ရှစ်ဖွဲ့ပဲ လက်မှတ်ထိုးရင် NCA မဟုတ်ဘဲ ဒေသဆိုင်ရာ အပစ်ရပ်ရေး RCA သာ ဖြစ်လိမ့်မယ်

ရှစ်ဖွဲ့ပဲ လက်မှတ်ထိုးရင် NCA မဟုတ်ဘဲ ဒေသဆိုင်ရာ အပစ်ရပ်ရေး RCA သာ ဖြစ်လိမ့်မယ်
Published 4 October 2015
နေထွန်းနိုင်

(၁)
ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့က တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ထိုးမယ်လို့ စက်တင်ဘာ ၂၉ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။အစိုးရဘက်က အောက်တိုဘာလထဲမှာ NCA လက်မှတ်ထိုးဖို့ သူတို့ အသိအမှတ် ပြုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့ကို ဖိတ်စာ ပို့ထားပါတယ်။ဒီ ၁၅ ဖွဲ့ထဲကမှ ခုနစ်ဖွဲ့က လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ ရှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA) လည်း လက်မှတ်ထိုးမယ် ဆိုရင် ရှစ်ဖွဲ့ လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ ရှိပါတယ်။ ဒီထဲကမှ ၁၅ ဖွဲ့ကို အစိုးရက အသိအမှတ် ပြုပါတယ်။ ခြောက်ဖွဲ့ကို အသိအမှတ် မပြုပါဘူး။တစ်နိုင်ငံလုံး အတိုင်းအတာ အရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်း (NCA) ရနိုင်ဖို့ ဆွေးနွေးမှုကို ၂၀၁၄ ခုနှစ် မတ် ၁၈ ရက်မှာ စတင်ပါတယ်။၂၀၁၅ ခုနှစ် မတ် ၁၅ ရက်မှာ မူကြမ်းရခဲ့ပြီး သြဂုတ် ၇ ရက်မှာ အပြီးသတ်နိုင် ခဲ့ပါတယ်။ NCA စာချုပ် မူကြမ်းကို အပြီးသတ်နိုင်ခဲ့ပေမယ့် မပြီးပြတ်နိုင်တဲ့ ကိစ္စတွေ ရှိခဲ့ပါတယ်။ပထမ အချက်က လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စ ဖြစ်ပါတယ်။ ဒုတိယ အချက်က ၂၁ ဖွဲ့လုံး ပါဝင်လက်မှတ်ထိုးပိုင်ခွင့် ဖြစ်ပါတယ်။ဒီအချိန်မှာ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး အချက်ကို နောက်ပိုင်းမှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ အားလုံးပါဝင် လက်မှတ်ရေးထိုးရေးကို တိုင်းရင်းသား လက်နက်ကိုင်တွေ ဆုံးဖြတ်ဖို့ ဖြစ်လာပါတယ်။ဒီအချိန်မှာပဲ ခုနစ်ဖွဲ့ လက်မှတ်ထိုးမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာတာပါ။ 
 
(၂)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး ပါဝင် လက်မှတ်ရေးထိုးရေး မူဟာ ၂၀၁၃ ခုနှစ် နိုဝင်ဘာမှာ လုပ်ခဲ့တဲ့ လိုင်ဇာ ညီလာခံ ကတည်းက သဘောတူညီထားပြီး ဖြစ်ပါတယ်။အတိတ်သမိုင်းမှာ အဖွဲ့တွေခွဲပြီး သဘောတူညီချက်တွေ လက်မှတ်ထိုးခဲ့တယ်။ တစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေး ရနေချိန်မှာ လက်မှတ်မထိုးဘဲ ကျန်နေတဲ့ အဖွဲ့တွေ ဖိနှိပ်ချေမှုန်း ခံရတဲ့ သမိုင်းသင်ခန်းစာတွေ ရှိခဲ့ကြတယ်။ ဒါကြောင့် NCA လက်မှတ်ထိုးမယ်ဆိုရင် အတူ လက်မှတ်ထိုးကြမယ်ဆိုတဲ့ သဘောတူညီချက်မူ ရှိခဲ့တာ ဖြစ်ပါတယ်။ဒီသဘောတူညီချက်အတိုင်း ပူးပေါင်း အရေးဆိုခဲ့တာကြောင့် NCA မူကြမ်း ဖြစ်လာတာပါ။ ဒါပေမဲ့ NCA မူကြမ်း ထွက်လာပြီး နောက်ပိုင်းမှာ အားလုံးပါဝင် လက်မှတ်ရေးထိုးရေး မူကို စွန့်ပယ်တဲ့အထိ ညီညွတ်မှု ပြိုကွဲသွားပါတယ်။လက်ရှိ ဖြစ်နေတဲ့ ပုံစံက ၁၉၇၆ ခုနှစ်မှာ ပေါ်ထွက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) ပြိုကွဲခဲ့ပုံနဲ့ တူညီမှုတွေ ရှိနေပါတယ်။မဒတ မဟာမိတ် တပ်ပေါင်းစုကို KNU က ဦးဆောင်ဖွဲ့စည်းခဲ့တာပါ။ အဲဒီအဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား အစည်းအရုံး (KNPP)၊ ပလောင်လွတ်မြောက်ရေး ပါတီ (PSLO)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) နဲ့ ပအိုဝ့်အမျိုးသား အဖွဲ့ချုပ် (PNO) ပါဝင်ခဲ့ပါတယ်။မဒတရဲ့ ညီညွတ်မှုက မန်းဘဇံ၊ စောဘိုမြ၊ ဘရန်ဆိုင်း၊ ဗိုလ်ချုပ် ဇော်မိုင်၊ ပဒိုစိုးအောင်၊ ပဒိုမန်းရှာ၊ စိုင်းလိတ်၊ စဝ်ဆေထင်တို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေက တစ်ဆင့် အားကောင်းခဲ့ပါတယ်။ သူတို့ရဲ့ အအောင်မြင်ဆုံး လုပ်ဆောင်ချက်က ၁၉၈၅ ခုနှစ်မှာ မြောက်ပိုင်းခရီးရှည် ခရီးစဉ် ဖော်ဆောင်ပြီး ပန်ဆန်းကို သွားရောက်ခဲ့တဲ့ ခရီး ဖြစ်ပါတယ်။၁၉၈၆ ခုနှစ် မတ် ၂၄ ရက်မှာ မတဒနဲ့ ဗမာပြည် ကွန်မြူနစ် ပါတီတို့ ပူးပေါင်းပြီး တိုင်းပြည်သို့ ထုတ်ပြန်ချက်တစ်ရပ် လုပ်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ရဲ့ အနှစ်ချုပ်က မဆလ တစ်ပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင် တိုက်ခိုက်ရာမှာ လက်နက်ကိုင်တိုက်ပွဲ နည်းလမ်းနဲ့ ညီညွတ်စွာ တိုက်ခိုက်သွားမယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ဒါပေမဲ့ ဒီသဘောတူညီချက်ဟာ ရေရှည် မခံခဲ့ပါဘူး။ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး စစ်အစိုးရ တက်လာချိန်မှာ သူတို့ရဲ့ ညီညွတ်မှု ပြိုကွဲသွားပါတယ်။အဲဒီ အချိန်မှာ KIO၊ SSPP၊ PSLO နဲ့ PNO တို့က မဒတကနေ နုတ်ထွက်သွားပါတယ်။ ဗကပ အဖွဲ့ကိုလည်း ဒေသခံ ‘ဝ’ တပ်ဖွဲ့ (နောက်ပိုင်းမှာ UWSA ဖြစ်လာ)တွေက အာဏာသိမ်းလိုက်ပါတယ်။ ဒီအတိုင်းပဲ KNU နဲ့ မဟာမိတ် အချို့က လွဲပြီး မဒတဝင် အဖွဲ့အချို့က အစိုးရနဲ့ ငြိမ်းချမ်းရေး ယူသွားပါတယ်။ အထူးသဖြင့် KIO ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကလည်း တာရှည် မခံခဲ့ပါဘူး။ ၁၇ နှစ်တာ ငြိမ်းချမ်းရေးကာလ အပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း အပစ်ရပ်ရေး ပျက်ပြယ်ပါတယ်။ ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် ဖွဲ့ခိုင်းရာက တစ်ဆင့် အပစ်ရပ်ရေး ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။၁၉၉၇ ခုနှစ် ဖေဖော်ဝါရီမှာ လုပ်ခဲ့တဲ့ မဒတရဲ့ စတုတ္ထအကြိမ် ညီလာခံမှာ ‘နဝတ၏ အပစ်ရပ်စဲရေး လမ်းစဉ်သည် မဒတဖြိုခွဲရေး အတွက်သာဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခြင်း လုံးဝမရှိ’ သုံးသပ်ခဲ့ပါတယ်။ အမျိုးသား ညီလာခံကို လက်မခံခဲ့သလို နိုင်ငံရေး ပြဿနာကို အဖြေရှာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ သုံးပွင့်ဆိုင် တွေ့ဆုံရေးကို အစဉ်တစိုက် တောင်းဆိုခဲ့ပါတယ်။တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆက်ဆံရေးရုံး တည်နေရာပြ မြေပုံ Source: Deciphering Myanmar's Peace Process (2015)
၂၀၀၉ ခုနှစ်ထိ မဒတရဲ့ လှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် အားမကောင်းတော့ပါဘူး။ ဒီအချိန်မှာ အပစ်ရပ် ပျက်ပြယ်ရာက တစ်ဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ပဋိပက္ခ ပိုဖြစ်လာပါတယ်။၂၀၁၁ ခုနှစ် ဖေဖော်ဝါရီမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပေါ်လာပြီး မဒတနေရာကို အစားဝင်လာတဲ့ တိုင်းရင်းသား မဟာမိတ် တပ်ပေါင်းစု ဖြစ်လာပါတယ်။ ထူးခြားတာက UNFC ကို KIO က ဦးဆောင်ခဲ့တာပါ။တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့တဲ့ UNFC ဟာ မဒညတ၊ မဒတ မဟာမိတ် တပ်ပေါင်းစုတွေလို အားကောင်းခဲ့ပါတယ်။ ဒီအဖွဲ့မှာ KNU ပါဝင်ခဲ့တယ် ဆိုပေမယ့် နောက်ပိုင်းမှာ ယာယီ နုတ်ထွက်ခဲ့ပါတယ်။ အခုချိန်ထိ ပြန်မပါသေးပါဘူး။KNU ဦးဆောင်တဲ့ မဒတ အားကောင်းချိန်မှာ KIO နဲ့ မဟာမိတ်အချို့ နုတ်ထွက်ပြီး အစိုးရနဲ့ အပစ်ရပ်ရေး သဘောတူညီချက် ယူခဲ့ပါတယ်။ သမိုင်းတစ်ပတ် လည်ခြင်းပါပဲ။ KIO ဦးဆောင်တဲ့ UNFC အားကောင်းချိန်မှာ KNU နဲ့ မဟာမိတ်တွေက အစိုးရနဲ့ ပြေလည်မှုယူပြီး NCA လက်မှတ်ထိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခု NCA လက်မှတ်ထိုးဖို့ ဆုံးဖြတ်လိုက်တဲ့ အဖွဲ့တွေဟာ တစ်ချိန်က နဝတရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်နဲ့ အမျိုးသား ညီလာခံကို ပယ်ချခဲ့တဲ့ KNU အပါအဝင် မဒတ အဖွဲ့ဝင်တွေ ဖြစ်နေပါတယ်။
(၃)
