ဖဲကြိုး လှုပ်ရှားမှုများ၏ နောက်ကွယ်

ဖဲကြိုး လှုပ်ရှားမှုများ၏ နောက်ကွယ်
Published 25 September 2015

စစ်ဘက်ဆိုင်ရာ အရာရှိတွေကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထိပ်ပိုင်း ရာထူးတွေမှာ ပြောင်းလဲ ခန့်ထားတာကို ကန့်ကွက်တဲ့ ဖဲကြိုးနက် လှုပ်ရှားမှုက စခဲ့တဲ့ ဖဲကြိုးလှု ပ်ရှားမှုတွေဟာ အခုဆိုရင် ဝန်ကြီးဌာန အချို့က ဌာနတွေမှာပါ ပြုလုပ်လာတာကို တွေ့နေရပါတယ်။ ဒီလှုပ်ရှားမှုဟာ မိမိတို့ လုပ်ငန်းခွင်နဲ့ မသက်ဆိုင်တဲ့၊ ကျွမ်းကျင်မှု မရှိတဲ့ သူတွေကို ပြောင်းရွှေ့ လုပ်ကိုင်တာကို မလိုလားတဲ့ အမှုထမ်း၊ အရာထမ်းတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်ဆန္ဒကို ဖော်ပြတဲ့ လှုပ်ရှားမှု ဖြစ်တာကြောင့် ထောက်ခံပါတယ်။တကယ်တော့ ဒီလို စစ်ဘက်ဆိုင်ရာ အရာရှိတွေ ဝန်ကြီးဌာနက ထိပ်ပိုင်း ရာထူးတွေမှာ နေရာရယူ လုပ်ကိုင်ခဲ့တာမျိုး ၂၀၀၆ ခုနှစ်ကလည်း တစ်ခါ ရှိခဲ့ပါတယ်တဲ့။ ဒီတစ်ခေါက်မှာတော့ ဝန်ကြီးဌာန တစ်ခုကို အယောက် ၅၀ လောက် ပြောင်းရွှေ့လာဖို့ ရှိတယ်လို့ ကြားသိနေရတယ်လို့ အိမ်နီးနားက ဝန်ထမ်းဦးလေးကြီးက ပြောပြလို့ သိရတာကို တွက်ကြည့်လိုက်ရင် ဝန်ကြီးဌာန တစ်ဌာနကို ပျမ်းမျှ ၅၀ ဦးဆို ဝန်ကြီးဌာန ၃၆ ဌာန ရှိတာကြောင့် ဌာနအားလုံးမှာ အယောက် ၁၈၀၀ လောက် ရှိသွားမယ့် အနေအထား ဖြစ်သွားပါတယ်။ လက်ရှိ နိုင်ငံအတွင်း ဝန်ထမ်းအင်အား သုံးသိန်းဝန်းကျင်မှာ ဦးစီးအရာရှိက စပြီး အထက်ပိုင်း ရာထူးဆိုတာ အရေအတွက် နည်းနည်းပဲ ရှိတာကြောင့် အယောက် ၁၈၀၀ လောက်က ဒီလို ထိပ်ပိုင်းရာထူးကြီးတွေပဲ ရယူထားလိုက်ရင် သိန်းချီကျန်နေတဲ့ ဝန်ထမ်းတွေက ထိပ်ပိုင်း ရာထူးတွေအတွက် ခံစားခွင့် မရှိဘဲ ဒီအတိုင်း အခြေခံဝန်ထမ်း ပင်စင်လစာနဲ့ ကိုယ့်ဘဝတွေကို ပေးဆပ်လိုက်ရတော့မှာလား။ ဒီလိုမျိုး ပြောင်းရွှေ့တာက ဒီတစ်ကြိမ်တည်းနဲ့ ပြီးသွားမှာလား၊ ဒါမှမဟုတ် တစ်နှစ်တစ်ခါ လုပ်မှာလား ဆိုတာတွေကို ဘယ်သူမှလည်း ကြိုမသိတော့ နှစ်တိုင်း ဒီလို ပြောင်းရွှေ့မှုတွေ ရှိနေရင် ငါးနှစ်ဆိုရင် အယောက် ၉၀၀၀ လောက် ရှိသွားပြီဆိုတော့ လုပ်သက်နဲ့ ရာထူးတိုးရမယ့် ကျန်ဝန်ထမ်းတွေ ဘယ်လို ဆက်ရှင်သန်ကြပါမလဲ။ လုပ်သက် ၁၀ နှစ်၊ ၁၅ နှစ်၊ နှစ် ၂၀ လောက် ရှိနေပြီဖြစ်တဲ့ ဝန်ထမ်းတွေဟာ အချိန်ကာလ တစ်ခုကြာအောင် လုပ်ဆောင်ပေးခဲ့ပြီး တကယ်တမ်း ရာထူးနေရာလေး တစ်ခုကို ခံစားရတော့မယ့် အချိန်ကျမှ ကိုယ့်အထက်မှာ အဆင့်သင့် နေရာယူသူတွေ ရှိနေတော့ ဒါဟာ တရားမျှတ ပါရဲ့လား။ ဒီကြားထဲမှာ နီးစပ်ရာ ပတ်သက်ကြောင်းတွေနဲ့ ဘယ်သူနဲ့ အမျိုးတော်လို့ ဘယ်သူရဲ့ ညီ၊ ညီမဆိုပြီး ရာထူးတစ်ခုယူပြီး ဝန်ထမ်းဖြစ်လာသူတွေလည်း ရှိနေသေးတော့ သာမန်ဝန်ထမ်းတွေက လုပ်နိုင်စွမ်းရှိ လုပ်သက်ရှိပေမယ့်လည်း ရာထူးတိုး အခွင့်အရေးတွေမှာ မပါဘဲ ကျန်ခဲ့ရတဲ့ အရေအတွက် ဘယ်လောက် ရှိနေမလဲ။ ကျရာတာဝန် ထမ်းဆောင်ရ ဖြစ်ပေမယ့် နီးစပ်ရာ ပတ်သက်ကြောင်းတွေနဲ့ ဝန်ထမ်းဖြစ်လာသူတွေက ဝေးလံတဲ့ ဒေသကို မသွားလိုတာကြောင့် လက်လှမ်းမီသူ မှန်သမျှကို ကပ်ပြီး အပြောင်းအရွှေ့စာရင်းမှာ မပါဖို့အရေး လုပ်ဆောင်တာတွေလည်း ရှိနေတော့ ဝေးလံချောင်ကျတဲ့ နေရာတွေဆို သာမန်ဝန်ထမ်းတွေကသာ သွားနေရတာတွေလည်း ရှိနေပြန်တော့ သာမန်ဝန်ထမ်းတွေအတွက် ခံစားခွင့်တွေဆိုတာ ဘယ်မှာလဲ။တကယ်တော့ ဝန်ထမ်းဆိုတာ ပြည်သူတွေက ပေးလိုက်တဲ့ အခွန်တော်တွေကို ရယူပြီး အများပြည်သူအတွက် ဝန်ဆောင်မှု ပေးရတဲ့သူတွေ ဖြစ်ပြီး အခွင့်အရေးရမှ၊ နေရာကောင်းရမှ၊ လုပ်ရမယ့်သူတွေ မဟုတ်ပါဘူး။ ဝန်ထမ်းဆိုတာနဲ့ ဘယ်ဌာနမှာ လုပ်ကိုင်နေသူတွေပဲ ဖြစ်ပါစေ၊ အောက်ခြေသန့်ရှင်းရေး အမှုထမ်းကနေ အမြင့်ဆုံး ဝန်ကြီးအထိ အားလုံးဟာ ဘယ်ဌာနကမို့၊ ဘယ်အဆင့်မို့ဆိုပြီး ရပိုင်ခွင့်တွေ ပိုရယူဖို့လည်း မသင့်ပါဘူး။ အားလုံးက ကိုယ်လုပ်ကိုင်နေတဲ့ အဝန်းအဝိုင်းမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းမှာပဲ ဖြစ်ဖြစ် ကိုယ်ပိုင်နိုင်တဲ့ အလုပ်၊ ကိုယ်နားလည်တဲ့ ဝန်ကိုပဲ ထမ်းတာ ကောင်းပါတယ်။ကိုယ်က ဒီလိုတွေ ရေးတယ်ဆိုတာ ဝန်ထမ်း အသိုင်းအဝိုင်းကမို့ ရေးတာ မဟုတ်ပါ။ သက်တမ်းတစ်ဝက်လောက်ကို ဒီဝန်ထမ်းအလုပ်မှာ မြှုပ်နှံလုပ်ကိုင်ခဲ့ပြီး လုပ်နိုင်စွမ်းရှိသလောက်ကိုလည်း လုပ်ပေးခဲ့ပေမယ့် ခံံစားခွင့်၊ လုပ်ပိုင်ခွင့် ရာထူးနေရာကောင်းလေးတွေကို မရဘဲ ပင်စင်ယူရတော့မယ့် ကိုယ့်ဝန်းကျင်က ဝန်ထမ်းဦးလေး၊ အဒေါ်မိတ်ဆွေတွေရဲ့ ပြောသံတွေကို ကိုယ်ချင်းစာမိလို့ပါ။ လုပ်သက် နှစ် ၂၀ လောက် ရှိလာကာ တောနယ်ဒေသတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပြီး