ရန်ကုန်မြို့တွင် အမေရိကန်ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံထားသော ကြယ်ငါးပွင့်အဆင့် ဆီဒိုးနားဟိုတယ် Inya Wing တာဝါကို အောက်တိုဘာ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ တာဝါသစ်ကို ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Inya Wing တာဝါတွင် အခန်းပေါင်း ၄၃၁ ခန်းအထိ ပါဝင်မည်ဖြစ်ပြီး တာဝါအသစ်နှင့် ပင်မဟိုတယ်တို့ကို ချိတ်ဆက်ထားကြောင်း သိရသည်။
“ပထမဦးဆုံး အနေနဲ့ အခန်းပေါင်း ၈၀ ကျော် ဖွင့်လှစ်ထားပါတယ်။ အခု ဖွင့်လှစ်လိုက်တဲ့ တာဝါအသစ်မှာတော့ အခန်း ၄၃၁ ခန်း ပါဝင်ပါတယ်။ အခန်းတွေကို ဆက်တိုးပြီး ဖွင့်နိုင်သလောက် ဖွင့်သွားမယ်” ဟု ဆီဒိုးနားဟိုတယ် ဦးဆောင်လုပ်ကိုင်သော ကုမ္ပဏီဖြစ်သည့် Keppel Land မှ General Manager Mr.Khoo Peck Khoon က ပြောကြားသည်။
အဆိုပါ Inya Wing တာဝါ၏ ဗိသုကာပိုင်းကို Forum ဗိသုကာ ပညာရှင်များက ပုံဖော်ထားပြီး အတွင်းပိုင်း အပြင်အဆင်ကို Studio HBA က ပြင်ဆင်ပေးထားကြောင်း သိရသည်။
Inya Wing တာဝါတွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်ဝန်ဆောင်မှုများ ပါဝင်သည့်အပြင် စားသောက်ဆိုင်၊ အားကစားခန်းမ၊ Luxury Spa စသည်တို့ ပါဝင်ကြောင်း သိရသည်။
“မြန်မာနိုင်ငံကို လာတဲ့ ခရီးသည်တွေဟာ အပန်းဖြေဖို့သက်သက် လာတာတင်မက စီးပွားရေး လုပ်ဖို့လည်း လာကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ဟိုတယ်ကို တိုးချဲ့တဲ့ နေရာမှာ အပန်းဖြေဖို့အပြင် စီးပွားရေးကိစ္စ လာရောက်တဲ့ လူတွေကို အဓိက ဦးတည်လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု Keppel Land မှ President Myanmar Mr.Goh York Lin က ပြောကြားသည်။
ယခုလက်ရှိ ဆီဒိုးနားပင်မ ဟိုတယ်တွင် အသစ်ပြန်လည် အဆင့်မြှင့်တင်ထားသော အခန်းပေါင်း ၃၆၆ ခန်းရှိကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံခဲ့သည့် ကြယ်ငါးပွင့် အဆင့်ရှိ ဆီဒိုးနားဟိုတယ် Inya Wing တာဝါ စတင်ဖွင့်လှစ်










