သမိုင်းမှတ်တမ်းတင်သူများ

သမိုင်းမှတ်တမ်းတင်သူများ
Published 20 September 2015
သစ်ထွဋ်

မြန်မာနိုင်ငံမှာ ဖိနှိပ်တဲ့ အာဏာရှင်တွေကို အန်တုခဲ့တဲ့ တော်လှန်လှုပ်ရှားမှု ဖြစ်စဉ်တွေ များစွာရှိတဲ့အနက် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ သံဃာတော်များ ဦးဆောင်ခဲ့သော ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကတော့ အထင်ကရတစ်ခုဖြစ်ခဲ့ပါတယ်။
အထူးသဖြင့် ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုဟာ တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီကို တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတဲ့ ၁၉၈၈ အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် ဖြစ်ပွားခဲ့တဲ့ အာဏာရှင် ဆန့်ကျင် ရေးတိုက်ပွဲများအနက် အကြီးကျယ်ဆုံးသော လှုပ်ရှားမှုလို့ဆိုနိုင်ပါတယ်။ ၁၉၈၈ အာဏာ သိမ်းအစိုးရဟာ၁၉၉၀ မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး  ရွေးကောက်ခံရသူများထံ အာဏာ လွှဲပြောင်းမပေးဘဲ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ရွှေဝါရောင် တော်လှန်ရေးဟာ ၎င်းတို့ကို အခြောက်အလှန့်နိုင်ဆုံးသော ဆန့်ကျင်လှုပ်ရှားမှု တစ်ခုဖြစ်ခဲ့ပါတယ်။ ၁၉၈၈ အာဏာသိမ်းအစိုးရဟာ သူတို့ကို ဆန့်ကျင် သဘောမတူသူများကို ပြင်းပြင်းထန်ထန် ဘက်ပေါင်းစုံက နှိပ်ကွပ်ခဲ့တာကြောင့် အာဏာရှင်ကို တော်လှန်သူအားလုံးဟာ နှစ်ရှည် ထောင်သွင်းအကျဉ်းချခံရသလို အာဏာရှင် တွေဟာလည်း သက်ဆိုးရှည်ခဲ့ပါတယ်။သို့ပေမဲ့လည်း သံဃာတော်များ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုကတော့ အာဏာရှင်တွေကို သွေးရူးသွေးတန်း ဖြစ်စေတဲ့အထိ သက်ရောက်မှုရှိခဲ့ပါတယ်။
ပခုက္ကူအကြမ်းဖက်မှု
၂၀၀၇ ခုနှစ် သြဂုတ်လမှာ လောင်စာဆီ ဈေးနှုန်းများကို အကြောင်းပြချက်မပေး၊ ကြိုတင်အသိပေးခြင်းမရှိဘဲ မတန်တဆ ဈေးနှုန်းများ မြှင့်တင်လိုက်တာကြောင့် ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား များရဲ့ ဆန္ဒထုတ်ဖော်ပွဲ ဖြစ်ပွားခဲ့တယ်။ အဲဒီနှစ် စက်တင်ဘာလဆန်းမှာတော့ ရွှေဝါရောင် တော်လှန်ရေးကို အစပြု ဖြစ်ပေါ်စေခဲ့တဲ့ မကွေးတိုင်း ပခုက္ကူမြို့က သံဃာတော် ရာနဲ့ချီပြီး  ကုန်ဈေးနှုန်း ကျဆင်းရေးအလို့ငှာ ပိုစ တာများကို ကိုင်ဆောင်ကာ မေတ္တာသုတ် ရွတ်ဖတ်ပူဇော် လမ်းလျှောက်ခဲ့ကြပါတယ်။ ဒီလို သံဃာတော်တွေ ကိုယ်တိုင်ပါဝင်ပြီး ဆောင်ရွက်လာတဲ့အပေါ် အာဏာပိုင်တွေဟာ သွေးလန့်ခဲ့ကြပြီး အကြမ်းဖက်ဖြိုခွင်းတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ပေမယ့် သူတို့ထင်သလို လှုပ်ရှားမှုတွေဟာ မရပ်တန့်ခဲ့ပါဘူး။ နောက်ရက်တွေမှာ ပခုက္ကူမြို့က သံဃာတော်များကို အကြမ်းဖက်မှုအပေါ် တောင်းပန်ဖို့၊ လောင်စာဆီနဲ့ကုန်ဈေးနှုန်းများ ချက် ချင်းချပေးဖို့ အပါအဝင် အချက်အလက်အချို့ကို သံဃာတော်များက တောင်းဆိုခဲ့ပေမယ့် အာဏာပိုင်တွေဟာ မတောင်းပန်ခဲ့သလို အခြားတောင်းဆိုခဲ့တဲ့ အချက်တွေကိုလည်း လျစ်လျူရှုခဲ့ပါတယ်။အဲဒီနောက်မှာတော့ စက်တင်ဘာ တတိယပတ်အတွင်းမှာ စတင်ပြီး သံဃာတော်များစွာက အစိုးရအပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက် ခဲ့ကြပါတယ်။
မေတ္တာသုတ်ရွတ်ဖတ်ပူဇော်
အဲဒီနောက်မှာတော့ အာဏာပိုင်တွေဟာ ရွှေဝါရောင် တော်လှန်ရေးလှုပ်ရှားမှုအပေါ် နည်းမျိုးစုံသုံးပြီး ပိတ်ဆို့ဖိနှိပ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒါပေမဲ့လည်း ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုတွေဟာ ရပ်တန့်မ သွားဘဲ ကံဆောင်သပိတ်မှောက်မှုတွေဟာ ရန်ကုန်မြို့အပါအဝင် အခြားမြို့တွေမှာ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ စက်တင်ဘာလ ၂၂ ရက်ကစပြီး ရန်ကုန်မြို့မှာ သံဃာတော်များ ဦးဆောင်တဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး မေတ္တာသုတ် ရွတ်ဖတ်ပူဇော် လမ်းလျှောက်မှုတွေဟာ အင်နဲ့အားနဲ့ ဖြစ်ပေါ် လာခဲ့ပါတယ်။ သံဃာတော်တွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်လမ်းလျှောက်မှုတွေမှာ ပြည်သူတွေကလည်း အားတက်သရော ပါဝင်လာကြပြီး အာဏာရှင်တွေ မျက်ခုံးလှုပ်စရာ လှုပ်ရှားမှုကြီး ဖြစ်လာခဲ့ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတဲ့နောက်မှာ ကံဆောင်နေတဲ့ သံဃာတော်တွေ အရှိန်လျော့သွားအောင် ဝါဒဖြန့်ခြင်းအပါအဝင် နည်းလမ်းမျိုးစုံကို အာဏာပိုင်တွေနဲ့ သူတို့ရဲ့လက်ပါးစေတွေက လုပ်ဆောင်ခဲ့ကြပါတယ်။ သို့ပေမဲ့လည်း ကံဆောင် မေတ္တာသုတ် ရွတ်ဖတ်ပူဇော်မှုတွေဟာ တစ်စတစ်စ အင်အား ကြီးထွားလာခဲ့တဲ့ နောက်မှာတော့ အာဏာကို လက်မလွှတ်နိုင်တဲ့သူတွေက ၎င်းတို့ရဲ့ သုံး နေကျနည်းဖြစ်တဲ့ ဖမ်းဆီးရိုက်နှက် သတ်ဖြတ်တဲ့နည်းကို သုံးခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုမှာ ပါဝင်သူ ကျောင်းသား၊ အရပ်သား၊ အမျိုးသမီးအပါအဝင် သံဃာတော်တွေကိုပါမချန် ဖမ်းဆီးရိုက်နှက် ဖိနှိပ်မှုတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေဟာ ကမ္ဘာ့ကတောင် အောချလောက်ရတဲ့အထိ ကြမ်းကြုပ် တဲ့ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ အနော်ရထာလမ်းပေါ် ၃၄ လမ်းအလယ် ဘလောက်ထိပ်မှာ ရိုက်နှက်ဖမ်းဆီးမှု ဗီဒီယိုဖိုင်ဟာ ထင်ရှားပါတယ်။
တစ်ကမ္ဘာလုံးက အံ့သြ
ရန်ကုန်မြို့က အကြမ်းဖက် နှိမ်နင်းမှုတွေမှာတော့ အစပိုင်းမှာ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာတော့ သေနတ်နဲ့ ပစ်ခတ်တဲ့အထိ ရက်စက်စွာ ဖြိုခွဲခဲ့တာ တွေ့ခဲ့ရပါတယ်။ သက်ဆိုင်ရာရဲ့ကြေညာချက်တွေမှာ ရော်ဘာကျည်ဆန်နဲ့ ပစ်ခတ်တယ်လို့ ပါရှိခဲ့ပေမယ့် သေနတ်မှန်လို့သေဆုံးခဲ့ရသူတွေ ရှိခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ စစ်တွေ အပါအဝင် မြို့အချို့မှာ  လှုပ်ရှားမှုတွေကို အင်အားသုံး ဖြိုခွဲမှုတွေကို အာဏာပိုင်တွေက ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာ စက်တင်ဘာလ ၂၆ ရက်မှာ ၂၈ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ နှိမ်နင်းမှုမှာဆိုရင် နံပါတ်တုတ်၊ ဝါးရင်းတုတ်များဖြင့် ရိုက်နှက်ခြင်း၊ မျက်ရည်ယိုဗုံးများ ပစ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများကြောင့် သေဆုံး၊ ဒဏ်ရာ ရသူများရှိခဲ့သလို လူဦးရေထောင်နဲ့ချီပြီး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်များအတွင်း ဂျပန်သတင်းထောက် တစ်ဦးလည်း သေနတ် ထိမှန်သေဆုံးခဲ့ပြီး အဲဒီလို အကြမ်းဖက် နှိမ်နင်းမှုများကို နိုင်ငံ အများအပြားက ရှုတ်ချခဲ့ ပါတယ်။အထူးသဖြင့် မြန်မာနိုင်ငံလို နိုင်ငံတစ်ခုမှာ သံဃာတော်တွေကို ရိုက်နှက် ဖမ်းဆီးမှုတွေအပေါ် တစ်ကမ္ဘာလုံးက အံ့သြခဲ့ကြရပါတယ်။
အရုပ်ဆိုးလှ
ညအချိန်များတွင် ကံဆောင်လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဘုန်းတော်ကြီးကျောင်းများကို တပ်အားသုံးပြီး အကြမ်းဖက် စီးနင်းကာ ရိုက်နှက်ဖမ်းဆီးမှုများ ရှိခဲ့သလို သံဃာတော်များကို အဓမ္မ လူဝတ်လဲပစ်ခဲ့တာတွေကလည်း ရွှေဝါရောင် တော်လှန်ရေးကာလက အရုပ်ဆိုးလှတဲ့ ဖြစ်ရပ်တွေပါ။ထူးခြားချက်အဖြစ် အဲဒီလို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ဖြစ်စဉ်အတွင်း အင်နဲ့အားနဲ့ ပါဝင်ခဲ့ကြသူတွေကတော့ အာဏာရှင်တွေ လက်သပ်မွေးထားတဲ့ စွမ်း အားရှင် ဆိုသူတွေပဲဖြစ်ပါတယ်။ရွှေဝါရောင် ကာလအတွင်း နှိမ်နင်းမှုတွေမှာ စွမ်းအားရှင်တွေဟာ လက်ရဲဇက်ရဲနဲ့ အဓိကနေရာ ပါဝင် အသုံးတော်ခံခဲ့ပါတယ်။ မည်သို့မည်ပုံ အာဏာ အပ်နှင်းထားခံထားသလဲဆိုတာ မသိနိုင်ပေမယ့် ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းတွေမှာ စွမ်းအားရှင်တွေ အင်နဲ့အားနဲ့ ပါဝင်ခဲ့တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေ အများကြီး ရှိနေခဲ့သလို ကိုယ်တွေ့ကြုံခဲ့သူတွေ အများကြီးရှိပါ တယ်။ တကယ်ပဲ ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို ကြည့်ရင် နှိမ်နင်းမှုတွေဟာ ဘယ်လောက်အထိ ကြမ်းတမ်းခဲ့သလိုဆိုတာ သိနိုင်ပါတယ်။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဆူးလေမီးပွိုင့်အနီး ပစ်ခတ်မှုတွေမှာဆိုရင် သွေးထွက်သံယို ဖြစ်ခဲ့သူ ကျောင်းသားအရွယ်တွေကို တွေ့ခဲ့ရဖူးပါ တယ်။
