မန်ယူအသင်းနည်းပြ လူးဝစ်ဗန်ဟားလ်က စာချုပ်သက်တမ်း ကုန်ဆုံးမည့် ၂၀၁၇ ခုနှစ်တွင် အသင်းနှင့် လမ်းခွဲ၍ နည်းပြဘဝမှ အနားယူမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
ဗန်ဟားလ်သည် မန်ယူအသင်းကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံး ရာသီမှာပင် ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည်ရရှိစေရန် စွမ်းဆောင် ပေးနိုင်ခဲ့သည်။ ၎င်း၏ နည်းစနစ်ပိုင်းနှင့် နည်းဗျူဟာများအား ပရိသတ်များ၊ အသင်း ဂန္ထဝင် ကစားသမားများနှင့် ရုပ်သံ ဝေဖန်သူများက ဝေဖန်မှုများ မကြာခဏ ပြုလုပ်လေ့ရှိသော်လည်း မန်ယူအသင်း ဘုတ်အဖွဲ့က နှစ်သက် သဘောကျသဖြင့် စာချုပ် သက်တမ်းတိုးရန် ပြင်ဆင် ထားသော်လည်း ၎င်းအနေဖြင့် လက်မခံဘဲ ငြင်းဆန်မည် ဖြစ်ကြောင်း ဗြိတိန်ထုတ် Sunday Mirror သတင်းစာက ဖော်ပြခဲ့သည်။ ထို့ပြင် ဗန်ဟားလ်က “၂၀၁၇ ခုနှစ်မှာ ကျွန်တော် အသင်းနဲ့ လမ်းခွဲ ဖြစ်မှာပါ။ နည်းပြဘဝက အနားယူဖို့ ကျွန်တော့်ဇနီးကို ကတိ ပေးပြီးပါပြီ။ ကျွန်တော်တို့ မိသားစုက နှစ်ပေါင်းများစွာ အတူတကွ မနေနိုင်ခဲ့လို့ အနားယူဖို့ စဉ်းစားထားတာပါ။ ဒီအချက်က အနားယူမယ့် ဆုံးဖြတ်ချက်အတွက် အဓိက အကြောင်းပြချက်ပါ” ဟု ပြောကြားထားသည်။
ဗန်ဟားလ်က ၎င်းနေရာ အစားထိုးရန် အသင့်တော်ဆုံးမှာ လက်ထောက် နည်းပြဖြစ်သူ ရိုင်ယန်ဂစ် (မန်ယူအသင်း ဂန္ထဝင်ကစားသမား) ဖြစ်ကြောင်း ထောက်ခံထားသော်လည်း အသင်း တာဝန်ရှိသူများအနေဖြင့် ဘိုင်ယန်မြူးနစ် နည်းပြ ဂွါဒီယိုလာကို ခန့်အပ်နိုင်ရန် ပစ်မှတ် ထားနေကြောင်း သိရသည်။ ဂွါဒီယိုလာမှာ ယခု ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်နှင့် စာချုပ် ကုန်ဆုံးမည်ဖြစ်သော်လည်း ယခုအချိန်အထိ သက်တမ်းတိုးရန် သဘောတူညီမှု မရသေးသဖြင့် မန်ယူအသင်းက ၎င်းအား ပစ်မှတ်ထား နေခြင်းဖြစ်သည်။ ဗန်ဟားလ်သည် မန်ယူအသင်းကို ကိုင်တွယ်သည့် နှစ်ရာသီအတွင်း ပေါင် သန်း ၂၆၀ အသုံးပြုထားသည်။









