လေဘာပါတီ ခေါင်းဆောင်အဖြစ် ဂျယ်ရယ်မီကော်ဗန် ရွေးချယ်ခံရပြီးသည့် နောက်တွင် ရုရှားအစိုးရပိုင် မီဒီယာများက ဂုဏ်ပြု ချီးကျူးမှုများ ပြုလုပ်ခဲ့ကြသည်။ ဗြိတိန်နိုင်ငံရှိ မီဒီယာများနှင့် နိုင်ငံရေးသမားများ အတွက်ကတော့ ပူတင်နှင့် အလွမ်းသင့်သည့် ကော်ဗန် ပါတီဥက္ကဋ္ဌ ဖြစ်လာခြင်းကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်လာခဲ့သည်။
ရုရှားနိုင်ငံတွင် ကရင်မလင်က ချုပ်ကိုင်ထားသည့် အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်လွှင့်နေသည့် RT ရုပ်သံတွင် ကော်ဗန် အနိုင်ရရှိသည့်သတင်း ထုတ်လွှင့်ခဲ့သော်လည်း ရုရှားပြည်သူများ အနေဖြင့် စိတ်ဝင်စားမှု မရှိကြပေ။
လေဘာပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံရသည့် ကော်ဗန်မှာ ထောက်ခံမဲ ရာခိုင်နှုန်း ၆၀ ခန့် ရရှိခဲ့သည်။ ပါလီမန်တွင် လက်ဝဲယိမ်း လေဘာပါတီသည် နေတိုးတပ်ဖွဲ့ဝင်များနှင့်ပတ်သက်၍ လည်းကောင်း၊ ယူကရိန်း အရေးကြောင့် ရုရှားနိုင်ငံကို အရေးယူ ပိတ်ဆို့မှုများကို လည်းကောင်း ဆန့်ကျင်မှုတွေ ပြုလုပ်ခဲ့သည်။ ကော်ဗန်သည် အကြမ်းဖက် ဟားမာ့စ်အုပ်စုများနှင့် ဟစ်ဇဘိုလာတို့အား ဗြိတိန်တို့ အလည်အပတ် ရောက်ရှိပါက မိတ်ဆွေအဖြစ် ကြိုဆိုမှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့ဖူးသည်။
ကော်ဗန်သည် အသက် ၆၆ နှစ်ရှိပြီး ဗြိတိန် အောက်လွှတ်တော်တွင် ၃၂ နှစ်ကြာမျှ အတိုက်အခံ နိုင်ငံရေးသမားအဖြစ် ရပ်တည်နေခဲ့သူဖြစ်သည်။ ကော်ဗန်သည် ဗင်နီဇွဲလားသမ္မတ ချားဗတ်စ်ကို ထောက်ခံသူ တစ်ဦးဖြစ်သည်။ ထို့ပြင် ရုရှားသမ္မတ ပူတင်၏ ဆွေမျိုးကောင်းစားရေး ဝါဒကိုလည်း လက်ခံနေသူ ဖြစ်သည့်အပြင် ယူကရိန်းအရေးတွင် ရုရှားတို့နှင့် နေတိုးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေမှုကိုလည်း ရှုတ်ချသူ ဖြစ်သည်။ ထို့ပြင် ဂရိနိုင်ငံတွင် အာဏာရထားသော ဆီရီဇာပါတီကို ထောက်ခံသူတစ်ဦး ဖြစ်သည်။ အမေရိကန် ဆန့်ကျင်ရေး၊ အစ္စရေး ဆန့်ကျင်ရေး၊ နေတိုး ဆန့်ကျင်ရေးနှင့် ဥရောပသမဂ္ဂ ဆန့်ကျင်ရေးတို့ကို ပြုလုပ်နေသူဖြစ်သည်။ တရုတ်ပြည် ကွန်မြူနစ်ပါတီအနေဖြင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေမှုကို အပြစ်တင်ခဲ့သူလည်း ဖြစ်သည်။
ရုရှားနိုင်ငံရှိ ဝါဒဖြန့်ချိရေးကွန်ရက် တစ်ခုဖြစ်သည့် RT ရုပ်သံက ကော်ဗန် အနိုင်ရရှိသည့်အတွက် ဗြိတိသျှ ဒီမိုကရေစီအတွက် အံ့သြဖွယ်ကောင်းသော နေ့တစ်နေ့ ဖြစ်ကြောင်း ထုတ်လွှင့်ခဲ့သည်။ ထို့ပြင် ကရင်မလင် ထောက်ခံမှုရထားသော ပရာဗာဒါတွင် ဆောင်းပါးရှင် တင်မိုသီဘင်ခရော့ဖ်ဟင့်ချ်နေ က လေဘာပါတီ ခေါင်းဆောင်သစ်သည် ယမန်နှစ်မတ်လက ခရိုင်းမီးယားကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းခဲ့မှုနှင့် ပတ်သက်၍ နေတိုးတို့၏ တုံ့ပြန်မှုများကို ဆန့်ကျင်ခဲ့သူ လေဘာပါတီမှ ကော်ဗန်ကို ထောက်ခံမှုတွေ ပြုလုပ်ခဲ့သည်။
