စက်တင်ဘာအထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ခုနစ်သိန်းဝန်းကျင် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂၃၈ သန်းခန့် ရရှိ

စက်တင်ဘာအထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ခုနစ်သိန်းဝန်းကျင် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂၃၈ သန်းခန့် ရရှိ
Published 4 October 2015
ဇော်ဝေ

ယခုဘဏ္ဍာနှစ်စမှ စက်တင်ဘာအထိ ခြောက်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ခုနစ်သိန်းဝန်းကျင် တင်ပို့ထားပြီး ဒေါ်လာ ၂၃၈ သန်းခန့် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ယခင်နှစ်က စက်တင်ဘာလအထိ ဆန်နှင့်ဆန်ကွဲ တန် ၇ ဒသမ ၃၅ သိန်း တင်ပို့ခဲ့ပြီး ဒေါ်လာ ၂၆၉ သန်းဝန်းကျင် ရရှိခဲ့ကြောင်း၊ ယခုနှစ် ဆန်တင်ပို့မှု လျော့ကျသော်လည်း ဆန်ကွဲတင်ပို့မှု များနေကြောင်း၊ ယခင်နှစ်က ခြောက်လအတွင်း ဆန်ကွဲတန် ၁ ဒသမ ၂၃ သန်းဝန်းကျင်သာ ရှိသော်လည်း ယခုနှစ် ဆန်ကွဲတန် နှစ်သိန်းကျော် တင်ပို့ခဲ့ရကြောင်း သိရသည်။“မနှစ်က ကျွန်တော်တို့ ဆန်က ၆ ဒသမ ၀၈ သိန်း၊ ဆန်ကွဲက ၁ ဒသမ ၂၃ သိန်းဆိုတော့ စုစုပေါင်း ၇ ဒသမ ၃၅ သိန်း။ ဒီနှစ်ဆန်မှာ နည်းတယ်။ ဆန်ကွဲမှာတော့ များတယ်” ဟု ကုန်သွယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ပြောကြားသည်။ပြည်ပသို့ ဆန်ပြန်လည် တင်ပို့မှု ခွင့်ပြုပြီးနောက်ပိုင်း နယ်စပ်နှင့် ပင်လယ်ရေကြောင်းမှ တင်ပို့ရန် လာရောက်လျှောက်ထားသည့် ဆန်တန်ချိန်ပေါင်း ၂၀၀၀၀ ကျော်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပြည်တွင်း၌ ဆန်ပြတ်လပ်မှု မရှိစေရန်နှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ်စေရန်အတွက် ပြည်ပသို့ ဆန်တင်ပို့ခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း စက်တင်ဘာ ၁၅ ရက် နောက်ပိုင်းတွင် လိုင်စင်လျှောက်ထားမှုများတွင် ဆန်တင်ပို့မှု အများဆုံးဖြစ်သည့် နယ်စပ်မှ တင်ပို့မှုအတွက် လျှောက်ထားမှု များပြားကြောင်း သိရသည်။ပြည်ပသို့ ပြန်လည်တင်ပို့ရန် စတင်ခွင့်ပြုရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လိုင်စင်ခွင့်ပြု ဆောင်ရွက်ပေးမည့်နေရာ၊ ပို့ကုန်လိုင်စင် တစ်စောင်လျှင် ခွင့်ပြုမည့် အရေအတွက်၊ လိုင်စင်သက်တမ်း သတ်မှတ်ချက်နှင့် အရန်ဆန် ထားရှိရန် စသည့်အချက်များဖြင့် တင်ပို့သူများ လိုက်နာရန် ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ နိုင်ငံခြားသို့ တင်ပို့မှု ကန့်သတ်ချက်ကို အရေအတွက်မှလွဲ၍ ကျန်ကန့်သတ်ချက်များအား ပယ်ဖျက်လိုက်ပြီဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်မှစ၍ အရေအတွက် ကန့်သတ်ချက်ကိုလည်း ပြန်လည်ပယ်ဖျက်ပေးရန် သဘောတူထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

Most Read

Most Recent