လူမျိုးရေး၊ ဘာသာရေး၊ ရွေးကောက်ပွဲနဲ့ အများပြည်သူရဲ့ ဆန္ဒ

လူမျိုးရေး၊ ဘာသာရေး၊ ရွေးကောက်ပွဲနဲ့ အများပြည်သူရဲ့ ဆန္ဒ
Published 5 October 2015

တစ်ပတ်အတွင်း သတင်းသုံးသပ်ချက်ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအရ ထူးခြားတဲ့ အဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ ဖော်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး အပေါ်  အကျိုးသက်ရောက်မှု ဘယ်လောက်ရှိနိုင်တယ်ဆိုတာ ဆင်ခြင်နိုင်ဖို့ တင်ပြလိုက်ပါတယ်။ 
■ ပြည်ပရောက် နိုင်ငံသားတွေရဲ့ ကြိုတင်မဲလက်မှတ်ပုံစံ (၁၅)ဖြင့် လျှောက်ထားတဲ့ ပြည်ပရောက် နိုင်ငံသားတွေရဲ့ ကြိုတင်မဲပေးခွင့် လက်မှတ်တွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထားပြီး ပေးပို့သွားမှာ ဖြစ်ပါတယ်။ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ပုံစံ(၁၅)ဖြင့် လျှောက်ထားသူ ဦးရေမှာ ၃၄၈၄၄ ဦး ဖြစ်ပါတယ်။ ထိုအထဲမှာ ကချင်ပြည်နယ်မှ ၃၈၆ ဦး၊ ကယားပြည်နယ်မှ ၂၂၆ ဦး၊ ကရင်ပြည်နယ်မှ ၄၀၉ ဦး၊ ချင်းပြည်နယ်မှ ၁၀၆ ဦး၊ စစ်ကိုင်းတိုင်းမှ ၁၈၈၀၊ တနင်္သာရီတိုင်းမှ ၄၁၁ ဦး၊ ပဲခူးတိုင်းမှ ၂၆၃၈ ဦး၊ မကွေးတိုင်းမှ ၂၀၀၆ ဦး၊ မန္တလေးတိုင်းမှ ၃၆၄၅ ဦး၊ မွန်ပြည်နယ်မှ ၁၅၀၈ ဦး၊ ရခိုင်ပြည်နယ်မှ ၃၄၀ ဦး၊ ရန်ကုန်တိုင်းမှ ၁၇၅၃၁ ဦး၊ ရှမ်းပြည်နယ်မှ ၁၃၀၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁၉၁၃ ဦး၊ နေပြည်တော်ကောင်စီ နယ်မြေမှ ၅၃၈ ဦးတို့ ဖြစ်ကြပါတယ်။ပုံစံ (၁၅) ဖြင့် လျှောက်ထားသူ ၃၄၀၀၀ ကျော်ဟာ နိုင်ငံပေါင်း ၃၇ နိုင်ငံ၊ သံရုံး ၄၄ ရုံးမှတစ်ဆင့် လျှောက်ထားလာခြင်းဖြစ်ပြီး အဆိုပါ လျှောက်ထားလာသူတွေဟာ မြန်မာနိုင်ငံရှိ မြို့နယ် ၃၀၇ ခုမှ ဖြစ်ပါတယ်။ထိုသို့ ပုံစံ (၁၅) ဖြင့် မဲပေးခွင့် လျှောက်ထားခွင့် ရှိသူတွေဟာ အစိုးရရဲ့ ခွင့်ပြုချက်ဖြင့် ပြည်ပသို့ တရားဝင် ရောက်ရှိနေသူတွေသာဖြစ်ပြီး ပြည်ပသို့ တရားမဝင် ရောက်ရှိနေထိုင်သူများ၊ မြန်မာနိုင်ငံ နယ်စပ်ထွက်ပေါက်မှတစ်ဆင့် ရွှေ့ပြောင်းလုပ်ကိုင်နေသူတွေဟာ လျှောက်ထားခွင့် မရှိဘဲ မြန်မာနိုင်ငံသို့ နေရပ်ပြန်လာပြီးမှသာ မဲပေးရမှာ ဖြစ်ပါတယ်။ပြည်ပရောက် မြန်မာနိုင်ငံသားတွေထဲက မဲပေးခွင့် လျှောက်ထားခြင်း မပြုထားသူတွေဟာ မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ပြီး မိမိမဲစာရင်းရှိတဲ့ နေရပ်မှာ မဲပေးမှသာ မဲပေးခွင့် ရရှိမှာ ဖြစ်တဲ့အတွက် ပြည်ပသို့ တရားဝင်၊ တရားမဝင် နှစ်မျိုးစလုံး ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား မဲဆန္ဒရှင် သုံးသန်းမှ ငါးသန်းခန့်ဟာ မဲပေးခွင့် ဆုံးရှုံးဖွယ် ရှိတယ်လို့ သိရပါတယ်။ 
■ ပြည်သူအများ လက်ခံနိုင်တဲ့ ရလဒ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲမြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ကူးပြောင်းမှုအတွက် သမိုင်းဝင် ရွေးကောက်ပွဲ ဖြစ်စေဖို့ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးခေါင်းဆောင်တွေ သာမက ပြည်သူအများ လက်ခံနိုင်တဲ့ ရလဒ်ဖြစ်စေဖို့ အရေးကြီးတယ်လို့ စက်တင်ဘာ ၂၉ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ တံခါးပိတ် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေတဲ့အပြင် ရွေးကောက်ပွဲအပြီး အာဏာလွှဲပြောင်းရေး ချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့အတွက် အများလက်ခံတဲ့ ရွေးကောက်ပွဲရလဒ် ဖြစ်ဖို့ အရေးကြီးတယ်လို့လည်း အစည်းအဝေးက သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ကို ၂၀၀၈ ခုနှစ်က မြန်မာ့မိတ်ဆွေ နိုင်ငံများ အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှစ၍ အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်ပါတယ်။အဆိုပါ အဖွဲ့မှာ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ နော်ဝေ၊ ထိုင်း၊ အိန္ဒိယ အပါအဝင် ၁၅ နိုင်ငံနဲ့ ဖွဲ့စည်းထားပါတယ်။မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။ 
■ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး အတူတကွ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးနိုင်ငံရေး၊ စစ်ရေး အခြေအနေ အမျိုးမျိုးကြောင့် လက်ရှိအနေအထားမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးအနေဖြင့် အတူတကွ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးဘူးလို့ စက်တင်ဘာ ၂၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး အတူတကွ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသော်လည်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေး၊ နှစ်ဘက်လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲရေး၊ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး စတဲ့ လုပ်ငန်းစဉ်များ အားလုံးမှာ အတူတကွ ပါဝင်နိုင်ရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးက ဆက်လက်ကြိုးပမ်းသွားကြဖို့ နားလည်မှု တည်ဆောက်နိုင်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။ 
■ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်နေတဲ့ ပုဂ္ဂိုလ်တွေကို မယုံကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း  ပြည်သူတွေဟာ နှစ်ပေါင်းများစွာ မျက်စိပိတ်၊ နားပိတ်နေခဲ့ရတဲ့အတွက် ဒီမိုကရေစီနိုင်ငံရေး နားမလည်မှုကို အခွင့်ကောင်းယူပြီး ပြည်သူတွေကို လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်နေတဲ့ ပုဂ္ဂိုလ်တွေကို မယုံကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂ ရက်က ချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်အမျိုးသားရိုးရာ ယဉ်ကျေးမှု ဘက်စုံအားကစားကွင်း ရွေးကောက်ပွဲ အောင်နိုင်ရေး လူထုဟောပြောပွဲမှာ ဒေသခံ ပြည်သူလူထုအား ပြောကြားပါတယ်။“ရှင်းရှင်းလေးပဲ ပြောရပါစေ။ ဒီမိုကရေစီ စနစ်အောက်မှာ အများပြည်သူရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့ ဟာတွေကို ဘယ်အစိုးရမှ လုပ်လို့ မရပါဘူး။ အခု အစိုးရ အဆက်ဆက်က ပြည်သူတွေရဲ့ဆန္ဒ မပါဘဲနဲ့ လုပ်ချင်သလို လုပ်နေတာဟာ အာဏာရှင်စနစ် ဖြစ်ခဲ့လို့ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ကမ္ဘာသူ၊ ကမ္ဘာသားတွေနဲ့ အေးအေးချမ်းချမ်း အဆင်ပြေအောင် နေသွားဖို့ ရည်ရွယ်ချက် ရှိပါတယ်။ ကိုယ့်နိုင်ငံကို တခြားပြင်ပက လာပြီးတော့ လွှမ်းမိုးသွားမှာကို ဘယ်သူက လက်ခံချင်မှာလဲ။ မိတ်ဆွေလို အားလုံးနဲ့ ဆက်ဆံမယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ ပြည်သူလူထု အပေါ်မှာ တခြားနိုင်ငံသူ နိုင်ငံသားများ၊ တခြားနိုင်ငံက လွှမ်းမိုးဖို့ ဆိုတာတော့ ဘယ်ဒီမိုကရေစီ အစိုးရမှ လက်ခံမှာ မဟုတ်ပါဘူးလို့ ပြောပါရစေ” လို့ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံလူထုအား ပြောကြားပါတယ်။ 

Most Read

Most Recent