သူတို့ လွဲနေပါတယ် ( ၂ )

သူတို့ လွဲနေပါတယ် ( ၂ )
Published 19 September 2015
ဒေါက်တာသိန်းမြင့်

 
ကိုဇော်သက်ထွေး ခင်ဗျာတကယ်လို့သာ ရဲတပ်ဖွဲ့အနေနဲ့ ဒေါက်တာသန်းထွဋ်အောင်အမှုကို ကျူးလွန်ခဲ့တဲ့သူတွေ၊ နောက်ကွယ်က ပါဝင်သူတွေကို ဥပဒေအတိုင်း ဖော်ထုတ်အရေးယူနိုင်ခဲ့မယ်ဆိုရင် အခုလောက်ထိ ရှည်ရှည်ဝေးဝေးတွေ ပြောနေစရာ လိုမယ်မထင်ဘူး။ အခုတော့ အသက်အန္တရာယ်ကို လုပ်ကြံခံရလို့မှ မကြာသေးဘူး ဂုဏ်သိက္ခာထိခိုက်အောင်၊ အမှုသတင်းကို ဖုံးလွှမ်းသွားအောင် ဝါဒဖြန့်ချိတာက ချိန်သားကိုက် လုပ်လာတယ်။ဒီဝါဒဖြန့်တာကို လူတွေယုံကြည်အောင် ထင်ယောင်ထင်မှားတွေဖြစ်အောင် မီဒီယာနယ်ပယ်နဲ့  စာနယ်ဇင်းကောင်စီဝင်အချို့ကပါ ပါဝင်ပတ်သက်တာတွေ ဘာလို့ရှိလာခဲ့လဲ။  ရှုပ်ထွေးမှုတွေ ရှိနေချိန်၊ ခင်ဗျားနဲ့ပတ်သက်တဲ့သူတွေ ခင်ဗျားရောက်နေတဲ့ အဝန်းအဝိုင်းက လုပ်ဆောင်မှုတွေနဲ့ ဒီကိစ္စတွေ ဘယ်လိုဆက်စပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမရှိခင် ခင်ဗျားကိုယ်တိုင် ဂန့်ဂေါကို အဲဒီကာလ ဖုန်းဆက်ခဲ့တာလေ။တကယ်လို့ အဲဒီအချိန်မှာ ရဲကသာ ပုံမှန်အမှုတွေအတိုင်း အမှုမှန်ဖော်ထုတ်နိုင်ဖို့ လုပ်နေရင် ကျူးလွန်ရာမှာ ပါတဲ့သူတွေကို ဖမ်းထားနိုင်ရင် ကျွန်တော်ဘာမှ ပြောနေစရာလိုမယ် မထင်ပါဘူး။ အခုတော့ အားလုံးက တစ်နည်းတစ်ဖုံဆီ ပတ်သက်ဆက်စပ်မှုတွေ ရှိနေတာ အထင်အရှားဖြစ်နေတာကိုး။ ပြီးတော့ ခင်ဗျားနဲ့ပတ်သက်တဲ့ အဝန်းအဝိုင်းက လူတွေကလည်း ဘယ်လိုဝါဒဖြန့်တာတွေ လုပ်ခဲ့သလဲ။ခင်ဗျားနဲ့ ကိုငှက်ပျောကြော်အပြင် ခင်ဗျားတို့အဖွဲ့က ရုပ်ရှင်သမား နောက်ထပ်နှစ်ယောက် ရှိပါသေးတယ်။ ဒါတွေနဲ့ ပတ်သက်လို့တော့ လိုအပ်ရင်  သက်သေအတိအကျနဲ့ နောက်မှ ထပ်ပြောပါတော့မယ်။  နောက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ စစ်ဆေးသင့်တဲ့သူတွေ ထပ်မံစစ်ဆေးဖို့ တောင်းဆိုပါမယ်။ ထပ်တလဲလဲ တောင်းဆိုမှာပါပဲ။ အားလုံးရဲ့နောက်ကွယ်မှာ ဘယ်လိုဆက်စပ်အဖွဲ့ကြီး ပါဝင်ထားတယ်ဆိုတာ ပေါ်ကိုပေါ်ရမှာပါ။ စရဖ သန်းထိုက်အောင်နောက်က ခိုင်းစေတဲ့ အဘဆိုတာ ဘယ်သူဆိုတာ သူတို့ရဲ့ အထက်အဆင့်ဆင့်ကို သတင်းပေးပြီးသွားပြီပဲ။ သူတို့ရဲ့ တာဝန်ပဲဖြစ်မှာပါ။ဟိုနေ့က ရေးခဲ့တဲ့အမှတ် (၁) ရဲ့အဆက်အဖြစ် ကိုမြင့်ကျော်အကြောင်း ဆက်ရေးပါမယ်။(၇)ကိုမြင့်ကျော် ခင်ဗျာကိုမြင့်ကျော်ကို ကျွန်တော်သိတာ သိပ်မကြာသေးပါဘူး။ MJN အနေနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) မှာ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါလာပြီးနောက်ပိုင်းမှ သိရတာပါ။ စုံစမ်းမေးမြန်းချက်တွေအရ သတင်းဌာနတွေမှာ ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့ဖူးခြင်းမရှိဘဲ MJN ကို အလိုလို ရောက်လာတယ်လို့ပဲ သိရပါတယ်။“နောက်အစိုးရလက်ထက်မှ လုပ်လို့ ဘာမှသိပ်အကျိုးထူးလာမယ်လို့ မထင်ဘူး။ အခုပြောဆိုနေတဲ့သူတွေကလည်း ဘယ်သူမှ မဟုတ်ဘူး။ ပြန်ဖွဲ့မယ်ဆိုပြီး ရွေးချယ်တင်မြှောက်ပွဲလုပ်ဖို့ လုပ်ခဲ့တာ။ စာနယ်ဇင်းကောင်စီ (ယာယီ) မှာ ပါခဲ့တဲ့သူတချို့ တက်တက်ကြွကြွ သိပ်မလုပ်နိုင်တော့လို့ အခုလို အမြန်ဆုံး ပြန်ဖွဲ့ဖို့လုပ်တာပါ”ဆိုပြီး စံတော်ချိန်မှာ ခင်ဗျားပြောထားပါတယ်။စာနယ်ဇင်းကောင်စီ (ယာယီ) မှာ ပါခဲ့တဲ့သူတချို့ဆို တက်တက်ကြွကြွ သိပ်မလုပ်နိုင်တော့လို့ဆိုတဲ့စကားက ဘာကိုဆိုလိုတာပါလဲ။ အဲဒါဆိုရင် စာနယ်ဇင်းကောင်စီနဲ့ ပတ်သက်ပြီး ခင်ဗျား ဘာတွေလုပ်ခဲ့လဲဆိုတာ အကောင်အထည်ပြပေးပါ။မူလရည်ရွယ်ချက်တွေဖြစ်တဲ့(၁) စာနယ်ဇင်းကျင့်ဝတ်ရေးဆွဲမယ်၊(၂) စာနယ်ဇင်းကောင်စီ လုပ်ငန်းစဉ် ရေးဆွဲမယ်၊(၃) သတင်းမီဒီယာဥပဒေနဲ့ သတင်းမီဒီယာ နည်းဥပဒေတို့ ရေးဆွဲမယ်၊ တစ်ဆက်တည်းမှာပဲ(၄) အငြင်းပွားမှုနဲ့ တိုင်ကြားမှုတွေရှိရင်လည်း ညှိနှိုင်းဖြေရှင်းပေမယ်ဆိုပြီး အဓိကရည်ရွယ်ဖြေရှင်းမယ်စဖွဲ့စဉ်က အဲဒီလိုဆုံးဖြတ်ခဲ့ကြပေမယ့် မဆိုင်တာတွေကို