္ဘာ့ဘဏ်၏ အရှေ့ အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေး တိုးတက်ရေး အစီရင်ခံစာနှင့် မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင် အနေအထားနှင့်အတူ လူမှုရေးနှင့် နိုင်ငံရေးကဏ္ဍ တို့တွင်လည်း စိန်ခေါ်မှုများ ရှိနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် သွင်းကုန်ဝယ်လိုအားများ မြင့်တက်လာခြင်းကြောင့် စာရင်းရှင်လိုငွေ (Current Account Deficat) များ တက်လာကြောင်း ၊ အလားတူ အမေရိကန် ငွေကြေးတန်ဖိုး ခိုင်မာလာခြင်းသည် မြန်မာငွေကြေးလဲလှယ်မှု နှုန်းထားများအပေါ် ဖိအားရှိနေကြောင်း၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများသို့ ချေးငွေ (Credit to Private Sector)တိုးတက်မှု နှုန်းလည်း မြင့်မားနေကြောင်း၊ ထို့ကြောင့် ၂၀၁၄ ခုနှစ် သြဂုတ်မှ ၂၀၁၅ ဇူလိုင်အထိ တစ်နှစ်တာကာလအတွင်း ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားကြောင်း ဖော်ပြထားသည်။
“သေချာတာတစ်ခုက မြန်မာ့စီးပွားရေးက တက်မလာဘူး။ ကျွန်တော့်အမြင် ပြောရရင် ကျွန်တော်တို့ နိုင်ငံမှာ Decision Maker တွေက စီးပွားရေးထက် နိုင်ငံရေးကို ပိုပြီး စိတ်ဝင်စားကြတယ်။ အဲဒီတစ်ချက်က တော်တော်ဆိုးတယ်။ ဘယ်အတိုက်အခံ ပါတီပဲဖြစ်ဖြစ် အစိုးရပဲဖြစ်ဖြစ် တစ်ဖက်မှာ သဘာ၀ ဘေးအန္တရာယ်တွေ ကြုံတွေ့နေရတဲ့ အချိန်မှာ အာဏာရဖို့ဆိုတဲ့ဘက်ကို သွားတာမျိုးကို တွေ့ရတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ပြန်လည် အားကောင်းလာအောင် ပံ့ပိုးနိုင်မယ့် အစီအမံနဲ့ ပတ်သက်ရင် ဘယ်သူမှ သိပ်စိတ်မဝင်စားကြသလိုပဲ။ တစ်ခုက ကျွန်တော် အာဏာရရင် လုပ်မယ်ဆိုတာနဲ့ ကျွန်တော် အာဏာဆက်ရရင် လုပ်မယ်ဆိုတာ ဒီနှစ်သံမျိုးပဲ ကြားရတယ်။ ကျွန်တော် တော်တော်စိတ်မကောင်းဘူး။ ပြောတဲ့လူကလည်း ကျွန်တော် အာဏာဆက်ရရင် လုပ်မယ်ဆိုတော့ အရင်တုန်းက မလုပ်ခဲ့ဘူး ဆိုတာက ရှင်းနေတာပေါ့။ တစ်ဖက်ကလည်း ခုချိန်ထိ အာဏာရရင် လုပ်ပါ့မယ်လို့ပဲ ပြောနိုင်သေးတယ်။ သိပ်စိတ်မဝင်စားဘူး ဖြစ်နေတယ်။ ကျွန်တော့်အမြင်ကတော့ တိုင်းပြည်ရဲ့ စီးပွားရေးဟာ လှည့်စားခံနေရတယ်” ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ အသုံးချ ဘောဂဗေဒဌာနမှ အငြိမ်းစား ပါမောက္ခဒေါက်တာမောင်မောင်စိုးက ပြောကြားသည်။
အလားတူ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေး တိုးတက်မှုနှုန်းများကိုပါ ဖော်ပြထားပြီး ယခုနှစ် အရှေ့အာရှဒေသ၏ စီးပွားရေး တိုးတက်နှုန်းကိုမူ ၆ ဒသမ ၅ ရာခိုင် နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း၊ အရှေ့ အာရှစီးပွားရေးသည်လည်း အနည်းငယ် ကျဆင်းလာသည့်အတွက် ယခင်နှစ် ၆ ဒသမ ၈ ရာခိုင်နှုန်းမှ ယခုကဲ့သို့ ၆ ဒသမ ၅ ရာခိုင် နှုန်းသို့ ကျဆင်းလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဒေသတွင်းတွင် အင်အားကြီးမားသည့် တရုတ်နိုင်ငံ၏ စီးပွားရေးသည်လည်း အနည်းငယ် ကျဆင်းနေပြီး လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်မူ ထပ်မံ၍ ကျဆင်းနိုင်သေးကြောင်း ဖော်ပြထားသည်။
အလားတူ အမေရိကန်နိုင်ငံ၏ အတိုးနှုန်းနှင့် ပတ်သက်၍လည်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားကာ လာမည့် လများတွင် တဖြည်းဖြည်း မြင့်တက်လာဦးမည်ဟု ခန့်မှန်းထားသည်။ ထိုအနေအထားသည် ဈေးကွက်များ အပေါ်တွင် အန္တရာယ်ရှိနိုင်ကြောင်း၊ ငွေကြေးတန်ဖိုး ကျဆင်းခြင်း၊ ငွေတိုက်စာချုပ်တန်ဖိုး မြင့်တက်ခြင်း၊ ပြည်ပမှ ငွေကြေးရပိုင်ခွင့်များ ကျဆင်းခြင်း၊ ငွေဖြစ်လွယ်မှု ခက်ခဲလာခြင်း စသည်တို့ ဖြစ်လာနိုင်ကြောင်း၊ ယင်းကဲ့သို့သော အခြေအနေများကြောင့် ဒေသတွင်းတွင် ဦးစားပေး ဆောင်ရွက်ရမည့် အစီအစဉ်နှစ်ရပ်ကို ကမ္ဘာ့ဘဏ်က အလေးပေး ဖော်ပြထားပြီး ၎င်းတို့မှာ မက်ခရို စီးပွားရေးကို ဂရုတစိုက် စီမံခန့်ခွဲမှုနှင့် ပိုမိုလေးနက်သည့် ဖွဲ့စည်းတည်ဆောက်မှု ဆိုင်ရာ ပြောင်းလဲမှုဖြစ်ကြောင်း သိရသည်။
“ဖွံ့ဖြိုးဆဲဖြစ်တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရဲ့ စီးပွားရေး တိုးတက်မှု ဆက်လက် ခိုင်မာနေဆဲဖြစ်ပေမယ့် အနည်းငယ် ပြောင်းလဲသွားနိုင်ပါသေးတယ်။ ဒါကြောင့် ဒေသတွင်းမှာ မူဝါဒရေးဆွဲသူတွေ အနေနဲ့ ရေရှည်ဘက်စုံ အလွှာစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် ဆောင်ရွက်ရပါမယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုဥက္ကဋ္ဌ Axel van Trotsenburg က ပြောကြားသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သော မြန်မာ့စီးပွားရေးသည် လက်ရှိဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ၌ ဖော်ပြ










