လူမျိုးရေးနှင့် ဘာသာရေးကို အသုံးပြုကာ ဝါဒဖြန့် ပြောဆိုတိုက်ခိုက်မှု ပိုများလာခြင်းသည် ရွေးကောက်ပွဲ တည်ငြိမ်မှုအား ထိခိုက်စေနိုင်ပြီး နိုင်ငံ့ဂုဏ်သိက္ခာပါ ကျဆင်းစေ၍ အရေးယူ ဆောင်ရွက်ရမည့်အပြင် ပြည်သူများ သတိထားရန် လိုအပ်ကြောင်း အရပ်ဘက် ...

လူမျိုးရေးနှင့် ဘာသာရေးကို အသုံးပြုကာ ဝါဒဖြန့် ပြောဆိုတိုက်ခိုက်မှု ပိုများလာခြင်းသည် ရွေးကောက်ပွဲ တည်ငြိမ်မှုအား ထိခိုက်စေနိုင်ပြီး နိုင်ငံ့ဂုဏ်သိက္ခာပါ ကျဆင်းစေ၍ အရေးယူ ဆောင်ရွက်ရမည့်အပြင် ပြည်သူများ သတိထားရန် လိုအပ်ကြောင်း အရပ်ဘက် ...
Published 4 October 2015

လူမျိုးရေးနှင့် ဘာသာရေးကို အသုံးပြုကာ ဝါဒဖြန့် ပြောဆိုတိုက်ခိုက်မှု ပိုများလာခြင်းသည် ရွေးကောက်ပွဲ တည်ငြိမ်မှုအား ထိခိုက်စေနိုင်ပြီး နိုင်ငံ့ဂုဏ်သိက္ခာပါ ကျဆင်းစေ၍ အရေးယူ ဆောင်ရွက်ရမည့်အပြင် ပြည်သူများ သတိထားရန် လိုအပ်ကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများ ပြောကြား
၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးပါတီများနှင့် ပါတီခေါင်းဆောင်များ အပါအဝင် ပုဂ္ဂိုလ်အချို့အား လူမျိုးရေးနှင့် ဘာသာရေး အသုံးပြုပြီး ဝါဒဖြန့် ပြောဆိုတိုက်ခိုက်မှု ပိုများလာခြင်း သည် ရွေးကောက်ပွဲ တည်ငြိမ်မှု ထိခိုက်နိုင်သည့်အပြင် နိုင်ငံ၏ ဂုဏ်သိက္ခာပါ ကျဆင်းစေ၍ သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်ရမည့်အပြင် ပြည်သူများ သတိထားရန် လိုအပ်ကြောင်း အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်အချို့က ပြောကြားသည်။
ထိုသို့ တိုက်ခိုက်ခံရမှုများအနက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လူမျိုးရေးနှင့် ဘာသာရေးကို အသုံးပြုပြီး တိုက်ခိုက်မှုသည် အများဆုံးဖြစ်ပြီး မျိုးစောင့်ဥပဒေများအား ကန့်ကွက်ခဲ့သည့် လူအခွင့်အရေး လှုပ်ရှားဆောင်ရွက် သူများကိုလည်း အပုပ်ချ တိုက်ခိုက်မှုများ ရှိနေပြီး အင်တာနက် လူမှုကွန်ရက်များတွင် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
NLD ပါတီနှင့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် အတွက်ကြောင့်ဟု ဆိုကာ တရားပွဲအချို့တွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အထင်အမြင် လွဲမှားစေမည့် ကြေညာချက် အတုကို အသုံးပြုဟောပြောခြင်းများ၊ လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီအား မဲမပေးရန် ရေးသားထားသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်မှုများ ရှိခဲ့သည်။
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် Myanmar Network Organization for Free and Fair Elections (MYNFREL) မှ ဒေါ်ဇင်မာဦးက “နိုင်ငံရေးမှာ အထူးသဖြင့် မဲဆွယ်စည်းရုံးရေးတွေ လုပ်တဲ့အခါမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့မှ ဘာသာရေးကို အသုံးချတာမျိုး မလုပ်ရဘူးလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြောထားပြီးသား။ ပြောထားပြီးသားကို ဘာသာရေး လုပ်တဲ့သူတွေက နိုင်ငံရေးနဲ့ဆိုင်တဲ့ နယ်ပယ်တွေမှာ ဝင်စွက်ဖက်တယ်။ ဝင်ပြီးတော့ပြောတယ် လုပ်နေကြတယ်။ ဒါကို ဘယ်သူကမှ မပြောဘူးလား။ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ရေးဆွဲထားတာ။ ဒါကိုချိုးဖောက်တယ်။ ဖွဲ့စည်းပုံ အခြေခံအောက်မှာ မရှိတော့ဘူး။ အခုဖြစ်နေတာက။ အဲဒီလိုဖြစ်နေတဲ့ အခြေအနေမှာ အရေးယူတာမျိုး၊ သတိပေးတာမျိုး မလုပ်တော့ဘူးလား။ အဲဒါက စဉ်းစားစရာ ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုရင် ဖွဲ့စည်းပုံရဲ့ဘောင်ကို ကျော်သွားပြီ။ အခုရှိနေတဲ့ ပြဿနာက။ အထူးသဖြင့် ဒါကရည်ရွယ်ချက်ရှိရှိလို့ ပြောလို့ရတယ်။ ရွေးကောက်ပွဲ နီးလာပြီဆိုမှ ဒီကိစ္စတွေက အရှိန်နဲ့ အရှိန်နဲ့ တစ်ရက်ပြီးတစ်ရက် ကျွန်မတို့ သတင်းစာတွေ ဖတ်နေတာ။ ဆိုရှယ်မီဒီယာတွေ သုံးတဲ့အခါမှာလည်း တွေ့နေရတယ်။ ဆိုတော့ ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်ဆိုတာ ထင်ရှားတယ်။ ထင်ရှားတဲ့အတွက် ဒီအပေါ်မှာ အထူးသဖြင့် တားဆီးရမယ့်သူ၊ သတိပေးရမယ့် သူတွေက နိုင်ငံရေးကိစ္စမှာ ဘာသာရေးကို အသုံးမချဖို့ တင်းတင်းကျပ်ကျပ် ပြောသင့်တယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် သူတိုင်းက အနိုင်ရလို၍ နိုင်ငံရေး အကျိုးအမြတ်အတွက် လူမျိုးရေး ဘာသာရေးကို အသုံးပြုကာ အခြားသူများကို တိုက်ခိုက်ခြင်းသည် မလုပ်သင့်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ပါကလည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ တာဝန်ရှိသူများက ကြပ်ကြပ်မတ်မတ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခြင်းမျိုး ရှိသင့်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်မေစပယ်ဖြူက ဆိုသည်။
“ကျွန်မတို့နိုင်ငံမှာ လက်ရှိဖြစ်နေတာက စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေက ရှိရုံပဲ ရှိနေတာလေ။ တကယ်တမ်း ချိုးဖောက်တဲ့ အခါမှာ တာဝန်ရှိတဲ့သူတွေက ဒါကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်း မရှိသလို အဲဒီဥပဒေ စည်းမျဉ်းစည်းကမ်း တွေကိုလည်း လိုချင်တဲ့အခါ လိုအပ်တဲ့အခါ သူတို့အတွက် သက်သက်ပဲ အသုံးပြုတာက ပြဿနာဖြစ်နေတာ။ ဒါပေမဲ့လည်း အဲဒါအတိုက်အခံ ပါတီကသာ လုပ်ခဲ့မယ်ဆိုရင် အရေးယူချင် ယူမှာပေါ့” ဟု ဒေါ်မေစပယ်ဖြူက ဆိုသည်။
