အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ခြေစစ်ပွဲကို မြန်မာအသင်း ကစားသမား ၂၃ ဦးဖြင့် ယှဉ်ပြိုင်မည်၊ ခြေစစ်ပွဲ အောင်မြင်ရေးမှာ အဓိကရည်မှန်းချက် ဖြစ်ကြောင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် ပြောကြား

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ခြေစစ်ပွဲကို မြန်မာအသင်း ကစားသမား ၂၃ ဦးဖြင့် ယှဉ်ပြိုင်မည်၊ ခြေစစ်ပွဲ အောင်မြင်ရေးမှာ အဓိကရည်မှန်းချက် ဖြစ်ကြောင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် ပြောကြား
Published 28 September 2015

 မြန်မာ ယူ-၁၉ အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၉ ခြေ စစ်ပွဲ အုပ်စု (G) ပွဲစဉ်များကို လက်ရှိရွေးချယ်ထားသည့် ကစားသမား ၂၃ ဦးဖြင့်သာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာယူ- ၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ယခုခြေစစ်ပွဲ ယှဉ်ပြိုင်ရသည့် အဓိက ရည်ရွယ်ချက်မှာ ခြေစစ်ပွဲအောင်မြင်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် အာရှယူ-၁၉ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်ကတည်းက ပဏာမ ကစားသမား ၃၄ ဦးဖြင့် စတင်လေ့ကျင့် ပြင်ဆင်ခဲ့ပြီး စက်တင်ဘာ ဒုတိယပတ်တွင် ကစားသမား ၂၃ ဦးသို့ လျှော့ချခဲ့ခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ခြေစစ်ပွဲမတိုင်မီ နောက်ဆုံး ခြေစမ်းပွဲအဖြစ် စက်တင်ဘာ ၂၀ ရက်က ထိုင်း ယူ-၁၉ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ဂိုးမရှိ သရေကျခဲ့သည်။ မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က “ထိုင်းနဲ့ ခြေစမ်းပွဲ ပြီးကတည်းက အသင်းရဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ပြန်ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ အသင်းအတွက် အဓိက ထိုးနှက်ချက်ကတော့ အမာခံ ကစားသမားနှစ်ဦး ဒဏ်ရာရရှိ သွားတာပါပဲ။ ခြေစစ်ပွဲမှာ တွေ့ဆုံမယ့် အသင်းတွေက အာဆီယံ အသင်းတွေများပြီး အာရှထိပ်သီး အသင်းတွေ မပါဘူးဆိုပေမယ့် ခြေစစ်ပွဲ အောင်ဖို့က အသင်းတိုင်းမှာ အခွင့်အရေး ကိုယ်စီရှိပါတယ်။ ကျွန်တော်တို့ ဒီခြေစစ်ပွဲကို ယှဉ်ပြိုင်တာကလည်း ခြေစစ်ပွဲအောင်မြင်ဖို့ ဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းတွေ အားလုံးက အသင်းကောင်းတွေ ဖြစ်ပေမယ့် ခြေစစ်ပွဲ အောင်ဖို့တော့ မျှော်လင့်ထားသလို အစွမ်းကုန်လည်း ကြိုးပမ်းသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ယင်းခြေစစ်ပွဲ အုပ်စု (G) ကို မြန်မာအသင်းနှင့်အတူ ဗီယက်နမ်၊ ဟောင်ကောင်၊ တီမောနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာအသင်းမှာ ပွဲဦးထွက်အဖြစ် စက်တင်ဘာ ၃၀ ရက်တွင် ဘရူနိုင်းအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Most Read

Most Recent