NCA နဲ့ ပတ်သက်ရင် သဘောထားနှစ်မျိုး ရှိကြပါတယ်။ တစ်ခုက အဆင်သင့်ဖြစ်သူတွေ လက်မှတ်ရေးထိုးဖို့ ဖြစ်ပါတယ်။ အခု KNU နဲ့ သူ့ရဲ့ မဟာမိတ် ခုနစ်ဖွဲ့ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပါ။ ဒါကို အစိုးရက သဘောကျပါတယ်။ Open Book စနစ် ဖြစ်ပါတယ်။ ဒုတိယ တစ်ချက်က KIO နဲ့ သူ့ရဲ့ မဟာမိတ်တွေ ရွေးချယ်ထားတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ အားလုံးအတူအကွ လက်မှတ်ရေးထိုး ဖြစ်ပါတယ်။  ဒီမတိုင်ခင်က အပစ်ရပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ သွားမလား၊ နိုင်ငံရေး ဆွေးနွေးပွဲပြီးမှ အပစ်ရပ်ရေး သွားမလားဆိုတဲ့ သဘောထားနှစ်ခု ရှိခဲ့ပါတယ်။ အဲဒီမှာလည်း KIO နဲ့ KNU နှစ်ဖွဲ့ကြား သဘောထား ကွဲလွဲမှု ရှိခဲ့ပါတယ်။ အပစ်ရပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ လုပ်တာ အတည် ဖြစ်ခဲ့ပါတယ်။ ကြားထဲမှာ အင်အားအကောင်းဆုံးဖြစ်တဲ့ UWSA နဲ့ မိုင်းလားအဖွဲ့က ခြံစည်းရိုး ခွထိုင်ခဲ့ပါတယ်။ သူတို့က ငြိမ်းချမ်းရေး ယူပြီးသား အဖွဲ့တွေ ဖြစ်နေတဲ့အတွက် နိုင်ငံရေး ဆွေးနွေးပွဲရောက်မှ ပါဝင်မယ်လို့ ဆိုထားပါတယ်။ ဒီကြားထဲမှာပဲ ကိုးကန့်ပဋိပက္ခ ပေါ်လာတာကြောင့် အားလုံးအတူ လက်မှတ်ထိုးရေးကို သူတို့က ပိုပြီး လိုလားခဲ့ပါတယ်။အခုတော့ အဖွဲ့တွေ ကွဲထွက်သွားပါပြီ။ တစ်ချိန်တည်းမှာပဲ KNU မှာ အကွဲအပြဲတွေ ထပ်ဖြစ်လာမလားဆိုတဲ့ သတင်းစကားတွေ ထွက်လာပါတယ်။
၁၉၄၇ ခုနှစ်မှာ စတင်ပေါ်ပေါက်လာတဲ့ KNU ဟာ သမိုင်းတစ်လျှောက်မှာ ရပ်တည်ချက် ခိုင်မာပြတ်သားခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ခဲ့ပါတယ်။ ဒီအဖွဲ့ကို စောစံဖိုးသင်းနဲ့ စောဘဦးကြီးတို့ ဦးဆောင်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးနဲ့ ပတ်သက်ပြီး သဘောထား ကွဲခဲ့ပါတယ်။ စောစံဖိုးသင်း၊ မန်းဘခိုင်၊ မန်းဝင်းမောင်တို့က ရွေးကောက်ပွဲ ဝင်ရေးကို ရွေးချယ်ခဲ့ပါတယ်။ စောဘဦးကြီးက KNU ကို ဆက်လက်ဦးဆောင်ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။၁၉၅၀ ပြည့်နှစ်မှာ စောဘဦးကြီး ကျဆုံးခဲ့ပြီး စောဟန်တာသာမွှေး ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ၁၉၆၃ ခုနှစ် နောက်ပိုင်းမှာ စောဟန်တာသာမွှေးနဲ့ မန်းဘဇံတို့ အကြား အုပ်စုကြီးနှစ်ခု ထပ်ကွဲပါတယ်။ ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီးမှာ မန်းဘဇံ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ၁၉၆၅ ခုနှစ်မှာ မန်းဘဇံနဲ့ စောဘိုမြတို့ ထပ်ကွဲပါတယ်။ ဒီနောက်ပိုင်းမှာ စောဘိုမြရဲ့ ဦးဆောင်မှုနဲ့ ညီညွတ်တဲ့ KNU အဖွဲ့ ဖြစ်လာပါတယ်။ဒါပေမဲ့ ၁၉၈၈ ခုနှစ်အပြီး နဝတ အစိုးရ တက်လာတယ်။ ၁၉၉၅ ခုနှစ်မှာ KNU ကနေ DKBA ခွဲထွက်သွားပါတယ်။၂၀၀၀ ပြည့်နှစ်မှာ ဥက္ကဋ္ဌ တာဝန်ကနေ စောဘိုမြ အနားယူခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ စောဘိုမြ ဥက္ကဋ္ဌ တာဝန်က အနားယူပြီး နောက်ပိုင်း ပဒိုစောဘသင် ဥက္ကဋ္ဌ ဖြစ်လာပြီး အထွေထွေ အတွင်းရေးမှူးက ပဒိုမန်းရှာ ဖြစ်လာပါတယ်။ ပဒိုမန်းရှာဟာ စောဘိုမြနောက်ပိုင်း KNU ရဲ့ အနာဂတ်ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် သတ်မှတ်ခံရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ အခြားသော ဒီမိုကရေစီ အင်အားစုတွေအကြား ယုံကြည်မှု ရထားသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ပဒိုမန်းရှာ လုပ်ကြံခံရပါတယ်။ပဒိုမန်းရှာ လုပ်ကြံခံရမှု မဖြစ်ခင်မှာ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ KNU တပ်မဟာ ၇ အင်အားစုတွေ အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ (KPC) ကို ထူထောင်လိုက်ပါတယ်။ဗိုလ်ချုပ်ထိန်မောင် KNU က ခွဲထွက်သွားခြင်းနဲ့ ပဒိုမန်းရှာ လုပ်ကြံခံခဲ့ရတဲ့ နှစ်ချက်က KNU အပေါ် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။နိုင်ငံရေး အကဲခတ်တွေ ကြားမှာတော့ ဒီဖြစ်စဉ်နှစ်ခုရဲ့ နောက်မှာ ကြိုးကိုင်သူ တစ်ဦးတည်း ဖြစ်မယ်ဆိုတဲ့ အယူအဆ ရှိနေပါတယ်။၂၀၀၈ ခုနှစ် မေလမှာ စောဘသင် ကွယ်လွန်ပါတယ်။ သူကွယ်လွန်ပြီးချိန်မှာ တာမလာဘောက KNU ဥက္ကဋ္ဌ ဖြစ်လာပြီး သူ့ရဲ့ သမီးဖြစ်သူ နော်စီဖိုးရာစိန်က အထွေထွေ အတွင်းရေးမှူး ဖြစ်လာပါတယ်။ ပဒိုမန်း ရှာနေရာမှာ အစားထိုး ရောက်လာတဲ့ နော်စီဖိုးရာစိန်ဟာ ပဒိုမန်းရှာလို့ စိတ်ဓာတ်ရှိသူ ဖြစ်ပါတယ်။၂၀၁၄ ခုနှစ် ဇွန်လမှာ တာမလာဘော ကွယ်လွန်ပါတယ်။ ဒီနောက်ပိုင်း KNU အဖွဲ့ထဲမှာ နော်စီဖိုးရာစိန်ရဲ့ အင်အားစုတွေနဲ့ လက်ရှိဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ အထွေထွေ အတွင်းရေးမှူး စောကွယ်ထူးဝင်း၊ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ မန်းငြိမ်းမောင်တို့ရဲ့ အင်အားစုတွေအကြား အားပြိုင်မှု သိသိသာသာ ရှိခဲ့ပါတယ်။အထူးသဖြင့် KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့ KNLA ဒုတိယ စစ်ဦးစီးချုပ် ဘောကျော်ဟဲတို့က ရပ်တည်မှု တူညီတဲ့ ပုံစံ ရှိပါတယ်။ သူတို့နောက်မှာ KNU တပ်မဟာ ၂၊ တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ တို့က စောမူတူးဆေးဖိုးနဲ့ ဆန့်ကျင်တဲ့အမြင် ရှိပါတယ်။စောမူတူးဆေးဖိုး ဦးဆောင်တဲ့ အဖွဲ့တွေက NCA လက်မှတ်ထိုးဖို့ ဆုံးဖြတ်ချိန်မှာ နော်စီဖိုးရာစိန်နောက်မှာ ရှိနေတဲ့ အင်အားစုတွေက အားလုံးအတူ ပါဝင် လက်မှတ်ထိုးရေးကို ပိုပြီး အလေးထားခဲ့ပါတယ်။ဒီအခြေအနေတွေက NCA လက်မှတ်ထိုးပြီး နောက်ပိုင်း ဖြစ်လာနိုင်တဲ့ အကွဲအပြဲတွေကို ရိုက်ခတ်နေပါတယ်။ 