အင်တာနက် လူမှုကွန်ရက်ကို ဝါဒဖြန့်ချိရေး အနေဖြင့် အသုံးချမှုများ ရှိနေ၍ ပြည်သူများ အနေဖြင့် လူမှုကွန်ရက်ပေါ်တွင် ပြောဆိုနေမှုများကို အားမပြုရန် ကောလာဟလများကို ဆင်ခြင်တုံတရားရှိရှိဖြင့် တုံ့ပြန်ရန် အေးချမ်းမြန်မာ အင်စတီကျုမှ ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။
ဦးဆလိုင်းအိုက်ဇက်ခင်က “အရေးကြီးတာက လူတွေက အွန်လိုင်းကို သိပ်အားမကိုးဖို့ လိုတယ်ဗျ။ ဆိုရှယ်မီဒီယာက အပျော်တမ်းပဲလေ။ အခုဟာက ဆိုရှယ်မီဒီယာကို လူတွေက ဝါဒဖြန့်ချိရေး အနေနဲ့ အသုံးချနေကြတာ။ အခုက တော်တော်များများက အခြေအနေ ရှုပ်ထွေးနေတယ်။ ရွေးကောက်ပွဲ နီးလေလေ အခြေအနေက ရှုပ်ထွေးလေလေပဲ။ ဘာဖြစ်လို့လဲဆိုရင် ရွေးကောက်ပွဲကို ရှောရှောရှူရှူ ဖြစ်စေချင်တဲ့သူ တွေရှိသလို ရွေးကောက်ပွဲကို မအောင်မမြင် ဖြစ်စေချင်တဲ့သူတွေ ရှိတယ်။ အဲဒါက တိုင်းပြည်အတွက် မကောင်းဘူး။ အဲဒါကို တတ်နိုင်သမျှ ပညာပေးဖို့လိုတယ်။ တကယ်တော့ ပညာရေးပဲဗျ။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ကျွန်တော်တို့က ဆယ်စုနှစ်ပေါင်းများစွာ ပညာရေးစနစ်က ပျက်စီးလာခဲ့တဲ့ အခါကျတော့ လူတွေရဲ့ စဉ်းစားဆင်ခြင်တုံတရား အဲဒါတွေက မကောင်းတော့ဘူး။ အဲဒီအခါကျတော့ ကောလာဟလတွေနဲ့ လူတွေက အလုပ်လုပ်သလို ဖြစ်နေတာ” ဟု ပြောကြားသည်။
ပါတီများ သို့မဟုတ် လူပုဂ္ဂိုလ်များအနေဖြင့် တိုက်ခိုက်မှုများ၊ ဝေဖန်မှုများ ကြုံကြရသည့် အခါတွင် မိမိတို့၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာသော ရှင်းလင်းမှုများ ပြုလုပ်ရန် လိုသည်ဟုလည်း ဦးဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။
ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးမချရဆိုသည့်အချက် ဥပဒေတွင် ရှိပြီးဖြစ်၍ ယင်းသို့ နိုင်ငံရေး အကျိုးအမြတ်အတွက် ဘာသာရေးကို အသုံးပြု၍ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်တွင် တာဝန်ရှိသည်ဟု NLD ပါတီမှ ကိုယ်စားလှယ်လောင်း ကိုနေဘုန်းလတ်က ပြောကြားသည်။
“ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုက မလုပ်ကောင်းတဲ့ ကိစ္စပါ။ ဒါက ဥပဒေတွေဘာတွေ ခဏထား။ တကယ်တမ်း ကိုယ့်ကိုယ်ကိုယ် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ပဲ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ကတော့ ပြိုင်ဘက်တွေ အကုန်လုံးကို တလေးတစားပဲ ဆက်ဆံနေတယ်။ သူများကို အပုပ်ချတာမျိုးတွေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မျိုးတွေက တကယ်တမ်း ပြောရမယ်ဆိုရင် သိက္ခာကျပါတယ်။

Most Read

Most Recent