သားတို့ သမီးတို့အတွက် အမေ

သားတို့ သမီးတို့အတွက် အမေ
Published 18 September 2015
မောင်တင်ဦး (မြောင်းမြ)

ဒီရက်ပိုင်းမှာ အမေ့ကို သတိရတယ်။ အမေလို ကြည်လင်တဲ့ အပြုံး၊ ကရုဏာလွှမ်းတဲ့ မျက်လုံး၊ သားသမီးကို ဘယ်တော့မှ စိတ်မချနိုင်တဲ့ သက်ပြင်းရှိုက်သံ၊ သားသမီးတွေ ဘာလုပ်လုပ် ခွင့်လွှတ်တတ်တဲ့ အပြော၊ သားသမီးတွေ မှားမှာစိုးလို့ တတွတ်တွတ် မှာနေတဲ့ စကား။ ခုရက်ပိုင်းမှာ ကြားနေ၊ မြင်နေ၊ တွေ့နေရမယ်။ အနာဂတ်ကို လမ်းညွှန်ပြနေတဲ့ အမေ့အသံ စာစာ၊ အမေ့အသံ မာမာဟာ သားသမီးတွေ အတွက်တော့ အမေ့အသံကို သာယာနေကြတယ်။ စာနေ၊ မာနေတဲ့ အမေ့ အသံဟာ ညာနေတာ မဟုတ်ဘူး ဆိုတာ သားသမီးတို့ နှလုံးသားက ခံစားသိ သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေက စကားကို ပါးစပ်ဖျားက မပြောတတ်ဘူး။ ရင်ဘတ်ထဲ၊ နှလုံးသားထဲကပဲ ပြောတတ်တာ။အမေဆိုတာ သားသမီးကို ဘယ်တုန်းကမှ စိတ်မချနိုင်ပါလား ဆိုတာ ကျွန်တော် အရွယ်လေး ရောက်လာမှ ပိုမို နားလည်လာတယ်။ အမေက သူ့အန္တရာယ်ထက် သားသမီးတွေ အန္တရာယ်ကို ပိုစိုးရိမ်တတ်တယ်။ အမေ နောက်နေရလှ နှစ်သုံးလေးဆယ်ပေါ့။ သားသမီးတို့က အနည်းဆုံး နှစ်ငါးဆယ်၊ ခြောက်ဆယ်။ အမေ မရှိတဲ့နောက် သားသမီးတို့ မျက်စိသူငယ် နားသူငယ်နဲ့ နေခဲ့ကြရမှာကို စိုးရိမ်နေတာ။ သူနေရမယ့် နှစ်သုံးလေးဆယ်ထက်၊ သူမနေရဘဲ လူ့လောကအလယ် ကျန်ခဲ့မယ့် သားသမီး နောင်နှစ်ပေါင်း ရာထောင်အတွက် ရတက်မအေး စိုးရိမ်နေရရှာတာလား အမေ။အမေက သားသမီးတွေကို ညဘက်မှာ အိမ်ရှေ့ကလွဲပြီး ဝေးဝေးလံလံမှာ သွားဆော့တာ မကြိုက်ဘူး။ လှမ်းအော်ခေါ်လို့ ချက်ချင်း ပြန်မထူးရင် အမေ လမ်းပေါ်တက်၊ သားသမီး ရှာပုံတော် ဖွင့်တတ်လေရဲ့။ တစ်ခါက အဖေ ဆေးလိပ်သောက်ချင်လို့ ကျွန်တော့်ကို အဝယ်ခိုင်းတယ်။ အမေက ကြားကြားချင်း “အမယ်လေး ကိုသန်းဦးရယ်၊ မိုးချုပ် မှောင်မိုက်နေမှ၊ ကလေးကို ခိုင်းရသလား၊ တကတည်း မပြောလိုက်ချင်ဘူး။ ပေးပေး ကျုပ်သွားဝယ်ပေးမယ်” အမေက စကားမဆုံးသေးဘူး။ လမ်းပေါ်ထွက်သွားပြီး။ အဖေလည်း မတားသာ။ ကျွန်တော်လည်း မတားသာ။အမေပြန်လာတော့ ထော့ကျိုးထော့ကျိုးနဲ့။ “ဟဲ့ မတင်ကြည် ဘာဖြစ်လာတာလဲ” “အမေ ဘာဖြစ်လို့လဲဟင်” “ဘာမှ မဖြစ်ပါဘူးတော်၊ မှောင်ထဲမည်းထဲ ခွေးအိပ်နေတာ မမြင်ဘဲ တက်နင်းမိလို့။ ခွေးက ထအော်တာ။ ရုတ်တရက်လန့်ပြီး ပြေးလိုက်တာ ခဲလုံးနဲ့ တိုက်မိလို့ ခြေထောက်နာသွားတာ။ ပရုပ်ဆီလိမ်းလိုက် ပျောက်ပါတယ်တော်” ဒီတော့ အဖေက အမေ့ကို မှက်ချက်ပြုလိုက်တယ်။ “အေးလေ မင်းက မင်းသားသမီးတွေကိုပဲ ရွှေပေါ်မြတင် ထားချင်တာကိုး”တကယ်ပဲ အမေက အဖေကိုရော သားနဲ့ သမီးတွေကိုပါ ရွှေပေါ်မြတင် ထားခဲ့ရှာသူပါ။ သားသမီးတွေ နစ်နာမှာစိုးလို့၊ သားသမီးတွေ ထိခိုက်မှာ စိုးလို့၊ သားသမီးတွေ ဘဝပျက်မှာ စိုးလို့ သားသမီး ထိခိုက်မှု မရှိအောင် အမေဟာ သူ့ကိုယ်သူ အနစ်နာခံပြီး ဘဝလမ်းကြောင်း တစ်ခုကို ရွေးချယ်နေတာ သားသမီးတွေ မသိဘူးများ မှတ်နေသလား။ တကယ်ဆို သားသမီးတွေ သေသေကျေကျေ၊ ကျရာနေရာ ဝင်လုပ်ခွင့် ပေးရမှာ။ ခုတော့ ဒီလိုလုပ်ရင် သားတို့ ထိခိုက်နာကျင်မှာ စိုးပြန်ရော။ ဟိုလို လုပ်ပြန်ရင် သမီးတို့ ထိခိုက်နာကျင်မှာ စိုးပြန်ရော။ ဒီလိုနဲ့ အမေပဲ နာကျင်ခဲ့ရတာ သားသမီးတို့ မသိဘူး မှတ်နေသလား။ဒီလိုနဲ့ ကျွန်တော် အသက် ခုနစ်နှစ်လောက် အရောက်မှာ အမေ့ရဲ့ ထူးခြားချက်ကို သတိပြုမိလာတယ်။ မောင်နှမ သုံးယောက်ထဲမှာ ကျွန်တော်က အကြီးဆုံးဆိုတော့ အမေနဲ့ ကျွန်တော်က နီးစပ်မှု ပိုများတယ်။ အိမ်တွင်း လက်တိုလက်တောင်း ခိုင်းချင်လည်း ကျွန်တော်ပဲ။ အမေ စိတ်ညစ်လို့ ညည်းသလိုလို၊ ရင်ဖွင့်သလိုလို၊ တိုင်ပင်သလိုလို ပြောချင်လည်း ကျွန်တော့်ကိုပဲ။ ကြွေးရှင်တွေဆီသွား၊ အဖေမသိအောင် ပိုက်ဆံချေးပေးရတာလည်း ကျွန်တော်ပဲ။ ဒီတော့ အမေ့အပြုအမူ အားလုံးနီးပါး ကျွန်တော် သိနေခဲ့တယ်။အမေက ညနေစာ ထမင်းစားရင် ဘယ်တော့မှ အတူမစားဘူး။ အရင်ဆုံး ကျွန်တော်တို့ မောင်နှမ သုံးယောက်ကို ထမင်းဟင်းပုံပေးပြီး ကျွေးတယ်။ အငယ်ဆုံး ညီမကို ခွံကျွေးတယ်။ အဖေက ခုနစ်နာရီလောက် ပြန်ရောက်တယ်။ ဒါဆို အမေက အဖေ့ကို သပ်သပ်ရပ်ရပ် ထမင်းဟင်း ခူးကျွေးတယ်။ “မတင်ကြည် နင်လည်း ဝင်စားလေ” “မစားသေးပါဘူးတော်။ မဆာသေးပါဘူး။ ရှင်ပဲစားပါ။ ဝမ်းချင်းဆုံတာ မှတ်လို့” ဒီလိုငြင်းလာတာ ကျွန်တော် အမေ့ကို သတိပြုမိချိန်က စလို့ပေါ့။ဒီနေ့တော့ အမေ အိမ်ပြန်နောက်ကျတယ်။ အဖေလည်း ပြန်မရောက်သေးဘူး။ သားသမီးတွေက လမ်းမကို လည်တဆန့်ဆန့်နဲ့။ လူသံကြားတိုင်း လိုက်ကြည့်ရတာ အမော။ ဟော..