(၄)
နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခု အခု NCA လက်မှတ်ထိုးဖို့ ဆုံးဖြတ်တဲ့ အဖွဲ့တွေရဲ့ အနေအထား ဖြစ်ပါတယ်။ သူတို့ထဲမှာ အဓိက ကျတာက KNU အဖွဲ့ ဖြစ်ပါတယ်။ KNU ကြောင့်သာလျှင် လက်မှတ်ထိုးဖို့ သူတို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KPC) နှစ်ဖွဲ့စလုံးက အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားပြီးတဲ့ အဖွဲ့တွေဖြစ်ပြီး စီးပွားရေး လုပ်ငန်းတွေလည်း ပိုင်ထားပါတယ်။ DKBA မှာ အင်အား ၁၅၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ KPC မှာ အများဆုံး ၂၀၀ ဝန်းကျင်ပဲ ကျန်ပါတော့တယ်။ ဒီနှစ်ဖွဲ့က အစိုးရနဲ့ အလွယ်တကူ အပစ်ရပ်ရေး ယူလို့ရတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။  ကွဲပြားနေတဲ့ ကရင်လက်နက်ကိုင်တွေ အလံတစ်ခုတည်းအောက်မှာ ပြန်ပေါင်းနိုင်ဖို့ KNU ဟာ ၂၀၁၃ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ပါတယ်။ ကိုယ်စီ အကျိုးစီးပွားတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ အစိုးရရဲ့ NCA ဆိုင်းဘုတ်အောက်မှာ အတူဝင်ရပ်ဖို့ ကရင်လက်နက်ကိုင် အများစု ဆုံးဖြတ်လိုက်ပါတယ်။ သမိုင်းမှာ ပထမဆုံးပါပဲ။KNU၊ DKBA၊ KPC တို့နဲ့အတူ NCA လက်မှတ်ထိုးဖို့ ဆုံးဖြတ်လိုက်တဲ့ ကျန်တဲ့အဖွဲ့တွေရဲ့ အနေအထားက သိပ်မထူးပါဘူး။ အားလုံးက KNU နဲ့ ပတ်သက်နေပါတယ်။ အမာခံ အင်အား ၆၀ နဲ့ ၁၀၀ ဝန်းကျင်မှာပဲ ရှိတဲ့ ALP ဟာ KNU နယ်မြေထဲမှာ အခြေစိုက်တဲ့အဖွဲ့ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အင်အားတစ်ချို့ ရှိပေမဲ့ အားမကောင်းပါဘူး။ABSDF က နှစ်ဖွဲ့ ရှိပါတယ်။ ကရင်ပြည်နယ်မှာ အခြေစိုက်တဲ့ ABSDF (တောင်ပိုင်း) နဲ့ ကချင်ပြည်နယ်မှာ အခြေစိုက်တဲ့ ABSDF (မြောက်ပိုင်း) ဖြစ်ပါတယ်။ ကရင်ပြည်နယ်ထဲမှာ အခြေစိုက်တဲ့ အဖွဲ့အင်အား ၄၀၀ ကျော် ရှိပါတယ်။ NCA ကို လက်မှတ်ထိုးဖို့ ဆုံးဖြတ်တာက သူတို့ ဖြစ်ပါတယ်။ အင်အား ၂၀၀ ဝန်းကျင်ရှိပြီး ကချင်ပြည်နယ်မှာ အခြေစိုက်တဲ့ ABSDF (မြောက်ပိုင်း)ရဲ့ သဘောထားကို မသိရသေးပါဘူး။ ဖြစ်နိုင်ခြေ ရှိတာက KIO နဲ့ ပူးပေါင်းသွားဖို့ ပိုများပါတယ်။အင်အား ၄၀၀ ဝန်းကျင်ပဲရှိတဲ့ PNLO နဲ့ အင်အား၂၀၀ ဝန်းကျင်ပဲရှိတဲ့ CNF ရဲ့ အနေအထားက ဒေသခံ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို ရမထားပါဘူး။