ဗြိတိန်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဖြစ်သူ ဒေးဗစ်ကင်မရွန်က ကော်ဗန် ဦးဆောင်သော လေဘာပါတီသည် ဗြိတိန်နိုင်ငံ လုံခြုံရေးကို လည်းကောင်း၊ စီးပွားရေး တည်ငြိမ်မှုကို လည်းကောင်းနှင့် မိသားစုများ၏ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း တွစ်တာတွင် ဖော်ပြခဲ့သည်။
ဗြိတိန်ဆိုင်ရာ ရုရှားသံအမတ် အလက်ဇန္ဒားယာကိုဗင်ကိုက ကော်ဗန် ပါတီခေါင်းဆောင် ဖြစ်လာခြင်းသည် အပြုသဘောဆိုင်ရာ ပြောင်းလဲမှုအတွက် မျှော်လင့်ချက်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကမူ ကော်ဗန် အနိုင်ရရှိခြင်းနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေ။ သို့သော် အမေရိကန်နှင့် ဗြိတိန်တို့၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်နေကြောင်း ပြော ကြားခဲ့သည်။
ကော်ဗန်သည် ဥရောပနိုင်ငံများမှ ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ် ဆက်ဆံရေးများ ပြုလုပ်ရန် မျှော်လင့်ထားသည်။ ရုရှားသမ္မတ ပူတင် ပြင်သစ်နိုင်ငံ အမျိုးသား တပ်ဦးခေါင်းဆောင် လီပန်တို့နှင့် ရင်းနှီးသော ဆက်ဆံမှုများရှိသည်။ လီပန်၏ ပါတီအနေဖြင့် ကရင်မလင်ကို ထောက်ခံသည့်အတွက် ရုရှားသံအမတ်မှနေ၍ ဒေါ်လာ သန်းပေါင်းများစွာ ချေးယူနိုင်ခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့ပြင် လီပန်သည် မော်စကိုသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင်ကို ချီးမွမ်းမှုတွေ ပြုလုပ်ခဲ့သည်။ လီပန်သာမဟုတ် ပြင်သစ်သမ္မတဟောင်း ဆာကော်ဇီသည်လည်း ပူတင်ကို ထောက်ခံခဲ့သူဖြစ်သည်။ ရုရှားကို ရွေးချယ်ခဲ့သည့်အတွက် ခရိုင်းမီးယားကို အပြစ်မတင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကားလ်မာ့က္ခစ်ကို ကြည်ညိုသူ၊ လက်ဝဲဝါဒကို ယုံကြည်သူ ကော်ဗန်သည် ဗြိတိန်နိုင်ငံ၌ အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်း မြင့်တက်နေမှုနှင့် လူမှုရေး မညီမျှမှုတွေ ဖြစ်ပေါ်နေမှုများကို ဖယ်ရှားရန်အတွက် ဆိုရှယ်လစ် အယူအဆများဖြင့် နိုင်ငံကို ပြုပြင်ပြောင်းလဲရမည်ဟု လက်ခံထားသူ ဖြစ်သည်။ နိုင်ငံရေးသုံး သပ်သူအချို့ကတော့ လေဘာပါတီအနေဖြင့် ကော်ဗန်ကို ရွေးချယ်လိုက်ခြင်းမှာ ပါတီအတွက်ကော နိုင်ငံအတွက်ပါ ဆိုးရွားသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။










