မြန်မာအမျိုးသား ဖူဆယ်အသင်း ထိုင်းခရီးစဉ်၌ ထိုင်း၊ စင်ကာပူ လက်ရွေးစင် အသင်းတို့နှင့် ခြေစမ်းမည်

မြန်မာအမျိုးသား ဖူဆယ်အသင်း ထိုင်းခရီးစဉ်၌ ထိုင်း၊ စင်ကာပူ လက်ရွေးစင် အသင်းတို့နှင့် ခြေစမ်းမည်
Published 1 October 2015

အာဆီယံ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာအမျိုးသား ဖူဆယ်အသင်းသည် လာမည့် အောက်တိုဘာ ၂၊ ၄ ရက်များတွင် ထိုင်း၊ စင်ကာပူ လက်ရွေးစင် အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သိရသည်။မြန်မာအမျိုးသား ဖူဆယ်အသင်းသည် စက်တင်ဘာ ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ထိုင်းခြေစမ်း ခရီစဉ်တွင် ခြေစမ်းပွဲ သုံးပွဲ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။  မြန်မာအသင်းနှင့် ခြေစမ်းမည့် ထိုင်းနှင့် စင်ကာပူ အသင်းတို့မှာ အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲဝင်မည့် အသင်းများဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ နောက်ဆုံး ခြေစမ်းပွဲများအဖြစ် ယှဉ်ပြိုင်ကစားခြင်းလည်း ဖြစ်သည်။မြန်မာ ဖူဆယ်အသင်းသည် စင်ကာပူအသင်းနှင့် ခြေစမ်းပွဲအပြီးတွင် အာဆီယံ ဖူဆယ်ပြိုင်ပွဲဝင်မည့် အပြီးသတ် ကစားသမား ၁၄ ဦးကို ရွေးချယ်သွားမည် ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု (ခ) ၌ ပါဝင်လျက်ရှိသည်။