မျှဝေခြင်း

မျှဝေခြင်း
Published 21 September 2015
စိုးခိုင်ညိန်း

ယနေ့ခေတ်က အင်တာနက်ခေတ် ၊ အိုင်တီခေတ်ဆိုတော့ ဖေ့စ်ဘွတ်မသုံးရင်ဘဲ လူရာမဝင်သလို ပြောရမလိုတောင် ဖြစ်နေတယ်။ သူငယ်ချင်းတွေ တစ်ယောက်နဲ့ တစ်ယောက် တွေ့ကြတဲ့ အခါတွေမှာ ဒီဖေ့စ်ဘွတ်ပေါ်က အကြောင်းအရာတွေကိုပဲ ရေးကြီးခွင့်ကျယ်လုပ် စကားထဲ ထည့်ပြောနေကြတာပါ။ “ဟိုလူ Share ထားတာလေ တွေ့လား၊ ကိုယ်တောင်ပြန် Share လိုက် သေးတယ်” “ဟိုနေ့က ကိုယ်တင်လိုက်တဲ့ Post တွေ့လား၊ ဘယ်လိုသဘောရလဲ၊ Like တွေ အများကြီးရတယ် သိလား” စသဖြင့် လူချင်းတွေ့တဲ့အခါ ပြောဆိုနေကြတာ မကြာခဏ တွေ့နေရတာပါ။ ဒီအထဲမှာ ကိုယ်ကဖေ့စ်ဘွတ်သုံးသူ မဟုတ်ဘူးဆိုရင်တော့ မျက်စိသူငယ် နားသူငယ်နှင့် ငြိမ်နေရတာပါ၊ ဒါကြောင့် ဖေ့စ်ဘွတ်မသုံးရင် ခေတ်မမီသလို လူရာပဲ မဝင်တော့သလို ဖြစ်နေတာပါ။
မိမိအနေနဲ့ ဒီဖေ့စ်ဘွတ်ကို ၂၀၁၁ ခုနှစ်လောက်ကမှ စသုံးဖြစ်တာပါ။ သူငယ်ချင်း တစ်ယောက်က အတင်းတိုက်တွန်းလို့ အကောင့်တစ်ခု ဖွင့်လိုက်တာပါပဲ။ အကောင့်ဖွင့်ပြီး ဘယ်လိုသုံးစွဲရမှန်း မသိလို့ ဒီအတိုင်း ပစ်ထားတာ အတော်ကြာပါတယ်။ နောက်မှ သူများသုံးတာတွေ လိုက်ကြည့်ပြီး သုံးစွဲတတ်လာတာပါ။ ဒါတောင် ကျွမ်းကျွမ်းကျင်ကျင် အစုံအစေ့ သုံးစွဲတတ်သေးတာ မဟုတ်ပါဘူး။ ဒီဖေ့စ်ဘွတ်ကို မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းလောက်မှ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရေပန်းစား သုံးစွဲလာတယ်လို့ ဆိုပါတယ်။
သုံးစွဲသူများဟာ လူအမျိုးမျိုး အထွေထွေ ဆိုတော့ တင်သမျှပို့စ်တွေကလည်း အမျိုးမျိုးပါပဲ။ ဗဟုသုတရစရာ စာအမျိုးအစား ပါသလို အပျော်အပျက် စာတွေလည်းပါပါ တယ်။ တစ်နေရာရာမှာ တစ်စုံတစ်ခု ဖြစ်လိုက်တာနဲ့ Up Date News အဖြစ် တန်းတက်လာတာပါပဲ။ ဒါကြောင့် ဒီဖေ့စ်ဘွတ်ကြောင့် ပရဟိတလုပ်ငန်းတွေ၊ အကူအညီပေးရေး လုပ်ငန်းတွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်တာ တွေ့ရပါတယ်။
ယခုနှစ် ရေကြီးတဲ့ အရပ်ဒေသတွေ၊ အတိဒုက္ခရောက်နေကြတဲ့ ဒုက္ခသည်တွေ အကြောင်းကို တက်လာတဲ့ ဖေ့စ်ဘွတ်ပေါ်က သတင်းတွေ၊ ဓာတ်ပုံတွေကြောင့် ပိုပြီးလူသိများကာ အကူအညီပေးဖို့ လူအားလုံး စိတ်ပါဝင်စား လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ ဒီဖေ့စ်ဘွတ်ရဲ့ ကျေးဇူးကြောင့် အကူအညီ ရသွားသူတွေလည်း အများကြီးပါပဲ။ ဘယ်သူ တစ်ယောက်တော့ဖြင့် ဘယ်ရောဂါ ဖြစ်နေတယ်၊ ဆေးဖိုးမတတ်နိုင်လို့ အဲဒါကူညီပြီး Share ပေးကြပါဦး ဆိုပြီး ပုံနဲ့တကွ တက်လာတဲ့ပို့စ်တွေ မကြာခဏ တွေ့ရတတ်ပါတယ်။ ထိုပို့စ်ကိုတွေ့မြင်ပြီး စေတနာသဒ္ဓါတရားကောင်းပြီး တတ်နိုင်တဲ့သူက ကူညီလိုက်လို့ အဆင်ပြေသွား သူတွေလည်း အများကြီးပါပဲ။ ဒီလိုမျိုးပို့စ်ကို Share သင့်ပါတယ်။ ဒါမျိုးက ကုသိုလ်ရစေတဲ့ မျှဝေခြင်းဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာတော့ ဝါဒဖြန့်ချိရေးသုံးတဲ့ အကောင့်တုတွေအများကြီး ပေါ်ပေါက်လာပြီး တစ်ဦးနဲ့ တစ်ဦး၊ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု၊ ဘာသာရေး၊ လူမှုရေး၊ လူမျိုးရေး စသည်ဖြင့် ပဋိပက္ခ ဖြစ်စေနိုင်လောက်တဲ့ ပို့စ်တွေ လိုက်လံ Share လုပ် မျှဝေနေတာကတော့ အကုသိုလ်ဖြစ်စေနိုင်တဲ့ မျှဝေခြင်း ဖြစ်ပါတယ်။ တချို့က မထိတ်သာ မလန့်သာရှိတဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ပုံတွေတင်ပြီး မြင်ရတဲ့လူတွေ ဒေါသဖြစ်စေနိုင်တဲ့ ပို့စ်တွေတင်ပြီး Share လိုက်ကြပါဦး ဘယ်နေမှာတော့ မတရားမှု ခံနေရတယ်ဆိုပြီး တင်တဲ့သူတွေ ရှိသလို ဒါကိုပဲ လိုက်ပြီး Share သူတွေလည်း အများသားပါပဲ။ ကိုယ် Share လိုက်တဲ့ အကြောင်းအရာက ဘယ်လိုအကျိုး ဖြစ်နိုင်သလဲ ဆိုတာကို စဉ်းစားသင့်ပါတယ်။ ကိုယ် Share လိုက်တဲ့ ပို့စ်ကိုတွေ့မြင်ပြီး လူအားလုံး စိတ်ချမ်းသာပြီး ငြိမ်းချမ်းစေနိုင်တဲ့ အရာမျိုးလား၊ ဒါမှမဟုတ် လူအများဒေါသဖြစ်ပြီး ပေါက်ကွဲစေပြီး ပဋိပက္ခ ဖြစ်စေနိုင်လောက်တဲ့ အရာမျိုးလား စဉ်းစားသုံးသပ်ပြီး Share သင့်ပါတယ်။ တချို့ပို့စ်တွေက လူအချင်းချင်း၊ ပုဂ္ဂိုလ်ရေးအရတွေ အမုန်းပွားစေနိုင်တဲ့ ပို့စ်တွေဖြစ်ပါတယ်။ အကူအညီ လိုနေလို့ အတိဒုက္ခ ရောက်နေလို့ မတရား နှိပ်စက်ခံနေရလို့ စတဲ့ပို့စ်တွေကိုတော့ Share လိုက်လို့ အကူအညီရပြီး အဆင်ပြေ သွားနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုယ် Share လိုက်တဲ့ပို့စ်ကြောင့် ကောင်းကျိုး ဆိုးကျိုးကိုကြည့်ပြီး ပြန်လည်မျှေ၀ သင့်ပါတယ်။ ဗုဒ္ဓဘာသာမှာ ကုသိုလ်ကောင်းမှုလုပ်တဲ့ အခါတိုင်း နောက်ဆုံးမှာ ရေစက်ချအမျှဝေတဲ့ အလုပ်က မဖြစ်မနေ ပါဝင်တဲ့ လုပ်ရပ်တစ်ခုပါ။ ဒါဟာ ကိုယ်ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုကို သတ္တဝါအားလုံးကို ရပါစေဆိုပြီး မျှဝေတာ ဖြစ်ပါတယ်။ ဒီရေစက်ချ အမျှဝေတာကို အင်္ဂလိပ်လို Share Merit လို့ သုံးပါတယ်။ ဒါကြောင့် ကိုယ် Share လိုက်တဲ့ အရာက ကောင်းကျိုးဖြစ်နေဖို့ လိုပါတယ်။ ကုသိုလ်ဖြစ်နေဖို့ လိုပါတယ်။ ဆိုးကျိုးရစေနိုင်တဲ့ အရာတွေကိုတော့ မမျှေ၀ သင့်ပါဘူး။
