လီဗာပူးလ်အသင်းသည် ၎င်းတို့၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာအား ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။ လီဗာပူးလ် အသင်းကို (၃) နှစ်ခွဲကြာ ကိုင်တွယ်ခဲ့သူ ဘရန်ဒန်ရော်ဂျာသည် ယခုရာသီတွင် အသင်းရလဒ်ဆိုးများကြောင့် အနာဂတ်လှုပ်ခတ်ခဲ့ပြီး အဲဗာတန်နှင့် သရေကျခဲ့သော မာဆေးဆိုက်ဒ်ဒါဘီပွဲ အပြီးတွင် အသင်းတာဝန်ရှိသူများက ၎င်းကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဟု အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် (၃) ပွဲသာ အနိုင်ရခဲ့ပြီး အဆင့် (၁၀) နေရာတွင် ရပ်တည်နေသလို၊ ကစားခဲ့သည့် နောက်ဆုံးပွဲစဉ် (၉) ပွဲတွင် မိနစ် (၉၀) အတွင်း အနိုင်ရခဲ့သည့်ပွဲမှာ တစ်ပွဲသာ ရှိခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်းက ဆွမ်ဆီးအသင်းမှ ပြောင်းရွှေ့ခဲ့သူ ဘရန်ဒန်ရော်ဂျာသည် အသင်းနှင့်အတူ မည်သည့်ဆုဖလားမှ ရယူနိုင်ခဲ့ခြင်း မရှိသော်လည်း ၂၀၁၃-၁၄ ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဆုကိုရရှိနိုင်ရန် အနီးစပ်ဆုံး အနေအထားရအောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် ရာသီကုန်တွင် LMA တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့သည်။လီဗာပူးလ်အသင်း အနေဖြင့် ဘရန်ဒန်ရော်ဂျာအပြင် ၎င်း၏ နည်းပြအဖွဲ့ဝင်များ ဖြစ်ကြသည့် မက်အယ်လစ္စတာ၊ ပီဂျင်လင်ဒါစ်၊ အိုဒရီစကောတို့ကိုပါ ရာထူးမှ ထုတ်ပယ်ခြင်း ရှိ၊ မရှိကိုမူ လတ်တလော မဆုံးဖြတ်ရသေးဟု သိရသည်။REF:Daily Mail