ခင်ဗျားတို့ အမျိုးစုံလုပ်ခဲ့ကြတယ်။ အထူးသဖြင့် နိုင်ငံတကာအဖွဲ့တွေနဲ့ ပေါင်းလုပ်တာ အဓိကပဲ။ အဲဒီလုပ်ငန်းတွေမှာ ဝင်မပါလို့ တက်တက် ကြွကြွ မလုပ်ဘူးလို့ ဆိုလိုချင်တာလား။ ခင်ဗျားဟာ သတင်းမီဒီယာလောကအတွက် သတင်းထောက်၊ အယ်ဒီတာ၊ ထုတ်ဝေသူအဖြစ် တစ်ခုခုကို ထဲထဲဝင်ဝင် လုပ်ခဲ့ဖူးသလားဆိုတာ သိချင်ပါတယ်။ခင်ဗျားစွပ်စွဲချက်က အတော့်ကို လွဲချော်နေပါတယ်။ ခင်ဗျားတို့လုပ်ချင်တာတွေကို သမ္မတပေးတဲ့ သိန်း ၅၀၀ သုံးပြီး လျှောက်လုပ်နေကြတာ အခုဆိုရင် အဲဒီ သိန်း ၅၀၀ က လည်း ရာဂဏန်းတောင် မကျန်တော့ဘူး။နောက်ပြီး နိုင်ငံတကာကဖိတ်လို့ ခင်ဗျားတို့ ကိုဇော်သက်ထွေးတို့၊ ဒေါက်တာဖေမြင့်တို့၊ ဒေါက်တာမျိုးသန့်တင်တို့၊ ကိုရဲမင်းဦးတို့၊ ကိုခင်မောင်ဌေးတို့ နိုင်ငံခြားကို အခေါက်ခေါက်သွားနေကြတာကို ကောင်စီအတွက် အလုပ်လုပ်တယ်လို့ ဆိုလိုချင်တာလား။ ကောင်စီအတွက် အလုပ်လုပ်တယ်ဆိုရင်လည်း ခင်ဗျားတို့ ပြန်လာကြတဲ့အခါ ဘယ်အဖွဲ့အစည်းက ဖိတ်တယ်။ ဘယ်တွေ ရောက်ခဲ့တယ်။ ဘာတွေဆွေးနွေးခဲ့တယ်။ စာနယ်ဇင်းကောင်စီနဲ့ စာနယ်ဇင်းသမားတွေ အကျိုးအတွက် ဘယ်လိုမှတ်သားစရာတွေ ရှိခဲ့တယ်ဆိုတာကို မှတ်တမ်းပြန်ရေးပြီး စာနယ်ဇင်းကောင်စီကို Report Back  ပေးခဲ့တာရှိလို့ လား။ အဲဒီလိုရှိခဲ့ရင်တော့ စာနယ်ဇင်းလောကအတွက် အကျိုးရှိလို့ အလုပ်လုပ်တယ်လို့ ပြောရမှာပဲ။နောက်ပြီး ခင်ဗျားက“နောက်အစိုးရ လက်ထက်မှလုပ်လို့ ဘာမှ သိပ်အကျိုးထူးလာမယ်လို့ မထင်ဘူး”ဆိုတဲ့ စကားက ခင်ဗျားရဲ့ နိုင်ငံရေးအမြင်အပေါ်မှာ မေးခွန်းထုတ်စရာပါ။ ကိုယ်မသိ နားမလည်တာကို လက်လွတ်စပယ် ထုတ်ပြောလိုက်သလိုပါပဲ။“ရွေးချယ်တင်မြှောက်ရေးအဖွဲ့မှာ ပါတဲ့သူတွေကလည်း အတွေ့အကြုံရော၊ ပညာနဲ့ သိက္ခာအရ ပြောစရာကိုမလိုအောင် ဖြစ်နေတဲ့သူတွေပါ။ သူတို့အပေါ်မှာလည်း ဘယ်ကမှ သြဇာလွှမ်းမိုးမှုမရှိတဲ့ သူတွေပါ” ဟု ခင်ဗျားက ဖြေထားပါသေးတယ်။ဥက္ကဋ္ဌ ဦးမော်သန်းက သမ္မတအကြံပေး၊ အတွင်းရေးမှူး ဒေါ်သီတာတင်က ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မစန္ဒာတို့၊ မောင်ခင်မင် (ဓနုဖြူ) တို့ကလည်း အစိုးရနဲ့ ပတ်သက်လာရင် အားနာတတ်တဲ့သူတွေပါ။ ခင်ဗျားပြောတဲ့ သြဇာလွှမ်းမိုးမှု မရှိဘူးဆိုတဲ့အပြောကို ဘယ်သူက ယုံတော့မှာလဲ။“ရွေးကောက်ပွဲမတိုင်ခင် တစ်ပတ်လောက်ဆိုရင်တော့ နယ်သွားတာတွေ ဘာတွေရှိမယ်။ ရွေးကောက်ပွဲမတိုင်ခင် နှစ်ပတ်၊ သုံးပတ်လောက်မှာတော့ အဲဒီလောက်အထိ နယ်သွားတာတွေ ဘာတွေ မရှိနိုင်သေးဘူး။ မီဒီယာတွေ အလုပ်ရှုပ်နေချိန်နဲ့ ချိန်ကိုက်လုပ်တယ်ဆိုတာတော့ မဟုတ်ဘူး”ဆိုပြီး ဘာကြောင့် ပြောဆိုရတာလဲ။ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတိုက်တွေအနေနဲ့ ရန်ကုန်မှာ နယ်မှာ လူအင်အား၊ ပစ္စည်းအင်အား၊ အတွေ့အကြုံ ပညာပေးမှုများကို နေ့စဉ်မပြတ် လုပ်နေရပါတယ်။ နောက်ပြီး ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေကိုလည်း လူအင်အားသုံးပြီး သတင်းလိုက်ယူနေရတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီအချက်လွဲပုံက ခင်ဗျားအနေနဲ့ သတင်းမီဒီယာလုပ်ငန်းကို ထဲထဲဝင်ဝင် မလုပ်ဖူးဘူးဆိုတာ သိသာလွန်းလှပါတယ်။လက်ရှိ စာနယ်ဇင်းကောင်စီ (ယာယီ)မှာ သတင်းသမားကိုယ်စားပြုသူတွေ နည်းလို့၊ သတင်းသမားတွေအတွက် စာနာရကောင်းမှန်းမသိလို့၊  သတင်းသမားတွေ အခက်ကြုံတဲ့အခါ ဝင်ရောက်ကူညီ အားပေးလုပ်ဆောင်မှုတွေ နည်းပါးခဲ့တာလည်း ခင်ဗျားအနေနဲ့ မငြင်းဆိုနိုင်တဲ့ အချက်ပါပဲ။အကယ်၍များ သတင်းမီဒီယာကောင်စီ ရွေးချယ်ပြီးခဲ့တဲ့အခါကျရင် တရားစွဲမှာ မကြောက်၊ ထောင်မကြောက်၊ အသက်သေမှာ မကြောက်ဘဲ သတင်းယူနေကြတဲ့ သတင်းသမားအစစ်အမှန်တွေ အဲဒီသတင်းမီဒီယာကောင်စီမှာ ဘယ်လောက်ပါသလဲလို့ တစ်ယောက်ချင်းစီကို ကျွန်တော်ထောက်ပြီး ပြန်လည်ဆွေးနွေးပါမယ်။  သူတို့လွဲနေပါတယ် (၃) ကိုလည်း ဆက်ရေးပါမယ်။
 
သူတို့ လွဲနေပါတယ် (၃) >>>>>>

Most Read

Most Recent