နောက်တစ်ခုက ဗဟုသုတဖြစ်စေတဲ့ စာပေအရေးအသား ကဗျာ၊ ကျန်းမာရေး လမ်းညွှန်ချက် စတဲ့ အကြောင်းအရာ တွေကတော့ မိမိသဘော အလိုအရ Share ပဲလုပ်လုပ် မလုပ်လုပ် ပြဿနာ မရှိပါဘူး။ တကယ်တော့ ဒီဖေ့စ်ဘွတ်က သုံးစွဲသူအပေါ် မူတည်ပြီး ကောင်းကျိုးရနိုင်သလို ဆိုးကျိုးရနိုင်ပါတယ်။ ဒါကတော့ လောကသဘာဝပါပဲ။ သုံးစွဲသူအားလုံးက လူကောင်းချည်း မဖြစ်နိုင်သလို လူဆိုးချည်းတွေလည်း မဖြစ်နိုင်ပါဘူး။ သုံးစွဲသူတွေက အကောင်းအဆိုးတွေနဲ့ ရောထွေးနေတာကြောင့် ကောင်းကျိုးကို ဦးတည်ပြီး သုံးစွဲနေသူရှိသလို၊ မကောင်းကျိုး ဖြစ်စေဖို့ရည်ရွယ်ပြီး သုံးစွဲနေသူတွေလည်း ရှိမှာပါပဲ။ ဒါကို ကိုယ်က တွေ့သမျှ မြင်သမျှ ပို့စ်တွေကို စဉ်းစားဆင်ခြင် သုံးသပ်ပြီး ယုံကြည်ရမှာ ဖြစ်ပါတယ်။
မိမိအနေနဲ့ကတော့ စာလေး ကဗျာလေး မတောက်တခေါက် ရေးသူဆိုတော့ Friends အများစုက စာရေးဆရာ၊ ကဗျာဆရာတွေ၊ စာတိုပေစ ရေးသူတွေပဲ များပါတယ်။ တချို့စာ အရေးအသားတွေက ဗဟုသုတဖြစ်စေတဲ့ စာတွေဖြစ်ပါတယ်။ ဒီဖေ့စ်ဘွတ်ပေါ်က စာတိုပေစလေးတွေဖတ်ပြီး ကိုယ်တိုင်လည်း အတွေးရပြီး စာတွေ အတော်ရေးဖြစ်ပါတယ်။ တစ်ခါတလေ ကိုယ်သိချင်တဲ့ အကြောင်းအရာလေးတင်ပြီး မေးလိုက်ရင်လည်း Comment ကနေ အမြင်အမျိုးမျိုးနဲ့ အဖြေရရှိတတ်ပါတယ်။ အခု ဒီစာရေးနေတုန်းမှာပဲ သူငယ်ချင်း တစ်ယောက် Share ထားလို့ ဖတ်မိတဲ့ Khaw Linn အမည်ရတဲ့ အကောင့်တင်ထားတဲ့ ပို့စ်လေးကို သဘောကျလို့ ပြန် Share လိုက်ပါတယ်။
 
“၅ မိနစ်စီ...”
ဒီနေ့ စိမ်းလန်းစိုပြေမှာ နံနက်စာ စားရင်း သူတို့ကို တွေ့ခဲ့ပါတယ်။ သူတို့ဆိုတာ ၅၊ ၆ နှစ်ရှိ မိန်းကလေးငယ်လေး နှစ်ဦးပါဝင်သော နိုင်ငံခြားသား မိသားစုနဲ့ သူတို့မိတ်ဆွေ မြန်မာလူမျိုး အချို့ပါ။ ပန်းခြံထဲမှာ လွတ်လပ်စွာ ပျော်ရွှင်စွာ ရဲရဲတင်းတင်း ကစားကြရင်း မောတော့ မုန့်လာစားကြတာပါ။ သူတို့အုပ်စုမှာ လူကြီးလေးယောက်၊ ကလေးနှစ်ဦးပါတော့ ဆိုင်က (ကလေးနှစ်ဦးအတွက်) ထိုင် ခုံနှစ်လုံး ထပ်စီစဉ် ပေးပါတယ်။ အဲဒီမှာ ပြဿနာက စပါတယ်။ ကလေး နှစ်ဦးအတွက် စီစဉ်ပေးသည့် ထိုင်ခုံ နှစ်လုံးမှာ ပုံစံချင်းမတူပါ။ ထိုင်ခုံ တစ်လုံးမှာ အတန်ငယ်မြင့်ပြီး လက်တင်ပါသော ထိုင်ခုံလေးဖြစ်တယ်။ တခြားထိုင်ခုံ တစ်လုံးမှာ ရိုးရိုးလေးပဲ ဖြစ်တယ်။
လက်တင်ပါသော ထိုင်ခုံလေးကို အငယ်မလေးက ထိုင်ပါတယ်။ ထိုအခါ မျက်မှန်လေးနဲ့ အကြီးမလေးကလည်း ထိုထိုင်ခုံလေးကို သဘောကျပြီး ထိုင်ချင်ပါတော့တယ်။ ဒါကြောင့် အကြီးမလေးက သူ့အမေကို ရှင်းပြပါတယ်။ သူလည်း ထိုထိုင်ခုံလေးကို သဘောကျ၍ ထိုင်ချင်ကြောင်း အေးဆေးစွာပြောတာပါ။ ထိုအခါ သူ့အမေက ဆိုင်မှတာဝန်ရှိသူကို ပုံစံတူထိုင်ခုံ နောက်တစ်လုံး စီစဉ်ပေးနိုင်မလားဟု မေးမြန်းပါတယ်။ သို့သော် ထိုင်ခုံက မရှိတော့ပါ။ ဒါကြောင့် အကြီးမလေးအား သူ့အမေက ထိုင်ခုံမရ နိုင်တော့ကြောင်း သေချာရှင်းပြပါတယ်။ အကယ်၍ ပိုမိုသေချာအောင် မင်းကိုယ်တိုင် ဆိုင်ထဲမှာ ပတ်ရှာကြည့်နိုင်ကြောင်း အကြံပြု ပြောပြပါတယ်။ ထိုအခါ အကြီးမလေးလည်း ဆိုင်ထဲရှိ အခြားစားသောက် ဝိုင်းများအတွင်း ခုံရှာ ထွက်သွားပါတယ်။ သို့သော် မတွေ့သဖြင့် ပြန်လာပြီး မတွေ့ကြောင်း၊ မရှိတာဟာ သေချာကြောင်း သူ့အမေနှင့် အခြားသူများကို ရှင်းပြပါတယ်။ (စိတ်ပျက်သော၊ အလိုမကျသောကြောင့် မျက်နှာပျက်ကာ ရှုံ့တွန့်နေခြင်း မရှိပေ)။
ထိုအချိန်တွင် လက်တင်ထိုင်ခုံလေးနှင့် ဇိမ်ကျနေသော အငယ်မလေးက သူ့အစ်မ အကြီးမလေးကို ပြောပါတယ်။ “မင်းလည်း ဒီထိုင်ခုံလေးကို သဘောကျပြီး ထိုင်ချင်ရင် တစ်ယောက် ၅ မိနစ်စီ ထိုင်ကြမယ်လေ” ဆိုပြီး ပြောပါတယ်။ ထိုအခါ သူ့အမေက “မင်းတို့ချင်း သဘောတူရင် ၅ မိနစ်စီ အချိန်သတ်မှတ်ပေးမယ်” ဟု ပြောပါတယ်။ အကြီးမလေးက သဘောတူ လက်ခံပါတယ်။ ပြီးတော့ သူ့အမေ ထုတ်ပေးသော စာအုပ်ကိုဖတ်ရင်း မုန့်စားကြပါတယ်။ ၅ မိနစ်ပြည့်တော့ အငယ်မလေးက သူ့အစ်မအတွက် ထိုင်ခုံက ဆင်းပေးပြီး သူ့အမေ ရင်ခွင်ထဲ သွားထိုင်ကာ အင်းလျားကန်ထဲမှ ငါးလေးတွေအကြောင်း မေးနေပါတယ်။ အကြီးမလေးက လက်တင်ထိုင်ခုံ လေးပေါ်တက်ကာ စာဖတ်နေပါတယ်။ ပြီးတော့ ၅ မိနစ်စီ ချိန်းကာ…ချိန်း ကာ… ပြောင်းကာ...ပြောင်းကာ...။
ဒါကတော့ မိမိဖတ်မိတဲ့ ဖေ့စ်ဘွတ်က ပို့စ်လေးတစ်ခုပါ။ မှတ်သားစရာနဲ့ စဉ်းစားစရာနဲ့ လိုက်နာသင့်တဲ့ အချက်လေးတွေ ပါပါတယ်။ ဖေ့စ်ဘွတ်မှာ ဒီလိုမျိုး စာတွေက အများကြီးပါပဲ။ ဒီလို စာမျိုးလေးတွေကို Share လိုက်လို့ အကျိုးမယုတ်ဘူးလို့ ဆိုနိုင်ပါတယ်။

Most Read

Most Recent