အမေပြန်လာပြီ။ လက်ထဲမှာ ကြွပ်ကြွပ်အိတ် နှစ်လုံး၊ တစ်လုံးက ဆန်၊ တစ်လုံးက ကန်စွန်းရွက်နဲ့ ချဉ်ပေါင်ရွက်တွေ။ အချိန်က ညရှစ်နာရီ သတင်းကြေညာနေချိန်။ အူလိမ်နေပြီ။ အငယ်ဆုံး ညီမက ရှုံ့မဲ့ရှုံ့မဲ့ ဖြစ်နေပြီ။ ဒါပေမဲ့ အမေပြန်လာမှ ချက်ပြုတ်ပြီးမှ ထမင်းစားရမှာ။ အမေ့ကို တွေ့ရဖို့ထက် ထမင်းစားရခါနီးပြီဆိုတဲ့ အသိက ကျွန်တော်တို့ မောင်နှမ သုံးယောက်ကို ဝမ်းသာနိုးကြား စေပါတယ်။ အမေက ကျွန်တော်တို့ မောင်နှမ လေးယောက် ကုပ်ကုပ်လေး ထိုင်နေတာကို တစ်ချက်လှမ်းကြည့်ပြီး အိမ်နံဘေးက မီးဖိုနားကို တန်းသွားပါတယ်။ ညကိုးနာရီ ထိုးပြီးပြီ။ အမေက ထမင်းစားကြမယ်ဆိုပြီး တပ်လှန့်သံ ပေးတယ်။ ဗိုက်ဆာလို့ ငြိမ်ကုပ်နေတာကနေ ချက်ချင်း လှုပ်ရွလာတယ်။ ကျွန်တော်က ပန်းကန်ပြားလေးချပ်ကို ကမန်းကတမ်း ယူလိုက်တယ်။“ဟဲ့ဖိုးတူး ငါ့အတွက် မခူးနဲ့၊ ငါ မစားသေးဘူး၊ နင်တို့ဘာသာ ခူးစား၊ ရော့ ဟင်း” ဒယ်အိုးထဲက ဟင်းကိုခူးပြီး ကျွန်တော်ကို လှမ်းပေးတယ်။ ကန်စွန်းရွက်နဲ့ ချဉ်ပေါင်ရွက် ရောကြော်ထားတဲ့ ဟင်းငွေ့တွေက ကျွန်တော်တို့ အစာအိမ်ကို သွေးဆောင်နေတယ်။အချိန်လွန်မှ စားရလို့ ဗိုက်ထဲက ပိုးပေါင်း တစ်သန်းလောက်က ဝင်လာတဲ့ အစာတွေကို အားပါးတရ လုယက် စားသောက်ကြပါရော။ စားလို့ ကောင်းလိုက်တာ မပြောနဲ့။ ဒန်ပေါက်တွေ၊ ခေါက်ဆွဲကြော်တွေ။ လာမပြောနဲ့။ ခုစားနေရတာမှာ နတ်သုဒ္ဓါ စစ်စစ်။“ကိုကြီး ထမင်း” ထပ်ခါတလဲလဲ ထမင်းတောင်းနေတဲ့ ညီ၊ ညီမတွေရဲ့အသံကလည်း တက်ကြွနေတယ်။ ဆန်နှစ်လုံးတည်း ချက်ထားတဲ့ ထမင်းက တဖြည်းဖြည်း လျော့လာတာ။ နောက်ဆုံး လက်တစ်ဆုပ်စာပဲ ကျန်တော့တယ်။ အဖေ့ တစ်ယောက်စာတောင် လောက်ပါ့မလား။ အမေကတော့ ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမှာ။ ထမင်းစားပြီးကြလို့ ညီ၊ ညီမနှစ်ယောက် အိပ်ပျော်သွားကြပြီ။ ကျွန်တော်က စာဖတ်နေတယ်။ မေမေက မနက်ရောင်းရမယ့် တညင်းသီးအခွံ နွာနေချိန် ဖေဖေ ပြန်လာတယ်။ ဖေဖေက မေမေနဲ့ မနီးမဝေးမှ ထိုင်တယ်။ “ဗိုက်ဆာလာပြီကွာ၊ တစ်နေကုန် လက်ဖက်ရည်လေး မသောက်ခဲ့ရဘူး ပိုက်ဆံလည်း အစိတ်ပဲ ရခဲ့တယ်။ ရော့ မင်း နှစ်ဆယ်ယူ” အဖေက ပိုက်ဆံနှစ်ဆယ်ကို