ဘာသာရေးကို အသုံးချကာ စည်းရုံးခြင်း၊ တိုက်ခိုက်ခြင်းသည် အင်မတန်မှ အောက်တန်းကျသည့် နိုင်ငံရေးကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆွယ်စည်းရုံးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဘာသာရေးကို အသုံးချကာ စည်းရုံးခြင်း၊ တိုက်ခိုက်ခြင်းသည် အင်မတန်မှ အောက်တန်းကျသည့် နိုင်ငံရေးကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆွယ်စည်းရုံးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 20 September 2015
နေရိုင်း၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

ဘာသာရေးကို အသုံးချကာ စည်းရုံးခြင်း၊ တိုက်ခိုက်ခြင်းသည် အင်မတန်မှ အောက်တန်းကျသည့် နိုင်ငံရေးကို လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ ဇေယျာသီရိမြို့နယ်၌ ပြုလုပ်သည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြောပွဲတွင် ဆိုသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာ၌ ပြုလုပ်သည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် အထက်ပါကဲ့သို့  ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။“ကျွန်မတို့ လိုချင်တဲ့ စနစ်မျိုးက ပြည်သူလူထု အားလုံးကို တန်းတူညီတူ အရိပ်အာဝါသပေးဖို့ စနစ်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မ ဒီမိုကရေစီ လိုချင်တယ်ဆိုတာ ဒါပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇေယျာသီရိမြို့နယ် ဒေသခံများအား ပြောကြားသည်။မဲတစ်ခုတိုင်းသည် အင်မတန်မှ တန်ဖိုးရှိပြီး ယင်းမဲများ မဖြုန်းရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။“တကယ်တော့ မဲကို ရောင်းစားတာဟာ ကိုယ့်ရဲ့ အနာဂတ်ကို ရောင်းစားလိုက်တာနဲ့ အတူတူပဲ။ ကိုယ့်ရဲ့ အနာဂတ်ကို ဘယ်သူ့လက်ထဲကိုမှ ထည့်ပြီးတော့ ရောင်းမစားပါနဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာမှ ဒေသခံတစ်ဦးက “ပည်သူတွေရဲ့ စိတ်ထဲမှာ ဝေေ၀ဝါးဝါး ဖြစ်နေတဲ့ စကားတစ်ခု ရှိပါတယ်။ အဲဒီ စကားက ဘာလဲဆိုတော့ ကျွန်တော်တို့ NLD က နိုင်သွားလို့ရှိရင် ကုလားတွေ အုပ်ချုပ်မှာပဲလို့ စကားလုံးတွေနဲ့ သွေးထိုးလှုံဆော်မှုတွေ လုပ်နေတာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို အမေ အနေနဲ့  ပြည်သူတွေ ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ဖြေပေးပါ” ဟု မေးမြန်းခဲ့သည်။ဒီမိုကရေစီစနစ် ဆိုတာဟာ ပြည်သူက အုပ်ချုပ်တဲ့ စနစ်ပဲ။ ပြည်သူ့ရဲ့ ဆန္ဒအရသာ ကိစ္စအ၀၀ဟာ ဖြစ်သွားမှာပါ။ နောက်ပြီး အခုနလို စကားတွေ ပြောတာဟာ အဲဒီလို ပြောပြီးတော့ စည်းရုံးတာ၊ တိုက်ခိုက်တာဟာ အင်မတန်မှ အောက်တန်းကျတဲ့ နိုင်ငံရေးလို့ ပြောပါရစေ။ အောက်တန်းကျတဲ့ နိုင်ငံရေးကို လုပ်တဲ့သဘောက ဘာလဲဆိုတော့ ပြည်သူကို မလေးစားတဲ့ သဘောပဲ။ ပြည်သူတွေက အတယ်။ နုံတယ်။ ငါတို့ပြောသမျှကို ယုံတယ်လို့ ထင်တော့ အဲဒီတော့ အောက်တန်းကျကျ နိုင်ငံရေး လုပ်တာပါလို့ ပြောပါရစေ။ ပြီးတော့ ကိုယ့်ကို အထင်သေးတဲ့ လူတွေစကား၊ ကိုယ့်ကို မလေးစားတဲ့ လူတွေရဲ့စကား၊ တန်းဖိုးမထားတဲ့ သူတွေရဲ့ စကားကို နားထောင်စရာ အကြောင်းကို မရှိဘူးလို့ ပြောနိုင်ပါတယ်။ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်နေချိန်၌ “ရိုဟင်ဂျာကို ထောက်ခံသည့် NLD ပါတီ အလိုမရှိ၊ အမျိုးကိုချစ်လျှင် လူလိုသိပါ” ဟု စာတန်းများပါသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲသို့ ဇေယျာသီရိ၊ ဒက္ခိဏသီရိမြို့နယ် ဒေသခံများ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ဒေသခံ ပြည်သူလူထု သုံးသောင်းခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ဇေယျာသီရိ မဲဆန္ဒနယ်သည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဝင်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်ဖြစ်ပြီး ယခု ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အဆိုပါ မဲဆန္ဒနယ်၌ ဗိုလ်ချုပ်ကြီးရာထူးမှ အနားယူခဲ့သည့် ဦးလှဋ္ဌေးဝင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဇေယျာသီရိ မဲဆန္ဒနယ်မှ NLD ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်သူမှာ ဒေါ်ခင်မျိုးသွယ်ဖြစ်ကြောင်း သိရသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့် အစိုးရဖွဲ့နိုင်ပါက အဂတိလိုက်စားမှု ကင်းစင်သည့် အစိုးရ ဖြစ်စေရမည်ဟု ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရမည်းသင်းမြို့၌ ပြုလုပ်သည့် ရွေးကောက်ပွဲအောင်နိုင်ရေး လူထုဟောပြောပွဲတွင် ကတိပေး ပြောကြားထားသည်။

Most Read

Most Recent