အာဏာရှင်တွေဟာ အာဏာ တည်မြဲရေးအတွက် သူတို့နဲ့သဘောမတူသူတွေကို အခုလိုပဲ ကြမ်းတမ်းစွာ ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာတော်တွေ ဦးဆောင်ပါဝင်ခဲ့ရတာဟာ လည်း လူမှုစီးပွားရေးဘဝတွေ ကျပ်တည်းနေကြတဲ့ ဆွမ်းဒါယိကာ၊ ဒါယိကာမတွေရဲ့ကိုယ်စား သံဃာတော်တွေက အာဏာရှင်တွေကို သပိတ်မှောက် ခဲ့ကြတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ၁၉၈၈ ခုနှစ်က အာဏာရှင်တွေ တော်လှန်ရေးပြီးတဲ့နောက် အာဏာရှင်တွေကို တွန်းလှန်ဖီဆန်ခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဟာ ၁၉၈၈ အာဏာသိမ်း အစိုးရရဲ့သရုပ်မှန်ကို ထပ်ပြီးဖွင့်ချနိုင်ခဲ့တဲ့ ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။ အာဏာရှင်တွေဟာ သူတို့အာဏာ တည်မြဲရေးအတွက် သူတို့နဲ့ သဘောမတူသူတွေကို ဘယ်လောက် အထိ ရက်စက်စွာ လုပ်ဆောင် တတ်သလဲဆိုတာကို ပြသနိုင်ခဲ့တဲ့ လှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။ ဒီလိုအာဏာရှင်တွေရဲ့ မျက်နှာဖုံးကို ထပ်မံ ခွာချနိုင်ခဲ့တာကြောင့် ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုမှာ ကျဆုံးသွားကြသူတွေဟာ အလဟဿ မဖြစ်ခဲ့ပါဘူး။ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့သူတွေဟာလည်း မြန်မာနိုင်ငံရဲ့ အာဏာရှင် ဆန့်ကျင်ရေးသမိုင်းမှာ သမိုင်းမှတ်တမ်းတင် ကျန်ခဲ့မယ့်သူတွေ ဖြစ်ပါတယ်။
တကယ်တော့ ဘယ်အာဏာရှင်တွေမဆို အများလက်မခံနိုင်တဲ့ အာဏာကို အလွဲသုံးစားတဲ့ လုပ်ရပ်တွေကိုသာ ပြုမူတတ်ကြပါတယ်။ သူတို့ဖြစ်ချင်တဲ့အရာကို အမိန့်အာဏာနဲ့ လုပ်ဆောင်တတ်ပါတယ်။ သူတို့ကို ဆန့်ကျင်တဲ့ သူတွေကိုတော့ ရက်စက်စွာ နှိမ်နင်းတတ်ပါတယ်။ ဒါကြောင့် အရေးကြီးတာက အာဏာရှင်တွေ တစ်ပတ် မလည်လာဖို့ပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ လာရင်တော့ ကြေကွဲစရာ အဖြစ်မျိုးနဲ့ ကြုံကြရမှာဖြစ်ပါ တယ်။ ဒီနေ့အချိန်မှာတော့ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်ကြိုက်တဲ့သူတွေကို စိတ်ကြိုက်ကို မဲပေးနိုင်မယ့် အခြေအနေ ရှိနေတာကြောင့် အစိုးရသစ်ဖွဲ့ရာမှာ ကိုယ့်ရဲ့ဆန္ဒမဲတစ်မဲက သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ ဒီအတွက် အာဏာရှင်တွေ ခေါင်းမပြူနိုင်မယ့် ဒီမိုကရေစီ အစိုးရသစ်တစ်ရပ်ကို တင်မြှောက်နိုင်ဖို့ လာမယ့်ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးကြဖို့ လိုအပ်ပါကြောင်း အများအကျိုးမျှော် နှိုးဆော် တိုက်တွန်းလိုက်ရပါတယ်။

Most Read

Most Recent