အဖွဲ့ခုနစ်ဖွဲ့မှာ KNU က အဓိကကျပြီး ကျန်တဲ့သူတွေက KNU နဲ့ နှီးနွှယ်နေပါတယ်။ နိုင်ငံရေး အကဲခတ်တွေရဲ့ သုံးသပ်ချက် အရတော့ ခုနစ်ဖွဲ့ရဲ့ နောက်ကွယ်မှာ ဦးဟန်ညောင်ေ၀ ဦးဆောင်ထားတဲ့ EBO (The Euro-Burma Office) က ငွေကြေးထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂ (EU) က EBO ရဲ့ အဓိက ကျောရိုးတစ်ခု ဖြစ်သလို ဆွီဒင်၊ နော်ဝေ၊ ဖင်လန်၊ ဆွစ်ဇာလန်တို့က ငွေကြေးထောက်ပံ့ ထားပါတယ်။ပြီးခဲ့တဲ့ လေးနှစ်တာ ကာလမှာ ဦးဟန်ညောင်ဝေရဲ့ EBO ဟာ အစိုးရရဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဋ္ဌာန (MPC) နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။ MPC ကိုလည်း EU ကပဲ အဓိက ငွေကြေးထောက်ပံ့နေတာပါ။ဒီအတိုင်းပဲ EBO ရဲ့ ပဲ့ကိုင်ရှင် ဦးဟန်ညောင်ဝေ၊ KNU အကြံပေး စောတူးတူးလေး၊ RCSS/SSA ရဲ့ အကြံပေး ဦးခွန်ဆိုင်းတို့အကြား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့သလို သူတို့ပူးပေါင်းပြီး NCA ဖြစ်ရေးအတွက် အဖွဲ့ပေါင်းစုံအကြား ပေါင်းကူးခဲ့တာ ရှိပါတယ်။ဒါကြောင့်ပဲ ရှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA) ကလည်း NCA ကို လက်မှတ်ထိုးမယ့် အဖွဲ့တွေထဲ ပါလာတာ ဖြစ်ပါတယ်။အခု NCA ကို လက်မှတ်ထိုးကြမယ့် ရှစ်ဖွဲ့စလုံးရဲ့ နောက်မှာ ရှိနေတဲ့ အခြေအနေတွေ အတူတူပဲ ဖြစ်ပါတယ်။ သူတို့ အနေနဲ့ NCA ကို လက်မှတ်ထိုးမှသာ ဆက်ပြီးရှင် သန်နိုင်မယ့် အနေအထား ရှိနေပါတယ်။ ဒီအချိန်မှာ ကိုယ်ကျိုးစီးပွားက ဦးဆောင် ဆုံးဖြတ်သွားပါတယ်။(၅)
ဘာပဲဖြစ်ဖြစ် ရှစ်ဖွဲ့တည်းနဲ့ လက်မှတ်ထိုးမယ် ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) လို့ မခေါ်နိုင်ပါဘူး။ ဒေသဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (RCA) လို့ ခေါ်ရပါလိမ့်မယ်။ ဒါမှမဟုတ် ကရင်ပြည်နယ်တွင်း အဓိက အပစ်အခတ်ရပ်စဲတာကြောင့် ကရင်ပြည်နယ် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (KCA) လို့ ခေါ်ရင်လည်း ရပါလိမ့်မယ်။ အဲဒီက တစ်ဆင့် ရလာတဲ့ ငြိမ်းချမ်းရေးဆိုတာ ကားပါမစ် ငြိမ်းချမ်းရေး၊ မတရားအသင်းက ပယ်ဖျက်ခံ ငြိမ်းချမ်းရေးပဲ ဖြစ်ပါလိမ့်မယ်။NCA လက်မှတ် ထိုးပြီးတာနဲ့ ရက် ၉၀ အတွင်း လုပ်ရမှာတွေ ရှိပါတယ်။ ရက် ၃၀ အတွင်း စစ်ဘက်ဆိုင်ရာ စောင့်ကြည့်ရေး ကော်မတီ လုပ်ငန်းလမ်းညွှန်ထွက်ရမှာ ဖြစ်သလို ရက် ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် ရေးဆွဲရမှာပါ။ ရက် ၉၀ အတွင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရမှာ ဖြစ်ပါတယ်။အခု အခြေအနေအတိုင်း အောက်တိုဘာမှာ လက်မှတ်ရေးထိုးရင် ဇန်နဝါရီ နောက်ပိုင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရမှာပါ။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ လွှတ်တော်သက်တမ်း ကုန်ဆုံးပါမယ်။ ဒီကြားထဲမှာပဲ NCA စာချုပ်ကို ပြည်ထောင်စုလွှတ်တော် တင်သွင်းပြီး အတည်ပြုချက်ယူဖို့ လုပ်ရပါဦးမယ်။ ဒီဖြစ်စဉ်မှာ ဆုံးဖြတ်နိုင်သူအဖြစ် ပါဝင်ဖို့ဆိုရင် NCA ကို လက်မှတ်ထိုးမှ ရပါလိမ့်မယ်။ မထိုးရင် အမြင့်ဆုံး မျှော်လင့်နိုင်တာက လေ့လာသူ အဆင့်ပဲ ဖြစ်ပါတယ်။
MPC အဖွဲ့ဝင်တွေကတော့ ၂၀၁၆ ခုနှစ် ဇန်နဝါရီမှာ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ဖို့ မျှော်မှန်းထားပါတယ်။ အဲဒီအချိန်မှာ စနိုင်မှ နောက်အစိုးရ တက်လာချိန်မှာ သူတို့ အလုပ်တွေ ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အဖွဲ့တွေ မစုံရင်လည်း ရတဲ့အဖွဲ့နဲ့ လုပ်ဖို့ ပြင်ထားပါတယ်။ ဒီလိုဆိုရင်တော့ ပဋိပက္ခတွေ ဖြစ်လာပါလိမ့်မယ်။နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး ဆွေးနွေးပွဲက အဖြေရှာရမယ်၊ အပစ်ခတ် ရပ်စဲရေး လက်မှတ်ထိုးမှသာ ငြိမ်းချမ်းရေးအတွက် လမ်းစရှာတွေ့မယ်၊ ဒါကြောင့် NCA ကို လက်မှတ်ထိုးရမယ် ဆိုတာကို တိုင်းရင်းသား လက်နက်ကိုင်တွေက လက်ခံပြီးသား ဖြစ်ပါတယ်။ဒါပေမဲ့ လက်မှတ်ထိုးတဲ့အခါ စာချုပ် နာမည်အတိုင်း အားလုံး ပါဝင်နိုင်ရေးက အဓိက ကျပါတယ်။ အားလုံးမပါဝင်ဘဲ အဖွဲ့တွေခွဲပြီး လက်မှတ်ထိုးရင် အာဏာတည်မြဲရေးအတွက် လက်နက်ချ အညံ့ခံစေချင်တဲ့ ငြိမ်းချမ်းရေး ဖြစ်သွားနိုင်တာကို သမိုင်းက သက်သေခံထားပါတယ်။ ဒီအတိုင်းပဲ အားလုံးပါဝင်ခြင်း မရှိဘူး၊ ပါဝင်သူတွေကလည်း ဒေသခံ တိုင်းရင်းသားတွေရဲ့ သဘောထားကို ကိုယ်စားပြုသူတွေ မဟုတ်ဘူး၊ ဒီလူတွေနဲ့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုရင် အဲဒီနိုင်ငံရေး ဆွေးနွေးပွဲတွေကို ပြည်သူလူထုက ယုံကြည်မှုရှိမှာ မဟုတ်ပါဘူး။ အမျိုးသား ညီလာခံ ပုံစံပဲ ဖြစ်သွားပါလိမ့်မယ်။ ဒါ့အပြင် အဲဒီ နိုင်ငံရေး ဆွေးနွေးပွဲက ထွက်လာတဲ့ ပြည်ထောင်စု သဘောတူစာချုပ် ဆိုတာလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေလိုပဲ ဖြစ်သွားပါမယ်။ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အားလုံး ပါဝင်ရေးအတွက် အချိန်လိုပါသေးတယ်။ ဒါကို မစောင့်နိုင်ဘဲ ရတဲ့အဖွဲ့တွေနဲ့ပဲ လုပ်မယ်ဆိုရင် အဲဒါဟာ NCA မဟုတ်ဘဲ RCA ဒါမှမဟုတ် KCA ပဲ ဖြစ်သွားပြီး တိုင်းပြည်အတွက် ထူးခြားတဲ့ အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။    

Most Read

Most Recent