မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (G) ဒုတိယနေ့ ပွဲစဉ်များကို စက်တင်ဘာ ၃၀ ရက် (ယနေ့) တွင် သုဝဏ္ဏကွင်း၌ ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းမှာ ပွဲဦးထွက် ပွဲစဉ်အဖြစ် ဘရူနိုင်း အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။ အိမ်ရှင် မြန်မာအသင်းသည် ပွဲဦးထွက် ပွဲစဉ်ကို ပရိသတ်မပါဘဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်(AFC) ၏ ကွင်းပိတ်ပြစ်ဒဏ်ကြောင့် ယခုပွဲစဉ်ကို ကွင်းပိတ် ကစားရခြင်းလည်း ဖြစ်သည်။
ဒုတိယနေ့ ပွဲစဉ်များအဖြစ် ညနေ ၃ နာရီခွဲတွင် တီမောအသင်းနှင့် ဟောင်ကောင်အသင်း၊ ညနေ ၆ နာရီခွဲတွင် မြန်မာအသင်းနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာအသင်းသည် ယနေ့ ယှဉ်ပြိုင်ရမည့် ပထမပွဲစဉ်၌ အမာခံ ကစားသမားအချို့ ပါဝင်နိုင်မည် မဟုတ်ဘဲ ဘရူနိုင်းအသင်းကို လူမစုံဘဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဘရူနိုင်းအသင်းမှာ ပွဲဦးထွက် ပွဲစဉ်၌ တီမောအသင်းကို လေးဂိုးပြတ် ရှုံးနိမ့်ထားသည့် အသင်းဖြစ်ပြီး အုပ်စုတွင်း၌ အင်အားအနည်းဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရသည့် အသင်းလည်း ဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲစဉ်များကို လေးပွဲဆက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်တွင် ရလဒ်ကောင်း ရရှိရန် လိုအပ်နေသည်။ ပွဲဦးထွက် ပွဲစဉ်တွင် ဂိုးပြတ်နိုင်ပွဲ ရရှိထားသည့် တီမောအသင်းမှာမူ ဗီယက်နမ်ကို ရှုံးနိမ့်ထားသည့် ဟောင်ကောင်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အနိုင်ရရှိခဲ့ပါက ခြေစစ်ပွဲ အောင်မြင်ရန် အခြေအနေ ပိုကောင်းလာမည် ဖြစ်သည်။