အမေ့ဘေးနားမှာ လာချပေးတယ်။“ကဲ-ထမင်းခူးကွာ၊ စားကြရအောင်”အမေလည်း ထမင်းပန်ကန်၊ ဟင်းပန်ကန်တွေကို ဖေဖေ့ရှေ့နားမှာ လာချပေးတယ်။ ဖေဖေက ထမင်းပန်းကန်ထဲ လက်ထည့်ရင်း “မတင်ကြည်၊ မင်းပါ တစ်ခါတည်း ဝင်စားတော့လေ” ကျွန်တော် မေမေ့ကို လှမ်းကြည့်လိုက်တယ်။ မေမေ ထမင်းမှ မစားရသေးတာ။ ခုမှ သတိရတယ်။ “ရှင်စားမှာ စားစမ်းပါ၊ ကျုပ် စားပြီးပါပြီ။”ကျွန်တော် စိတ်ထဲ ထိတ်သွားတယ်။ မေမေမှ မစားရသေးပဲ။ ညာပြောနေပြန်ပြီ။“ဟုတ်ရဲ့လား မတင်ကြည်ရ၊ လုပ်မနေစမ်းပါနဲ့၊ လာပါ တစ်ခါတည်း ဝင်စား”“သြော် ရှင့်နှယ်၊ ခက်နေပါပြီ၊ ကျုပ် စားပြီးပါပြီ ဆိုမှပဲ၊ မယုံ ရှင့်သားကြီး မေးကြည့်”ကျွန်တော် အမေ့ကို လှမ်းကြည့်လိုက်တယ်။ အမေ့ရဲ့ အေးစက်စက် မျက်လုံးတွေက နှုတ်ကို ဆွံ့အသွားစေတယ်။ ကျွန်တော် ညာမပြောချင်ဘူး။ မေမေ ခုလို ကျိတ်ကျိတ် ထမင်းအငတ်ခံနေတာတွေ ဖေဖေ့ကို ပြောချင်လှပြီ။ ဒါပေမဲ့ ပြောပြလို့ ဘာထူးမှာလဲ ဖေဖေပါ တစ်ယောက်တိုး စိတ်ဆင်းရဲနေရမှာပေါ့။ဖေဖေ မေးလာရင် ဘယ်လိုဖြေရမလဲ။ အဖြေမရှိတဲ့ ကျွန်တော် နေရာက ထပြေးပြီး အဖေနဲ့ဝေးရာ မီးဖိုခန်းထဲ ဝင်ထိုင်နေလိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ခုန မေမေ ထမင်းရည် ငှဲ့ထည့်ထားတဲ့ခွက်၊ ခုတော့ ပြောင်လို့ပါလား။ အို...မေမေရယ်။ထမင်းရည်ခွက်ကို ကြည့်နေရာက မှုန်ဝါးသွားတယ်။ မကြည့်ရက်တဲ့ မျက်စိကို မျက်ရည်ကန့်လန့်ကာနဲ့ ဖုံးကွယ်ထားပေးလိုက်တယ်။ ဒါပေမဲ့ ရင်ထဲက ပဲ့တင်သံကတော့ မြည်ဟိန်းလာပါတယ်။    “မေမေ ထမင်း မစားရသေးဘူး။ မေမေ ထမင်းမစားရသေးဘူး။ မေမေ ထမင်းမစားရသေးဘူး”အဲဒီနေ့ကစပြီး အမေဘာကြောင့် ကျွန်တော်တို့နဲ့အတူ ထမင်းမစားလဲဆိုတာ ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်သွားတယ်။ တကယ်ဆို အမေဟာ မီးဖိုချောင်ကို မောင်ပိုင်စီးပြီး တစ်ယောက်တည်း အဝစားထားလို့ ရတာပဲ။ အမေ ဘာ့ကြောင့် မလုပ်တာလဲ။ကြားဖူးတာက “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆို။ ခုတော့ အမေက ကမ္ဘာ့မီးကို ရင်ဆီးပြီး ကာနေတာလား။ အမေ့ရင်ထဲက မေတ္တာရေက သားသမီးတွေကို အေးမြမှု ပေးစွမ်းနိုင်ပါစေ။ သားသမီးတွေအတွက် အမေ အသက်ရှင်နေပါဦး အမေ။

Most Read

Most Recent