အခုမှ ရန်ကုန်မြို့တွင်းက မူလတန်းကျောင်း တစ်ကျောင်းမှာ တာဝန်ပြန်ကျတဲ့ အသက် ၆၀ ပြည့်တော့မယ့် ဆရာမတစ်ဦး မကြာမီ နှစ်ပိုင်း ပင်စင်ယူတော့မယ့် ကာလမှာ နေစရာအိမ်ပိုင် မရှိတာကြောင့် စိတ်ညစ်ရတယ်လို့ ညည်းညူးပြောပြတာကို စိတ်မောစွာ နားထောင်ခဲ့ရဖူးပါတယ်။ နောက်ထပ် ရှိပါသေးတယ်။ အသက် ၆၀ ပြည့် ပင်စင်ယူပြီးပြီ လုပ်ကိုင်စားသောက်ဖို့ အရင်းအနှီး ကြီးကြီးမားမားမရှိ လူလူသူသူ လူတန်းစေ့ နေနိုင်တဲ့ အိမ်လေးတစ်လုံးတောင် မပိုင်လို့ ထီလှည့်ရောင်းနေရတဲ့ အငြိမ်းစား ကျောင်းဆရာတွေ၊ အိမ်ဆိုင်ဖွင့်ရောင်းနေရတဲ့ ပင်စင်ရ စာရေးဝန်ထမ်းတွေ၊ ပုဂ္ဂလိက ကုမ္ပဏီမှာ လုံခြုံရေးဝန်ထမ်း လုပ်နေရတဲ့၊ ယာဉ်မောင်းလုပ်နေရတဲ့ ဒီလို ဝန်ထမ်းတွေ သိန်းချီ ရှိနေပါတယ်။ ပင်စင်လစာ ဆိုတာကလည်း အနိမ့်ဆုံး ကျပ်သုံးသောင်းလောက်ကနေ အမြင့်ဆုံး ကျပ်တစ်သိန်းကျော်လောက်သာ ရတာကြောင့် ပင်စင်စား တစ်ဦးဟာ အနိမ့်ဆုံးနှုန်းနဲ့ဆိုရင် တစ်နေ့ ကျပ်တစ်ထောင်လောက်နဲ့ အမြင့်ဆုံး ရတဲ့သူက ကျပ်ငါးထောင်လောက်ပဲ ရကြတာပါ။ထိုင်ဝမ်နိုင်ငံမှာ နေထိုင်နေတဲ့ အခုဆို အသက် ၈၀ ကျော်ရှိတဲ့ ကိုယ့်အဘိုးလေးနဲ့ အသက် ၇၀ ကျော်နေပြီဖြစ်တဲ့ အဘွားလေးတို့ ဇနီးမောင်နှံဆို ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်သက် နှစ်ဆယ်ကျော်၊ နှစ်ဆယ့်ငါးနှစ် လုပ်ထားပြီး အခု အလုပ်မလုပ်တော့ချိန်မှာ နှစ်ရှည်ချေးငွေနဲ့ ဝယ်ထားတဲ့ အိမ်လေးတစ်လုံး ပိုင်ဆိုင်ထားပါတယ်။ လစဉ်ရတဲ့ လူမှုဖူလုံ ထောက်ပံ့ကြေးတွေကို ခြိုးခြံချွေတာ စားသောက်ပြီး စုဆောင်းငွေလေးတွေပေါင်းကာ ခုဆို တစ်နှစ်တစ်ခါ နိုင်ငံအနှံ့ လှည့်ကာ ခရီးသွားပြီး ကျန်နေတဲ့ သက်တမ်းကို အေးအေးဆေးဆေးနဲ့ နေထိုင်နိုင်ကြပါတယ်။ဘယ်သူမဆို ကိုယ့်လုပ်တဲ့ နေရာမှာ ကိုယ့်လုပ်ခဲ့တဲ့ လုပ်ရပ်၊ ကာလနဲ့ရင်းပြီး ရခဲ့တဲ့ အတွေ့အကြုံ ကောင်းတွေကို အသုံးချပြီး ထိုက်တန်တဲ့၊ ကောင်းမွန်တဲ့ ရလဒ်၊ သေချာတဲ့ အနာဂတ် ပိုင်ဆိုင်မှုတွေ ရဖို့သာ မျှော်လင့်ကြပါတယ်။ လုပ်သာလုပ်နေပြီး ကိုယ်လုပ်ခဲ့တာတွေက အရာမထင်ဘဲ ကိုယ့်ရှေ့မှာ အလိုအလျောက် ပေါ်လာမယ့် လူတန်းစား တစ်ရပ်အတွက် အခွင့်အရေး ဖြစ်မယ်ဆိုရင် ...။

Most Read

Most Recent