တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမှုကို အဖွဲ့အချို့နှင့်သာ လုပ်ဆောင်မည် ဆိုပါက ပြီးပြည့်စုံသည့် နိုင်ငံရေး ဆွေးနွေးပွဲ မဖြစ်နိုင်ဟု KIO/KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ပြောကြား

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမှုကို အဖွဲ့အချို့နှင့်သာ လုပ်ဆောင်မည် ဆိုပါက ပြီးပြည့်စုံသည့် နိုင်ငံရေး ဆွေးနွေးပွဲ မဖြစ်နိုင်ဟု KIO/KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ပြောကြား
Published 4 October 2015
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုကို အဖွဲ့အချို့နှင့်သာ လုပ်ဆောင်မည် ဆိုပါက ပြီးပြည့်စုံသည့် နိုင်ငံရေး ဆွေးနွေးပွဲ မဖြစ်နိုင်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ပြောကြားသည်။တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး စုစုစည်းစည်း ပါဝင်လက်မှတ်ထိုးပြီး ထိုမှတစ်ဆင့် နိုင်ငံရေး ဆွေးနွေးပွဲသို့ သွားမှသာ ငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်နိုင်မည်ဟု ၎င်းက ဆိုသည်။ဗိုလ်ချုပ်ဂွန်မော်က “အခု အဖွဲ့တွေအားလုံး မပါဘဲနဲ့ အချို့အဖွဲ့တွေထိုးပြီး အချို့အဖွဲ့တွေ ချန်ထားမယ်ဆိုရင် ပြီးပြည့်စုံတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မဖြစ်နိုင်ပါဘူး။ ဥပမာ ကျွန်တော်တို့ အများစု ထိုးတယ်။ လေးပုံသုံးပုံလောက် ထိုးတယ် ဆိုရင်တောင်မှ အနည်းစုတွေ ကျန်ခဲ့တယ် ဆိုရင်တောင် တစ်နိုင်ငံလုံးဆိုတဲ့ အဆင့်ကို မရောက်ပါဘူး” ဟု ပြောကြားသည်။KIO/KIA အဖွဲ့၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်၍ ၎င်းက “ကျွန်တော်တို့ကတော့ ဒီမိုကရက်တစ် ဖက်ဒရယ်နိုင်ငံဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်မှတ်ထိုးတဲ့ အဖွဲ့တွေရော မထိုးသေးတဲ့ အဖွဲ့တွေရော အကုန်လုံး တူညီတဲ့ ပန်းတိုင်ကို ရောက်ဖို့ ကြိုးစားမယ်ဆိုတဲ့ ပေါ်လစီကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအဝေးက ချပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့ ကေအိုင်အိုကလည်း ဒီအတိုင်းပဲသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။စက်တင်ဘာ လကုန်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရပ်တစ်တပ်ဦး (ABSDF) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) စသည့် အဖွဲ့ခုနစ်ဖွဲ့က အစိုးရနှင့် အပစ်ရပ်စဲရေး လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့ပြီး KIO အပါအဝင် အဖွဲ့ ၁၁ ဖွဲ့က လတ်တလောတွင် လက်မှတ်မထိုးရန် ဆုံးဖြတ်ခဲ့သည်။တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တောင်းဆိုထားသည့် လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေး ကိစ္စနှင့် ပတ်သက်ပြီး အစိုးရနှင့် အပြီးသတ် ဆွေးနွေးနိုင်ခြင်း မရှိသေးသောကြောင့် KIO အဖွဲ့က လတ်တလောတွင် ပါဝင် လက်မှတ်မရေးထိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ KIO အဖွဲ့ အနေဖြင့် NCA တွင် လက်မှတ်ရေးထိုးလိုကြောင်း ဗိုလ်ချုပ်ဂွန်မော်က ပြောကြားသည်။ယင်းသို့ တိုင်းရင်းသား အဖွဲ့အစည်းများအကြား သဘောထား မတူညီမှုနှင့် ပတ်သက်ပြီး CNF အထွေထွေ အတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက “ကျွန်တော်တို့ စိတ်ဝမ်းကွဲတာ မဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ တစုတစည်းတည်းပါ။ နောက်လည်းပဲ အောက်တိုဘာလ အတောအတွင်းမှာလို့ ယူဆရပါတယ်။ အဲဒီမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအဝေးကြီးကို ပြန်လည်ပြီးတော့ လုပ်မှာပါ။ ကျွန်တော်တို့ အနေနဲ့ ဘုံရည်မှန်းချက်ကတော့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ချဉ်းကပ်တဲ့ နေရာမှာ အချို့ကတော့ အရင် လက်မှတ်ထိုးမယ်။ အချို့ကတော့ နောက်မှလာမယ် အဲဒီလိုမျိုး အနေအထား။ လတ်တလော မထိုးနိုင်သေးတဲ့ အနေအထားပါ” ဟု ရှင်းပြသည်။အစိုးရ အနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ဖြင့် စတင်လက်မှတ်ထိုးရန် ပြင်ဆင်နေပြီး လတ်တလော မပါဝင်သေးသည့် အစိုးရ အသိအမှတ်ပြု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက်လည်း ပါဝင်လာရေး လမ်းဖွင့်ပေးထားကြောင်း၊ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုအပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင်လည်း လက်မှတ် မထိုးသေးသည့် အဖွဲ့များအတွက် ကိုယ်စားလှယ်နေရာ ချန်ထားပေးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent